ရွေးကောက်ပွဲနေ့ ဝါရှင်တန်ဒီစီမှာ လုံခြုံရေးတင်းကြပ်

ဝါရှင်တန်မြို့တော် သမ္မတအိမ်ဖြူတော်အနီးက လုံခြုံရေးဂိတ်တံခါးတခုကို ပိတ်နေတဲ့ လုံခြုံရေးဝန်ထမ်းတဦး (နိုဝင်ဘာ ၄၊ ၂၀၂၄)

သမ္မတရွေးကောက်ပွဲ ကျင်းပတဲ့နေ့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်မှာ လုံခြုံရေး အထူးတင်းကြပ်ထားပါတယ်။ ရွေးကောက်ပွဲ အကြောင်းပြ အကြမ်းဖက်မှုမျိုးတွေ ပေါ်ပေါက်မှာကို လက်ခံမှာ မဟုတ်တဲ့အကြောင်း မြို့တော်အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ကြေညာကြတာပါ။ အစဉ်အလာအားဖြင့် ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ ရုပ်မြင်သံကြားက ရလဒ်တွေ ဆက်တိုက်ကြေညာတာကို စားသောက်ဆိုင်တွေ၊ အိမ်တွေမှာ ဝိုင်းဖွဲ့ စောင့်ကြည့်တာမျိုးတွေ လုပ်လေ့ရှိပါတယ်။

ရွေးကောက်ပွဲကျင်းပတဲ့ နေ့ဟာ ဖက်ဒရယ်အစိုးရ ပိတ်ရက် မဟုတ်တဲ့အတွက် ဘဏ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ရုံးတွေ ဖွင့်ကြပါတယ်။ ကျောင်းတွေ ဖွင့်တာကတော့ တပြည်နယ်နဲ့ တပြည်နယ် သတ်မှတ်ချက် မတူကြပါဘူး။ အမရိကန်ပြည်ထောင်စုမှာ ၁၈၄၅ ခုနှစ်နောက်ပိုင်းကတည်းက လေးနှစ်တကြိမ်ကျင်းပတဲ့ ရွေးကောက်ပွဲကို နိုဝင်ဘာလ ပထမအပတ် အင်္ဂါနေ့မှာ ကျင်းပဖို့ လွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။ အရင် ၁၇၀၀ နဲ့ ၁၈၀၀ ပြည့်နှစ်တွေတုန်းက ပြည်နယ်တွေမှာ ရွေးကောက်ပွဲ တခါကျင်းပရင် ၃၄ ရက် သတ်မှတ်ပါတယ်။ ဒါပေမဲ့ ၃၄ ရက်အတွင်းမှာ အများပြည်သူရဲ့ အမြင်သဘောထားနဲ့ ရလဒ် အပြောင်းအလဲတွေ ဖြစ်နိုင်ခြေ များတာကြောင့် တရက်တည်း သတ်သတ်မှတ်မှတ် ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ပုံပြရုပ်သံများ

အမေရိကန်ရဲ့ ပထမဆုံးရွေးကောက်ပွဲ ရွေးကောက်ပွဲအတွက် ပိုအရေးပါလာတဲ့ ရွှေ့ပြောင်းအခြေချသူများ “ပုံပြရုပ်သံ” အမေရိကန်မှာ မဲပေးပုံ အသွယ်သွယ်

၁၉ ရာစုအတွင်း အမေရိကန်ပြည်သူ အများစုဟာ လယ်သမားတွေ ဖြစ်တဲ့အတွက် ကောက်ပဲသီးနှံတွေ ဈေးဖွင့် ရောင်းချလေ့ရှိတဲ့ ဗုဒ္ဓဟူးနေ့မှာ မဲပေးတာကို မလိုလားကြပါဘူး။ တနင်္ဂနွေနေ့ကိုတော့ ဘုရားကျောင်း သွားတဲ့နေ့လို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့် ကောက်ရိတ်သိမ်းပြီး၊ ဆောင်းရာသီမတိုင်ခင် နိုဝင်ဘာပထမပတ် အင်္ဂါနေ့မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ရွေးကောက်ပွဲတွေကို တနင်္ဂနွေနေ့တွေမှာ ကျင်းပလေ့ရှိပေမဲ့ အမေရိကန်ပြည်ထောင်စုမှတော့ အင်္ဂါနေ့မှာပဲ ရွေးကောက်ပွဲ ကျင်းပကြပါတယ်။