ဗီယက်နမ် အင်တာနက်ထိန်းချုပ်ရေး ဥပဒေသစ် စတင်

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ မော်တော်ဆိုင်ကယ်ပေါ်ထိုင်ရင်း စမတ်ဖုန်းသုံးနေကြသူများကို တွေ့ရစဉ် (ဒီဇင်ဘာ ၂၃၊ ၂၀၂၄)

ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဗီယက်နမ်နိုင်ငံရဲ့ အင်တာနက်စည်းမျဉ်းသစ်တွေ စတင်အသက်ဝင်လာပြီး ဖေ့ဘုတ် (Facebook) နဲ့ တစ်တော့ (TikTok) အသုံးပြုသူတွေ သူတို့ရဲ့ မှတ်ပုံတင်တွေနဲ့ အတည်ပြုသုံးစွဲရတော့မှာဖြစ်ပါတယ်။ ဒီအချက်အလက်တွေကို အာဏာပိုင်တွေမှာရှိနေမှာဖြစ်ပြီး ဒါဟာ အရှေ့တောင်အာရှမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို တိုက်ခိုက်မှုအသစ်တခုပဲဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောဆိုနေကြပါတယ်။

"ဥပဒေအမှတ် ၁၄၇" အရ ဗီယက်နမ်မှာ လုပ်ငန်းလုပ်ကိုင်နေတဲ့ နည်းပညာကုမ္ပဏီကြီးတွေအားလုံးဟာ အသုံးပြုသူတွေရဲ့ အကောင့်တွေကို ဖုန်းနံပါတ် သို့မဟုတ် ဗီယက်နမ် မှတ်ပုံတင်နံပါတ်တွေနဲ့ စိစစ်အတည်ပြုရမယ်။ အသုံးပြုသူတွေရဲ့ အမည်အပြည့်အစုံနဲ့ မွေးသက္ကရာဇ်တွေကိုလည်း သိမ်းဆည်းထားရမှာ ဖြစ်ပါတယ်။

အစိုးရက တောင်းဆိုလာရင် အဲဒီအချက်အလက်တွေကို ထုတ်ပေးရမှာဖြစ်ပြီး၊ အစိုးရက "တရားမဝင်"လို့ သတ်မှတ်တဲ့ အကြောင်းအရာတွေကိုလည်း ၂၄ နာရီအတွင်း ဖယ်ရှားပေးရမှာ ဖြစ်ပါတယ်။

VNExpress နိုင်ငံပိုင်မီဒီယာရဲ့ ဖော်ပြချက်အရ "ဗီယက်နမ်က ပုံမှန်ဝင်ရောက်ကြည့်ရှုသူ အရေအတွက်စုစုပေါင်း" နဲ့ လစဉ်ပုံမှန်အသုံးပြုသူအရေအတွက်ကို အာဏာပိုင်တွေထံ တင်ပြဖို့ လူမှုကွန်ရက်ဆိုက်အားလုံးကို ရက် ၉၀ အချိန်ပေးထားတယ်လို့ ဆိုပါတယ်။

Facebook အကောင့်မှာ follower (ပရိတ်သတ်) ၂၈,၀၀၀ ရှိပြီး နိုင်ငံရေးနဲ့ လူမှုရေးကိစ္စရပ်တွေ ရေးသားနေတဲ့ တက်ကြွလှုပ်ရှားသူ Dang Thi Hue က "ဥပဒေအမှတ် ၁၄၇ ကို သဘောထားကွဲလွဲသူတွေကို ဖိနှိပ်ဖို့ အသုံးပြုမှာ" လို့ ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်း Le Anh Hung ကတော့ "အခြေခံလွတ်လပ်ခွင့်တွေကို ထပ်မံချိုးဖောက်တဲ့ လက္ခဏာတစ်ခုပဲ။ ဘာက တရားဝင်လဲ၊ ဘာက တရားမဝင်လဲဆိုတာ မရှင်းလင်းဘူး" လို့ ပြောပါတယ်။ "ဘယ်သူမှ ထောင်ထဲမသွားချင်ဘူးလေ။ ဒီတော့ တက်ကြွလှုပ်ရှားသူတွေက ဒီဥပဒေကို ပိုပြီး သတိထားလာကြမယ်၊ ကြောက်လာကြမယ်" လို့ သူက ဆက်ပြောပါတယ်။

ဗီယက်နမ်အစိုးရဟာ ပုံမှန်အားဖြင့် သဘောထားကွဲလွဲမှုတွေကို ခပ်မြန်မြန် နှိမ်နင်းလေ့ရှိပြီး၊ အထူးသဖြင့် လူမှုကွန်ရက်ပေါ်မှာ ပရိသတ်ရှိနေတဲ့ ဝေဖန်သူတွေကို ဖမ်းဆီးလေ့ရှိပါတယ်။

ဘလော်ဂါ Duong Van Thai ဟာ YouTube မှာ follower (ပရိတ်သတ်) ၁၂၀,၀၀၀ နီးပါးရှိပြီး အစိုးရကို ဝေဖန်တဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေ မကြာခဏ လုပ်လေ့ရှိသူဖြစ်ပါတယ်။ သူ့ကို နိုင်ငံတော်ဆန့်ကျင်ရေး သတင်းအချက်အလက်တွေ ထုတ်ဝေမှုနဲ့

အောက်တိုဘာလက ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ပါတယ်။

ဥပဒေအမှတ် ၁၄၇ ဟာ ၂၀၁၈ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို အခြေခံထားတာဖြစ်ပါတယ်။ အဲဒီဥပဒေကို အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အင်တာနက်လွတ်လပ်ခွင့် ထောက်ခံသူတွေက ပြင်းထန်စွာ ဝေဖန်ခဲ့ကြပြီး တရုတ်နိုင်ငံရဲ့ အင်တာနက်ဆင်ဆာစနစ်ကို အတုယူထားတယ်လို့ ဆိုပါတယ်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်က ဂိမ်းဆိုင်တခုမှာ ကွန်ပြူတာဂိမ်းကစားနေသူများ (ဒီဇင်ဘာ ၂၃၊ ၂၀၂၄)

'ဆက်ကစားနေရုံပဲ'

ဒီဥပဒေအရ အတည်ပြုထားတဲ့အကောင့်တွေကပဲ တိုက်ရိုက်ထုတ်လွှင့်ခွင့်ရမှာဖြစ်ပြီး၊ TikTok လို ဆိုက်တွေပေါ်မှာ ပစ္စည်းရောင်းဝယ်ရေးနဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူတွေကို ထိခိုက်စေမှာ ဖြစ်ပါတယ်။

လူမှုကွန်ရက်ကုမ္ပဏီတွေအပြင် အွန်လိုင်းဂိမ်းကစားခြင်းကိုလည်း ထိန်းချုပ်ထားပါတယ်။ အသက် ၁၈ နှစ်အောက် လူငယ်တွေအတွက် စွဲလမ်းမှုမဖြစ်စေဖို့ ကန့်သတ်ချက်တွေ ချမှတ်ထားပါတယ်။

တစ်ကြိမ်ကစားရင် တစ်နာရီထက်မပိုရဘဲ၊ တစ်ရက်လုံး စုစုပေါင်း မိနစ် ၁၈၀ ပဲ ကစားခွင့်ရှိအောင် ဂိမ်းထုတ်လုပ်သူတွေက ထိန်းချုပ်ရမှာ ဖြစ်ပါတယ်။

Newzoo သုတေသနအဖွဲ့အရ လူဦးရေ သန်း ၁၀၀ ရှိတဲ့ ဗီယက်နမ်မှာ လူဦးရေရဲ့ ထက်ဝက်ကျော်က ပုံမှန်ဂိမ်းကစားသူတွေ ဖြစ်ပါတယ်။

လူမှုကွန်ရက်တွေမှာလည်း Facebook သုံးစွဲသူ ၆၅ သန်း၊ YouTube သုံးစွဲသူ သန်း ၆၀ နဲ့ TikTok သုံးစွဲသူ သန်း ၂၀ ရှိတယ်လို့ သတင်းအချက်အလက်နဲ့ဆက်သွယ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။

ဒီဥပဒေအသက်မဝင်ခင် မြို့တော် ဟနွိုင်းက အွန်လိုင်းဂိမ်းဆိုင်လေးတစ်ဆိုင်မှာတော့ လူငယ် ဒါဇင်ဝက်လောက် ကွန်ပျူတာမျက်နှာပြင်တွေရှေ့ မျက်စိမခွာဖြစ်နေကြပါတယ်။

"ဂိမ်းကစားချိန် ကန့်သတ်တယ်ဆိုတာ ဘာမှမသိဘူး" လို့ ကျောင်းပျက်ပြီး လာကစားတဲ့ အသက် ၁၅ နှစ်အရွယ် ကောင်လေးတစ်ယောက်က ပြောပါတယ်။ "ကစားနေရုံပဲ၊ မြင်တဲ့အတိုင်းပဲ အဆင်ပြေနေတယ်" လို့ သူက ဆိုပါတယ်။

"ဂိမ်းဆိုင်ဝင်တာပဲဖြစ်ဖြစ်၊ အွန်လိုင်းဂိမ်းအကောင့်ပဲဖြစ်ဖြစ် မှတ်ပုံတင်ကဒ်တို့၊ ကျောင်းသားကဒ်တို့ တစ်ခါမှ ပြစရာမလိုဘူး။ ဒီဥပဒေက ဘယ်လိုအလုပ်လုပ်မလဲ မသိဘူး။ စောင့်ကြည့်ရမှာပေါ့" လို့ သူက ပြောပါတယ်။

တစ်နာရီကို ဒေါ်လာပြား ၃၀ လောက်ယူတဲ့ ဂိမ်းဆိုင်ပိုင်ရှင်ကလည်း ဂရုမစိုက်သလိုပါပဲ။

"ဒီဥပဒေက ဘာအကြောင်းလဲ ကျွန်တော် မသိဘူး။ အလုပ်ဖြစ်မဖြစ်လည်း မသိဘူး" လို့ သူက ပြောပါတယ်။

"ကျွန်တော့်လုပ်ငန်းက ပုံမှန်အတိုင်းပဲ။ သူတို့ပိုက်ဆံပေးတယ်၊ ကျွန်တော်တို့က ဂိမ်းကစားဖို့ ကွန်ပျူတာသုံးခွင့်ပေးတယ်။ ရှင်းရှင်းလေးပဲလေ။"