စစ်တပ်လေကြောင်းတိုက်ခိုက်မှု စာရင်းပြုထားတဲ့ အစီရင်ခံစာ

လားရှိုးမြို့လေကြောင်းဗုံးကြဲခံရအပြီးမြင်ကွင်း (စက်တင်ဘာ ၃၀၊ ၂၀၂၄)

၂၀၂၄ ခုနှစ် မေလကနေ ဩဂုတ်လအထိ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၈၀၀ ထက်မနည်းလုပ်ခဲ့ပြီး အရပ်သားပြည်သူ ၄၅၀ ကျော်သေဆုံးခဲ့တယ်လို့ လေကြောင်းတိုက်ခိုက်မှုကို လေ့လာနေတဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ပြောကြားလိုက်ပါတယ်။ အခုလို စစ်တပ်ရဲ့ ရက်စက်တဲ့ လုပ်ရပ်တွေကို တားဆီးနိုင်အောင် ဆောင်ရွက်နေတယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

စစ်တပ်နဲ့ တိုက်ခိုက်နေတဲ့ တပ်ဖွဲ့တွေရှိတဲ့ နေရာတွေအပေါ် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေကို နေ့စဉ်၊ ရက်ဆက်လို လုပ်နေတာကြောင့် ဒေသခံတွေ သေဆုံးတဲ့ အရေအတွက်လည်း တဖြည်းဖြည်း တိုးလာနေတယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာ ၉ ရက်နေ့က အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီလေကြောင်းအသုံးပြုတိုက်ခိုက်မှုများ လေ့လာမှုအစီရင်ခံစာ (၅) ဆိုတဲ့ အစီရင်ခံစာမှာ မေလကနေ ဩဂုတ်လအထိ ၄ လအတွင်း စစ်တပ်က နေ့စဉ်လို လေကြောင်းကနေ တိုက်ခိုက်နေတာကို မီးမောင်းထိုးပြထားပါတယ်။

ဘာသာရေးအဆောက်အအုံတွေ အများဆုံး တိုက်ခိုက်ခံခဲ့ရပြီး အရပ်သား ၄၅၅ ယောက်သေဆုံးခဲ့တယ်လို့ အစီအရင်ခံစာထဲမှာ ပြောထားပါတယ်။ လူပေါင်း ၈၀၀ ကျော်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အရပ်သားပြည်သူတွေ သေကျေ ထိခိုက်နေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်သွားအောင် အရပ်ဘက်အဖွဲ့အစည်းတွေကလည်း နိုင်ငံတကာကို တောင်းဆိုမှုတွေ ဆက်တိုက်ပြုလုပ်နေကြပါတယ်။ စစ်ကောင်စီကို စစ်လက်နက်နဲ့ လေယာဉ်ဆီ ထောက်ပံ့တာတွေ ရပ်ဆိုင်းဖို့ ကိစ္စတွေကို အဓိကထားပြီး တင်ပြထားကြောင်း ဦးဆောင်ပါဝင်နေသူတဦးက ဗွီအိုအေကို ပြောပါတယ်။

"ဒီလိုမျိုး အရမ်းကိုဆိုးရွားတဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကျမတို့ရပ်တန့်ဖို့ အရေးတကြီး လိုအပ်နေတယ်ပေါ့။ တချိန်တည်းမှာပဲ စစ်တပ်ကမြေပြင်မှာ သူ့ရဲ့အာဏာသက်ရောက်မှုက သိသိသာသာကို လျော့နည်းလာတဲ့အချိန်မှာ လေကြောင်းကို အားပြုပြီး တိုက်ခိုက်ရေးတွေ၊ စစ်ဆင်ရေးတွေ လုပ်တယ်ပေါ့နော်။ ဆိုတော့ ဒါတွေကို ရပ်တန့်နိုင်ဖို့ဆိုရင် ပထမဦးဆုံး အရေးတကြီးလိုအပ်တာက စစ်တပ်ဆီရောက်ရှိနေတဲ့ လေယာဉ်ဆီ ဖြတ်တောက်ရေးက အရမ်းအရေးကြီးတယ်ပေါ့။"

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် စစ်တပ်ကလုပ်ခဲ့တဲ့ ရက်စက်တဲ့ ကျူးလွန်မှုမျိုးတွေ နောက်ထပ် မလုပ်နိုင်အောင် အမေရိကန်အစိုးရက အားထုတ်ကြိုးစားနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရာဇဝတ်မှုဆိုင်ရာ တရားမျှတမှုရရှိရေး (Global Criminal Justice) ဌာနရဲ့ အကျိုးဆောင် သံအမတ်ကြီး Beth Van Schaack က ဒီနေ့ အွန်လိုင်းမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

"တရားမျှတမှုနဲ့ တာဝန်ခံမှုကို အမေရိကန်ပြည်ထောင်စုက မြှင့်တင်နေတာနဲ့အတူ စစ်တပ်က နောက်ထပ် ရက်စက်တဲ့ ကျူးလွန်မှုတွေ မလုပ်နိုင်အောင် ဆောင်ရွက်မှုတချို့ လုပ်ခဲ့ပါတယ်။ အရပ်သားတွေအပေါ် ရက်ရက်စက်စက်လုပ်နေတာတွေကို အပြည့်အစုံ မှတ်တမ်းပြုစုနေတဲ့ အဖွဲ့အစည်းတွေကို အမေရိကန်က ထောက်ပံ့ကူညီနေသလို မြန်မာပြည်သူတွေကိုယ်တိုင် အမှန်တရား၊ မျှတမှုနဲ့ တာဝန်ခံမှုရှိရေးအတွက် အားထုတ်ပြောလာကြဖို့ကို ပံ့ပိုးပေးနေပါတယ်။"

မြန်မာနိုင်ငံဒီမိုကရေစီပြန်လည်ရဖို့ ကြိုးပမ်းနေကြသူတွေနဲ့အတူ အမေရိကန်ပြည်ထောင်စုက အမြဲရပ်တည်နေတယ်ဆိုတာကို အလေးထားပြောချင်ပါတယ်လို့လည်း ရာဇဝတ်မှုဆိုင်ရာ တရားမျှတမှုရရှိရေး (Global Criminal Justice) ဌာနရဲ့ အကျိုးဆောင် သံအမတ်ကြီး Beth Van Schaack ကသတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့ပြီး လေးနှစ်အတွင်းမှာ လေယာဉ်နဲ့တိုက်ခိုက်ခဲ့တဲ့ ရက်ပေါင်းက ၈၀၀ ထက် မနည်းရှိတယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တိုက်ခိုက်မှုပေါင်းက ၃၂၀၀ ကျော်ရှိပါတယ်။ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ သေဆုံးမှုဟာ ၄ နှစ်အတွင်း ၁၇၄၉ ယောက်ရှိပြီး ၂၄၅၄ယောက် ဒဏ်ရာရခဲ့တယ်လို့လည်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့က စာရင်းပြုစုထားပါတယ်။

စစ်ကောင်စီကတော့ ဗုံးကြဲ တိုက်ခိုက်နေတာဟာ ပစ်မှတ်ကို အသေအချာချိန်ပြီး တိုက်တာဖြစ်တယ်လို့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေမြန်မာပိုင်းကို ပြောကြားထားပါတယ်။ မြေပြင်သတင်းရော၊ တခြားသတင်းတွေရော တိကျမှုရှိမှ လေကြောင်းတိုက်ခိုက်တာဖြစ်တယ်လို့ သူကပြောဆိုထားပါတယ်။