ဆီးရီးယားအရေး သူပုန်အဖွဲ့တွေနဲ့ အမေရိကန် တိုက်ရိုက် ဆက်သွယ်

ဆီးရီးယားမှာ အာဆဒ်မိသားစုရဲ့ ဆယ်စုနှစ် ၅ စုကြာ အုပ်ချုပ်မှု ဒီဇင်ဘာလ ၈ ရက်မှာ အဆုံးသတ်သွားခဲ့။ ဓာတ်ပုံ - AFP ဘာရှာအယ်လ်အာဆတ် ဖြုတ်ချခံရပြီး ပထမဆုံး သောကြာဝတ်ပြုပွဲ မတိုင်မီ ဒမတ်စကတ်မြို့ဟောင်း Umayyad ဗလီ ရှေ့မှာ သူပုန်တဦးကိုင်ဆောင်ထားတဲ့ ရိုင်ဖယ်သေနတ်ရဲ့ထိပ်က နှင်းဆီတပွင့်။

ဆီးရီးယားသမ္မတ Bashar al-Assad ကို ဦးဆောင် ဖြုတ်ချခဲ့တဲ့ HTS သူပုန်အဖွဲ့တွေနဲ့ အမေရိကန်အစိုးရ အရာရှိတွေ တိုက်ရိုက် ဆက်သွယ် စကားပြောဆို နေတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က စနေနေ့က ပြောဆိုလိုက်ပါတယ်။

HTS လို့ အတိုကောက်ခေါ်တဲ့ Hayat Tahrir al-Sham အဖွဲ့ဟာ အမေရိကန်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့ပါ။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရုရှားနိုင်ငံထဲ ထွက်ပြေး ခိုလုံခဲ့ရတဲ့ ဆီးရီးယား သမ္မတ အာဆဒ် ကို ဖြုတ်ချရာမှာပါဝင်တဲ့ အတိုက်အခံ လက်နက်ကိုင် အဖွဲ့တွေကို ဒီအဖွဲ့က ဦးဆောင်ခဲ့တာပါ။ အခု ဒီအဖွဲ့နဲ့ သမ္မတ ဘိုင်ဒန်အစိုးရ တာဝန်ရှိသူတွေ တိုက်ရိုက် ဆက်သွယ် စကား ပြောတာတွေ ရှိနေတယ်ဆိုတာကို ဝန်ကြီး ဘလင်ကန်က ပထမဆုံး ထုတ်ဖော်ပြောဆိုတဲ့ အမေရိကန် ထိပ်တန်း အရာရှိ ဖြစ်ပါတယ်။ ဆီးရီးယားအရေးနဲ့ ပတ်သက်ပြီး နိုင်ငံစုံက တာဝန်ရှိသူတွေ ဆွေးနွေးနေကြတဲ့ ဂျော်ဒန်နိုင်ငံက သတင်းစာရှင်းလင်းပွဲ တခုမှာ ပြောသွားတာလည်း ဖြစ်ပါတယ်။

SEE ALSO: ဆီးရီးယား ရှေ့ရေး နှင့် ရိုက်ခတ်နိုင်ခြေ

အာဆဒ်အစိုးရ ပြုတ်ကျပြီးနောက်ပိုင်း ဆီးရီးယားမှာ ငြိမ်းချမ်းတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုတွေ ဖြစ်လာဖို့၊ ဂိုဏ်းဂဏစွဲ ကင်းပြီး အားလုံ စုစည်းပါဝင်တဲ့ အစိုးရသစ် ဖွဲ့စည်းနိုင်ဖို့အတွက် လိုအပ်တဲ့ လမ်းညွှန်မှုတွေနဲ့ အခြေခံမူတွေ ချမှတ်နိုင်အောင် အမေရိကန်၊ ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂ အကြီးတန်း အရာရှိတွေ၊ တူရကီနဲ့ အာရပ်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့အတူ ဂျော်ဒန်နိုင်ငံက ဆွေးနွေးပွဲကို ဝန်ကြီးဘလင်ကန် တက်ရောက်နေတာ ဖြစ်ပါတယ်။

ဆီးရီးယား သူပုန်တွေနဲ့ တိုက်ရိုက်ဆက်သွယ် ပြောဆိုတဲ့ အကြောင်းအရာ အသေးစိတ်ကိုတော့ ဝန်ကြီးဘလင်ကန်က မပြောပါဘူး။ ဒါပေမဲ့ အသွင်ကူးပြောင်းရေး ကာလမှာ ဒီအဖွဲ့အနေနဲ့ ဘာတွေ လုပ်သင့်တယ်၊ ဘယ်လို စီမံအုပ်ချုပ်မယ် ဆိုတာတွေနဲ့ပတ်သက်လို့ အမေရိကန်ဘက်က သတင်းစကားပါးဖို့ အရေးကြီးပါတယ်လို့ ဝန်ကြီးဘလင်ကန်က ပြောပါတယ်။ ဆီးရီးယား ပြည်သူတွေရဲ့ အသွင်ကူးပြောင်းရေး ဆောင်ရွက်ချက်တွေ အောင်မြင်စေချင်သလို၊ အမေရိကန်အနေနဲ့ လိုအပ်တဲ့ အကူအညီတွေ ပေးသွားဖို့ ပြင်ဆင်ထားတယ် ဆိုတာကိုလည်း စကား ပါးလိုတာ ဖြစ်ပါတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ပြောဆိုခဲ့ပါတယ်။

Your browser doesn’t support HTML5

ဆီးရီးယားအရေး သူပုန်အဖွဲ့တွေနဲ့ အမေရိကန် တိုက်ရိုက် ဆက်သွယ်