ခမ်းပတ်လေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုအဖြစ် စုံစမ်းဖို့ AI အဖွဲ့တောင်းဆို

စစ်ကိုင်းတိုင်း တမူးခရိုင် ခမ်းပတ်မြို့နယ် ကနန်ရွာအတွင်း ဇန်နဝါရီ ၈ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားတဲ့ St. Peter Baptist ခရစ်ယာန်ဘုရားရှိခိုးကျောင်း (ဇန်နဝါရီ ၂၃၊ ၂၀၂၄)

ပြီးခဲ့တဲ့လက စစ်ကိုင်းတိုင်း တမူးခရိုင် ခမ်းပတ်မြို့နယ်မှာ ကလေးငယ်တွေ အပါအဝင် အရပ်သား ၁၇ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့ ခရစ်ယန် ဘုရားကျောင်းအပေါ် လေကြောင်းတိုက်ခိုက်မှုကို စစ်ရာဇဝတ်မှုအဖြစ် စုံစမ်းစစ်ဆေးဖို့ Amnesty International လူ့အခွင့်အရေး အဖွဲ့ကြီးက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုပါတယ်။

ဇန္နဝါရီလ ရ ရက်နေ့က ခမ်းပတ်မြို့နယ် ကနန်ရွာမှာ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၉ ဦး အပါအဝင် အနည်းဆုံး ဒေသခံ ၁၇ ဦးသေဆုံးပြီး၊ အရပ်သား ၂၀ လောက် ဒဏ်ရာရခဲ့ကြာင်း ဒေသခံတွေက ပြောဆိုခဲ့ပါတယ်။ စစ်ကောင်စီကတော့ ကနန်ရွာက ခရစ်ယာန်ဘုရားကျောင်းကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှု သတင်းဟာ သတင်းမှားဖြစ်တယ်ဆိုပြီး တုံ့ပြန်ထားပါတယ်။

မျက်မြင်သက်သေတွေကို တွေ့ဆုံမေးမြန်းချက်၊ ဗွီဒီယိုနဲ့ ဓါတ်ပုံတွေကို ပြန်လည် စမ်းစစ်ချက်အရ ကနန်ရွာ St. Peter Baptist ဘုရားကျောင်းအနီး နေရာ သုံးနေရာကို စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးတွေကြဲပြီး တိုက်ခိုက်ခဲ့တယ်လို့ Amnesty International အဖွဲ့က ပြောပါတယ်။ စစ်တပ်ဘက်က သုံးနေကျ တရုတ်နိုင်ငံလုပ် A-5 အမျိုးအစား တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တာလို့လည်း ဂြိုလ်တုဆက်သွယ်ရေး ဓါတ်ပုံ အထောက်အထားတွေကို ကိုးကားပြီး ပြောဆိုပါတယ်။

ဒီတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှု မြောက်မမြောက် စုံစမ်းပြီး နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး ICC အနေနဲ့ နိုင်ငံတကာဥပဒေနဲ့အညီ အရေးယူနိုင်အောင် တိုင်ကြားဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို Amnesty International အဖွဲ့ကြီးက တိုက်တွန်းတောင်းဆိုတာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း တမူးခရိုင် ခမ်းပတ်မြို့နယ် ကနန်ရွာအတွင်း ဇန်နဝါရီ ၈ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားတဲ့ St. Peter Baptist ခရစ်ယာန်ဘုရားရှိခိုးကျောင်း (ဇန်နဝါရီ ၂၃၊ ၂၀၂၄)

ဒီအတောအတွင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ကလည်း ကယားပြည်နယ်အတွင်းက စာသင်ကျောင်း ၂ ခုကို လေကြောင်းကတိုက်ခိုက်မှုကြောင့် ကလေး ၄ ယောက်၊ ကျောင်းဆရာ ၂ ယောက် သေဆုံးခဲ့ရတဲ့အပေါ် အပြင်းအထန် ရှုတ်ချကြောင်း မနေ့ ဖေဖော်ဝါရီ ၇ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ကလေး ၁၀၀ ကျော် ရှိနေချိန် ဖေဖော်ဝါရီ၅ ရက်၊ တနင်္လာနေ့တုန်းက လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၂ နှစ်ကနေ ၁၄ နှစ်ကြား ကလေးတွေ သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်းလည်း UNICEF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

Your browser doesn’t support HTML5

ခမ်းပတ်လေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုအဖြစ် စုံစမ်းဖို့ AI အဖွဲ့တောင်းဆို