အာဆီယံကိုယ်စားလှယ်အဖွဲ့ သက်ဆိုင်သူအားလုံးနဲ့တွေ့ဖို့ ဖိအားပေးခံရ

ဂျကာတာ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ တွေ့ခဲ့ရတဲ့ စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ အာဆီယံနိုင်ငံခေါင်းဆောင်များ

(Zawgyi/Unicode)
မြန်မာ့အရေး ကြားဝင်ဖြေရှင်းဖို့ ရည်ရွယ်ပြီး မြန်မာနိုင်ငံကို သွားရောက်နေတဲ့ အာဆီယံ ကိုယ်စားလှယ်တွေ အနေနဲ့ သက်ဆိုင်သူတွေ အားလုံးနဲ့ တွေ့ဆုံဖို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ အထူးအကြံပေးကောင်စီ SAC-M နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က တိုက်တွန်းလိုက်ကြပါတယ်။ ကုလသမဂ္ဂ လုံခြံရေးကောင်စီနဲ့ အာဆီယံက တာဝန်ပေးထားတဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ ပြဿနာကို ဖြေရှင်းနိုင်အောင် သက်ဆိုင်သူတွေ အားလုံးနဲ့ တွေ့ဆုံဖို့ လိုအပ်ကြောင်း ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်တာပါ။

ဘရူနိုင်း နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Erywan Pehin Yusof နဲ့ အာဆီယံအတွင်းရေးမှုးချုပ် Lim Jock Hoi တို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ကြတဲ့ သောကြာနေ့မှာပဲ တိုက်တွန်းပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

NUG အမျိုးသားညီညွတ်ရေး အစိုးရ ပြောခွင့်ရ ဒေါက်တာဆာဆာကတော့ တွေ့ဆုံဆွေးနွေးမှုတွေမှာ သက်ဆိုင်သူတွေ ပါဝင်ဖို့လိုကြောင်း ပြောဆိုခဲ့တာပါ။

"ကျနော်တို့ရဲ့အာဆီယံ ညီအကိုတွေနဲ့ ညီအမတွေအနေနဲ့ မြန်မာ့ ပြဿနာဖြေရှင်းရာမှာ အကူညီပေးဖို့ ဆန္ဒရှိကြတာအတွက် ကျနော်တို့ ကျေးဇူးတင်ကြောင်း ထပ်ပြောပါရစေ။ ဒါပေမယ့် မြန်မာနိုင်ငံသားတွေရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဘယ်လိုဆွေးနွေးတာပဲ ဖြစ်ဖြစ် ဘာဆွေးနွေးပွဲ ကိုပဲလုပ်လုပ် မြန်မာပြည်သူတွေပါဝင်ရမှာ ဖြစ်သလို သူတို့အသံတွေကိုနားထောင်ရမှာ ဖြစ်ကြောင်း ထပ်ပြောပါရစေ။ "

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ မတည်ငြိမ်တဲ့ အခြေနေတွေကြောင့် အာဆီယံ ဆယ်နိုင်ငံ ခေါင်းဆောင်တွေ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ဧပြီလ ၂၄ ရက်နေ့က အထူးအစည်းဝေးတရပ် ခေါ်ယူခဲ့ပြီးတဲ့နောက် သီတင်း ၆ ပတ်အကြာမှာ အခုလို အာဆီယံ ကိုယ်စားလှယ် ၂ ဦး မြန်မာနိုင်ငံကို လာရောက်ကြတာ ဖြစ်ပါတယ်။

အာဆီယံ အထူးအစည်းဝေးကနေ ရခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ထဲမှာ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ သက်ဆိုင်ရာ အဖွဲ့အားလုံး ညှိနှိုင်းဆွေးနွေးမှု စတင်ဖို့၊ ညှိနှိုင်းမှုတွေ အတွက် ကြားဝင်ဆောင်ရွက်မေယ့် အထူးသံတမန် ခန့်အပ်ဖို့ နဲ့ လူသားချင်းစာနာမှု အကူညီတွေ ပေးခွင့်ပြုဖို့တို့ ပါဝင်နေပေမယ့် အခုအချိန်အထိတော့ အကောင်ထည် မဖေါ်နိုင်သေးပါဘူး။

အခု အာဆီယံကိုယ်စားလှယ် ၂ ဦးရဲ့ မြန်မာခရီးစဉ်ဟာ ဒီဘုံသဘောတူညီချက်ထဲက အချက်တချက်ဖြစ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ခန့်အပ်ဖို့အတွက် မြန်မာဘက်က အတည်ပြုချက် ရယူဖို့ ရည်ရွယ်ကြောင်း အင်ဒိုနီးရှားသံတမန်တဦးက ဒီသီတင်းပတ်အစောပိုင်းမှာပဲ ပြောကြောင်း AP သတင်းက ဆိုပါတယ်။

........................................................................

Your browser doesn’t support HTML5

အာဆီယံကိုယ်စားလှယ်အဖွဲ့ သက်ဆိုင်သူအားလုံးနဲ့တွေ့ဖို့ ဖိအားပေးခံရ



(Unicode)





