အမေရိကန်ကိုသွားချင်တဲ့ မြန်မာဒုက္ခသည်တွေ သတိပြုရမယ့်ကိစ္စ

မလေးရှားရောက် မြန်မာနိုင်ငံသားများ (Photo: Myanmar Migrant Workers Committe- MMWC Malaysia)

ဒုက္ခသည်ခေါ်ယူရေး အစီအစဉ်တွေကို အမေရိကန်က ဆိုင်းငံ့ထားတဲ့အတွက် အရဲစွန့်ပြီး ထွက်ခွာဖို့ကြိုးပမ်းတာတွေကို မလုပ်ကြဖို့ မလေးရှားမှာရှိတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီက ဗုဒ္ဓဟူးနေ့မှာ သတိပေးလိုက်ပါတယ်။ ဒီအတောအတွင်း ဒုက္ခသည်တွေကို အမေရိကန်ရောက်အောင် ပို့ပေးမယ်ဆိုပြီး လိမ်လည်နေသူတွေကိုလည်း သတိထားကြဖို့ မြန်မာအဖွဲ့အစည်းတွေက သတိပေးနေပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ သတင်းကို ကိုစံကျော် တင်ဆက်ထားပါတယ်။


အမေရိကန်ကို ဒုက္ခသည်အနေနဲ့ အရဲစွန့်ပြီး ထွက်ခွာတာမျိုးတွေကို မလုပ်ကြဖို့ မလေးရှား ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ သတိပေးစာကို ကိုးကားပြီး မြန်မာအရပ်ဘက်အဖွဲ့တွေက ထပ်မံသတိပေးလိုက်ပါတယ်။ အကြောင်းကတော့ အမေရိကန်က ဒုက္ခသည်အစီအစဉ်(USRAP)ကို ဆိုင်းငံ့ထားတဲ့အချိန်မှာ ဘယ်နည်းနဲ့မှ ထွက်လို့ရမှာ မဟုတ်ကြောင်းလည်း ကုလအဖွဲ့အစည်းတွေက သတိပေးထားတယ်လို့ ပြောပါတယ်။

နိုင်ငံခြားထွက်ဖို့ ကူညီပေးနိုင်တယ်ဆိုတဲ့ ကမ်းလှမ်းမှုဟာ အလိမ်အညာဖြစ်ကြောင်း ကုလဒုက္ခသည်အေဂျင်စီ (UNHCR)ရဲ့ သတိပေးစာကို ကိုးကားပြီး မြန်မာအဖွဲ့အစည်းတွေက ပြောနေတာပါ။ မလေးရှား မြန်မာအလုပ်သမားများအဖွဲ့ (MWO)ရဲ့ ဥက္ကဋ္ဌ ဦးအေးလှိုင်က အခုလိုပြောပါတယ်။

"ဒုက္ခသည်အုပ်စု အဲလိုပဲ ပြောရမှာပေါ့နော်။ ဒုက္ခသည် အုပ်စုကြားထဲမှာ ရှိတယ်၊ နောက် ပတ်စ်ပို့ကိုင်ထားတဲ့ တချို့တလေထဲမှာလည်း ရှိတတ်ပါတယ်။ ကျနော်တို့ ကြားနေရတာရှိတယ် scammer ဆန်ဆန်ပေါ့ အဲလို လိမ်တဲ့သူတွေက ပုံစံမျိုးစုံနဲ့ လိမ်တာပေါ့နော်။ အဲဒါ လူတယောက်ကို ဘယ်လောက်ပေးရင် ဘယ်နှလအတွင်း USA ကို သွားရမယ်၊ မက်လုံးတွေ ပေးပြီးတော့။ တကယ်ခံလိုက်ရတဲ့ သူတွေလည်း ရှိတယ်လို့ ကျနော် သိထားပါတယ်ဗျ။"

မလေးရှားနိုင်ငံ၊ ကွာလမ်လာပူမြို့က တရားမဝင် အထောက်အထားမဲ့ အလုပ်သမားတွေကို အော်ပရာစီ စစ်ဆင်ရေးလုပ်ပြီး ဝင်ရောက်စီးနင်းဖမ်းဆီးစဥ်အတွင်း ဖမ်းဆီးခံရတဲ့ ရွှေ့ပြောင်းအလုပ်သမားတချို့ (Photo: Malaysia Immigration FB)

မလေးရှာကို ရောက်နေတဲ့ မြန်မာတွေအနေနဲ့ တတိယနိုင်ငံတွေကို ထွက်ခွာဖို့သေချာပြီဆိုတဲ့ မျှော်လင့်ချက်နဲ့ အလုပ်ကထွက်တာ၊ ပိုင်ဆိုင်မှုတွေကို ရောင်းချတာ၊ သားသမီးကို ကျောင်းထုတ်တာ .. ဒါတွေကို မလုပ်ကြဖို့ကိုလည်း မြန်မာအဖွဲ့အစည်းတွေက တိုက်တွန်းထားပါတယ်။ မလေးရှားအစိုးရကလည်း သူ့နိုင်ငံထဲမှာ တရားမဝင်နေထိုင်သူတွေရဲ့ အခြေအနေကို စောင့်ကြည့်နေကြောင်း ဦးအေးလှိုင်က ပြောပါတယ်။

"ပွင့်ပွင့်လင်းလင်းပြောရရင် အခုအချိန်မှာ မလေးရှားအစိုးရကလည်း နေရာတိုင်းနီးပါးမှာ အဖမ်းအဆီးတွေ လုပ်နေတဲ့အချိန် ဖြစ်တယ်။ တချို့တချို့သောသူတွေက ရောက်တဲ့နေရာမှာ ပတ်ဝန်းကျင်က အမြင်မကြည်လင်အောင် မူးပြီး သောက်စား၊ ရမ်းကားနေတာမျိုးတွေ၊ ပတ်ဝန်းကျင်ကို မျက်စိစပါးမွေးစူးအောင် အနှောက်အယှက်ဖြစ်အောင် နေတာမျိုးတွေကျ အဆင်မပြေဘူးပေါ့။ နဂိုကတည်းကမှ အဖမ်းအဆီးလည်း တအားများတယ်၊ တိုင်ရင်လည်း ချက်ချင်းလာဖမ်းတယ်ဆိုတော့ ကိုယ့်ဘက်က ဆင်ခြင်သင့်တာပေါ့။ အထောက်အထားမဲ့ အများစုက ဒုက္ခသည်ခိုလှုံခွင့် လျှောက်ကြတာရှိပေမဲ့ မရသေးတဲ့သူတွေလည်း အများကြီးပါ။"

ထိုင်းနိုင်ငံ အုန်းဖြန် ဒုက္ခသည်စခန်းမှာ ဆယ်စုနှစ်တခုကျော်ကြာ နေထိုင်ခဲ့သူတချို့ အမေရိကန်ကို ထွက်ခွာမယ့်စဲစဲ အမေရိကန်ရဲ့ ဒုက္ခသည်အစီအစဉ် ရပ်ဆိုင်းသွားတာကြောင့် မဲဆောက်မြို့ကနေ လှည့်ပြန်ခဲ့ရပါတယ်။ အမေရိကန်နိုင်ငံကို တရားမဝင် ရောက်လာသူတွေကိုလည်း အမေရိကန် လူဝင်မှုကြီးကြပ်ရေးက ဆက်တိုက် ဖမ်းဆီးနေပါတယ်။ သူတို့ကို နေရပ်ပြန်မပို့ခင် ကျူးဘားနိုင်ငံက ဂွာတာနာမို အကျဉ်းထောင်မှာ ယာယီ ထိန်းသိမ်းထားမယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က ပြောခဲ့တာပါ။

USAID ရဲ့ ယာယီအကြီးအကဲအဖြစ် တာဝန်ပေးအပ်ခြင်းခံရတဲ့ နိုင်ငံခြားရေးဝန်ကြီး Marco Rubio ကတော့ အခုလို နိုင်ငံရပ်ခြားအကူအညီတွေ ဆိုင်းငံ့ထားရတာဟာ အမေရိကန်ရဲ့ နိုင်ငံရပ်ခြားအကူအညီတွေ အမှန်တကယ် လိုအပ်နေသူတွေထံ အမှန်တကယ် ရောက်/ မရောက် ပြန်စိစစ်ဖို့ လိုအပ်တာကြောင့်ဖြစ်ပြီး၊ အမေရိကန်ရဲ့ အကူအညီတွေဟာ အမေရိကန်အကျိုးစီးပွါးကို ဗဟိုပြုရမယ်လို့ ပြောထားပါတယ်။

မလေးရှားကို ရောက်လာပြီး ကုလသမဂ္ဂရဲ့ ဒုက္ခသည်အစီအစဉ်ကို လျှောက်ထားဖို့ ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံသား ၁၀၀,၀၀၀ လောက်ရှိတယ်လို့ မြန်မာအဖွဲ့အစည်းတချို့က ဗွီအိုအေကို ပြောပါတယ်။ ၂၀၂၄ ခုနှစ်ထဲမှာ ချင်းနဲ့ ရခိုင်က ဒုက္ခသည်တွေ ထပ်မံ ဝင်ရောက်လာပြီး စုစုပေါင်း ၈၀,၀၀၀ (ရှစ်သောင်း) လောက်ရှိမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

Your browser doesn’t support HTML5

အမေရိကန်ကိုသွားချင်တဲ့ မြန်မာဒုက္ခသည်တွေ သတိပြုရမယ့် ကိစ္စ