တရုတ်-အာဆီယံ ပူးပေါင်းမှု မလေးရှား မြှင့်တင်မည်

တရုတ်သမ္မတ ရှီကျင့်ဖျင် နှင့် မလေးရှားဝန်ကြီးချုပ် အန်နဝါအီဗရာဟင် တို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၇ ရက်တုန်းက ဘေဂျင်းမြို့တော်မှာ တွေ့ဆုံစဥ်။ ဓာတ်ပုံ China Daily Via REUTERS

လာမယ့် ၂၀၂၅ ဇန်နဝါရီ ၁ ရက်ကစပြီး အာဆီယံ အဖွဲ့ကြီးရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူတော့မယ့် မလေးရှားအနေနဲ့ တရုတ်- အာဆီယံ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်မယ်လို့ သူယုံကြည်ကြောင်း မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က ပြောပါတယ်။

ဝန်ကြီးချုပ် Ibrahim က မလေးရှားအနေနဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရ ချိန်မှာ ဒေသတွင်း စည်းလုံးညီညွတ်မှု ပိုမို ထိရောက် ခိုင်မာရေးကို သူ ဦးစားပေး လုပ်ဆောင်မှာ ဖြစ်ကြောင်း ဘေဂျင်းမှာ တရုတ်ဗဟိုရုပ်သံ (CCTV) နဲ့ လူတွေ့မေးမြန်းခန်းမှာ ပြောကြားခဲ့တာပါ။

အာဆီယံအဖွဲ့ အနေနဲ့ နိုင်ငံတွေကြား ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ နိုင်ငံရေး တည်ငြိမ်စေဖို့ အပါအဝင် မရေမရာ ဖြစ်နေတဲ့ စိန်ခေါ်မှုကြီးမားတဲ့ ကိစ္စရပ်မျိုး တွေကိုပါ ရင်ဆိုင်ဖြေရှင်းဖို့ ဦးစားပေး ဆောင်ရွက်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

SEE ALSO: စစ်ကောင်စီနဲ့ ဆက်ဆံရေးအပေါ် မလေးရှားဝန်ကြီးချုပ် သဘောထား အာဆီယံအမတ်တွေစိုးရိမ်

အောက်တိုဘာလ တုန်းက လာအိုမှာ ကျင်းပတဲ့ ၂၇ ကြိမ်မြောက် တရုတ်- အာဆီယံ ထိပ်သီး အစည်းဝေးမှာ တရုတ်- အာဆီယံကြား လွတ်လပ်တဲ့ ကုန်သွယ်ရေး FTA ပုံစံ ၃ အတွက် တရုတ်နဲ့ အာဆီယံခေါင်းဆောင်တွေ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

ဒီကုန်သွယ်မှုဟာ ကမ္ဘာမှာ လူဦးရေအများဆုံး နေထိုင်တဲ့ ဒေသတခု အတွက် ဖွံ့ဖြိုးရေးမှာ အဓိကကဏ္ဍမှာ ရှိလာဖို့လည်း မျှော်လင့်ထားတာ ဖြစ်ပြီး ဝန်ကြီးချုပ် Ibrahim ကတော့ တရုတ်နဲ့ အာဆီယံ နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ ဒီကုန်သွယ်မှု အရှိန်မြင့်လာစေဖို့ လုပ်ဆောင်မှာ ဖြစ်ကြောင်း ပြောပါတယ်။