အာဖဂန်အစိုးရ အနေနဲ့ ပြည်သူတွေ အပေါ်ပိုပြီး တာဝန်ယူ၊ တာဝန်ခံမှုရှိဖို့အတွက် တွန်းအားပေးတဲ့အနေနဲ့ အာဖဂန်အတွက် အကူအညီတွေကနေ အမေရိကန်ဒေါ်လာ ၁၆၀ ဘီလီယံကျော် ဖြတ်တောက်ရတဲ့ အကြောင်း ကို အမေရိကန် အကြီးတန်း သံအရာရှိတဦးက အောက်လွှတ်တော် ကော်မတီ ကြားနာပွဲမှာ မနေ့ကြာသပတေးနေ့က ရှင်းလင်းပြောကြားခဲ့ ပါတယ်။
ပုဂ္ဂလိက ကဏ္ဍတခုချင်းတိုးတက်ဖို့ ရည်ရွယ်ပြီး အာဖဂန်အစိုးရ အနေနဲ့ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နိုင်ဖို့ အမေရိကန်က အထောက်အပံ့ပေးနေတာဖြစ်သလို အချုပ်အခြာ အာဏာနိုင်ငံတခုရဲ့ လုပ်ငန်းဆောင်တာတွေကို လည်ပတ်နိုင်စွမ်းရှိတဲ့ အစိုးရတရပ် ဖြစ်ဖို့ အကူအညီပေးခဲ့တာဖြစ်ကြောင်း ယာယီလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Alice Wells က အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ကြားနာပွဲမှာ အာဖဂန်နဲ့ပတ်သက်တဲ့ အမေရိကန်အစိုးရရဲ့ မူဝါဒကို ပြောကြားခဲ့ တာပါ။
အာဖဂန်အစိုးရအတွင်း အကျင့်ပျက်ချစားမှုတွေရှိနေသလို ပွင့်လင်းမြင်သာမှု မရှိဘူးဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အာဖဂန်ကို ရန်ပုံငွေ အကူအညီတွေ ရုပ်သိမ်းဖို့ ကြားနာပွဲမတိုင်ခင်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က ကြေညာခဲ့တာပါ။ အာဏာကို အလွဲသုံးပြီး နိုင်ငံခြားအထောက်အပံ့တွေကနေ ပြည်သူ အနာဂတ် အကျိုးစီးပွါးကို အမြတ်ထုတ်နေတဲ့ သူတွေကို ဆန့်ကျင်ကြောင်းလည်း ဝန်ကြီး Pompeo ကပြောပါတယ်။
အမေရိကန် က အာဖဂန်နစ္စတန် စွမ်းအင် စီမံကိန်းတွေမှာ ဒေါ်လာ သန်း ၁၀၀ လျာထားပြီးဖြစ်သလို နောက်ထပ် သန်း ၆၀ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားတာပါ။ အမေရိကန်က လျာထားတဲ့ စီမံကိန်းတွေကို တော့ ပြီးဆုံးတဲ့အထိလုပ်သွားမှာဖြစ်ပေမဲ့ အမေရိကန်ရဲ့ အရင်းအမြစ်တွေကို ဘယ်လို စီမံခန်ု့ခွဲနေတယ်ဆိုတာ ပွင့်ပွင့်လင်းလင်း မချပြတဲ့ အာဖဂန်အစိုးရက တဆင့်လုပ်ဆောင်သွားမှာတော့ မဟုတ်ဘူးလို့ ဝန်ကြီး Pompeo ကပြောပါတယ်။
အာဖဂန်ပြန်လည်တည်ငြိမ်ရေး အမေရိကန်ရဲ့ အထောက်အပံ့တွေကို ဘယ်လို စီမံသုံးစွဲနေတယ်ဆိုတာ သေသေချာချာလေ့လာပြီးမှ အခုလို အကူအညီ တွေကို ဖြတ်တောက်ရတာဖြစ်တယ်လို့ အမေရိကန်နိုင်ငံ တကာ ဖွံံ့ဖြိုးတိုးတက်ရေး အေဂျင်စီ က Karen Freeman က အောက်လွှတ်တော် ကော်မတီကြားနာပွဲမှာ ပြောသွားပါတယ်။
.................
(Unicode)
Your browser doesn’t support HTML5