ထောက်လှမ်းရေး ဘုတ်အဖွဲ့ကိုဦးဆောင်ဖို့ Nunes ကို ထရမ့် လျာထား

ဒေါ်နယ်ထရန့် မဲဆွယ်စည်းရုံးပွဲ တခုမှာ တွေ့ရတဲ့ Devin Nunes (AP Photo/Matt Rourke)

အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က သူ့အစိုးရသစ်မှာ သမ္မတရဲ့ ထောက်လှမ်းရေး အကြံပေးဘုတ်အဖွဲ့ကို ဦးဆောင်ဖို့ သူ့ရဲ့ အနီးကပ်မဟာမိတ် Devin Nunes ကို လျာထားကြောင်း စနေနေ့က ပြောပါတယ်။  လွှတ်တော်အမတ်ဟောင်း တဦးဖြစ်တဲ့ Nunes ဟာ ထရမ့်ပိုင် Truth Social ကုမ္ပဏီရဲ့ လက်ရှိ အကြီးအကဲတာဝန် ယူထားသူ ဖြစ်ပါတယ်။

ထရမ့်ကို တလျှောက်လုံး ခုခံ ကာကွယ်လာခဲ့သူ တဦး ဖြစ်တဲ့ Nunes ဟာ ပြီးခဲ့တဲ့ ထရမ့်အစိုးရ လက်ထက်မှာတုန်းကလည်း အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။

Nunes အနေနဲ့ လာမယ့် အစိုးရသစ်မှာ သမ္မတရဲ့ ထောက်လှမ်းရေး အကြံပေးဘုတ်အဖွဲ့ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်တဲ့ တချိန်တည်းမှာ လက်ရှိ Truth Social ကုမ္ပဏီရဲ့ CEO နေရာကိုလည်း ဆက်လက် တာဝန်ယူသွားမှာ ဖြစ်တယ်လို့ ထရမ့်က သူပိုင် Truth Social လူမှုကွန်ရက် စာမျက်နှာကတဆင့် ပြောကြားခဲ့ပါတယ်။

SEE ALSO: တိုင်းမ်းမဂ္ဂဇင်းရဲ့ တနှစ်တာ အထူးခြားဆုံးလူ Donald Trump ကို ရွေးချယ်


၂၀၁၆ ခုနှစ်က ဒီမိုကရက် သမ္မတလောင်း Hillary Clinton ကို ထရမ့် အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲမှာ ရုရှားရဲ့ စွက်ဖက်မှုတွေ ရှိ မရှိ စုံစမ်း စစ်ဆေးမှုတွေအတွင်း ဖက်ဒရယ်အစိုးရ စုံစမ်းစစ်ဆေးရေးဗျူရို FBI က ထရမ့်ကို လုပ်ကြံခဲ့တယ်ဆိုပြီး FBI ကို Nunes က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးပါတယ်။

အဲ့ဒီအချိန်က သူဟာ အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့အချိန် ဖြစ်ပါတယ်။

ဒီလို တာဝန်ယူခဲ့တဲ့ Nunes အနေနဲ့ သူ့ရဲ့ အတွေ့အကြုံတွေ၊ ရုရှားရဲ့ လှည့်ကွက် လုပ်ရပ်တွေကို ဖော်ထုတ်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာတွေ ကနေ အမေရိကန်ထောက်လှမ်းရေး အသိုင်းအဝိုင်းရဲ့ လုပ်ငန်းတွေနဲ့ ထိရောက်မှုတွေကို လွတ်လွတ်လပ်လပ် အကဲဖြတ် အကြံပြုချက်တွေ ပေးနိုင်မှာ ဖြစ်တယ်လို့ သမ္မတ ထရမ့်က Truth လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

Your browser doesn’t support HTML5

ထောက်လှမ်းရေး ဘုတ်အဖွဲ့ကိုဦးဆောင်ဖို့ Nunes ကို ထရမ့် လျာထား