တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာခရီးစဉ် သုံးသပ်မှုတချို့

နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H. E. Mr. Qin Gang အား လက်ခံတွေ့ဆုံစဥ်။ (တပ်မတော်သတင်းမှန်ပြန်ကြားရေး မေ - ၂၊ ၂၀၂၃)

နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H. E. Mr. Qin Gang အား လက်ခံတွေ့ဆုံစဥ်။ (တပ်မတော်သတင်းမှန်ပြန်ကြားရေး မေ - ၂၊ ၂၀၂၃)

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ကန်းဟာ မြန်မာနိုင်ငံကို ရုတ်တရက်ရောက်လာပြီး အာဏာသိမ်းမြန်မာစစ်ကောင်စီဥက္ကဋ္ဌနဲ့တွေ့ဆုံခဲ့ပါတယ်။ အခုနှစ်အတွင်း တရုတ်နိုင်ငံက ထိပ်တန်းသံတမန်တချို့ မြန်မာနိုင်ငံကို ဆက်တိုက်ဆိုသလို လာရောက်ခဲ့ကြပေမဲ့ မြန်မာ့အရေးလေ့လာသူတချို့ကတော့ မြန်မာ့အရေးတရုတ်ရဲ့ သံတမန်ရေးကြိုးပမ်းချက်အပေါ် မျှော်လင့်ချက်သိပ်မရှိတာတွေ့ရပါတယ်။ ဒီအကြောင်း စုံစမ်းမေးမြန်းထားတာတွေကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ကန်းဟာ မေလ ၂ ရက် မွန်းလွဲ ၂ နာရီခန့် နေပြည်တော်ကို ရောက်ရှိလာတာဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကထုတ်ပြန်ချက်အရတော့ မစ္စတာချင်ကန်းဟာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့အပြင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ဦးကိုကိုလှိုင်တို့နဲ့ တွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီကြုံတွေ့နေရတဲ့ အကျပ်အတည်းအပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်းအဖြေထုတ်နိုင်ဖို့ တရုတ်နိုင်ငံဘက်က ဝင်ရောက်ဖြေရှင်းဖို့ ကြိုးစားတာဖြစ်ပုံရတယ်လို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။ စစ်ကောင်စီအနေနဲ့ ဒါကို ထွက်ပေါက်လို့ယူဆနိုင်ပေမဲ့ အပေါ်ယံ အပြောင်းအလဲသာဖြစ်နိုင်လိမ့်မယ်လို့လည်း ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

"စစ်ကောင်စီက တော်တော်လေးကို အကျပ်အတည်းတော့ ရင်ဆိုင်နေရတာဖြစ်မယ်လေ..နော်။ နိုင်ငံရေးအကျပ်အတည်း၊ စီးပွါးရေးအကျပ်အတည်းတွေ ရင်ဆိုင်နေရတယ်။ အဲဒီတော့ သူ့အတွက် ထွက်ရာလမ်းက စစ်ရေးအရ ပြည်သူလူထုကို ပိုပြီးသတ်ပြမယ်၊ ပိုပြီးဖိနှိပ်ပြမယ်ဆိုတဲ့ဟာ၊ အဲဒီဟာကိုတားဆီးဖို့အတွက် ကြိုးစားကြတယ်ထင်တယ်။ အဲဒီတော့ စစ်ကောင်စီဘက်က လိုက်လျောချင်မှလိုက်လျောနိုင်မယ်။ သို့သော်လည်း သူတို့မှာ ......လမ်းမရှိဘူး။ သူတို့ကိုအကာကွယ်ပေးနိုင်တဲ့ နိုင်ငံကြီးက နှစ်နိုင်ငံပဲရှိတယ်။ ရုရှားနဲ့တရုတ်။ တရုတ်ကပြောတာဆိုတာတော့ တစုံတရာ နားထောင်ရမယ်ထင်တယ်။ အဲဒီတော့ နိုင်ငံရေးထွက်ပေါက်အနေနဲ့ တရုတ်က သူပြောနေတဲ့ ငြိမ်းငြိမ်းချမ်းချမ်း တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ပေ့ါဗျာ၊ အဲဒီလမ်းကို တစုံတရာလိုက်လျောနိုင်မယ်ထင်တယ်။ ဒါပေမဲ့ ကျမတို့သိရမှာက စစ်ကောင်စီအနေနဲ့ကတော့ သူက တကယ်လို့ နိုင်ငံရေးထွက်ပေါက်အနေနဲ့သူလုပ်လည်း အပေါ်ယံပဲလုပ်မှာ၊ ကျမတို့က ဒီတခါတော့ သူ့ရဲ့ထွက်ပေါက်ပေးလို့မဖြစ်တော့ဘူး။​ ကျမတို့က စစ်အာဏာရှင်စနစ်ကို မဖြစ်မနေတိုက်ရမယ်ဆိုတဲ့ ရပ်တည်ချက်ကနေပဲ ကျမတို့က ကြည့်နေရမှာပဲ။ တစုံတရာ အပြောင်းအလဲတော့ ရှိမှာပဲ။"

စစ်ကောင်စီဥက္ကဋ္ဌနဲ့တွေ့ဆုံချိန်မှာ မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေး၊ နယ်စပ်လုံခြုံရေး၊ စီးပွားရေးနဲ့ မြန်မာ့နိုင်ငံရေးတည်ငြိမ်မှုအခြေအနေစတာတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

မစ္စတာချင်ကန်းဟာ အခုလို နေပြည်တော်ကိုရောက်မလာခင် မေလ ၁ ရက်နေ့က တရုတ်နိုင်ငံ မြို့တော်ဘေကျင်းမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံပြဿနာတွေ ဖြေရှင်းရေး ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီလိုဆွေးနွေးပြီးနောက်တရက်မှာပဲ မစ္စတာ ချင်ကန်း နေပြည်တော်ကို ရောက်လာတာပါ။

သူ့ခရီးစဉ်မတိုင်ခင်ကလည်း မြန်မာပြည်ကို တရုတ်ထိပ်တန်းခေါင်းဆောင်တချို့ လာရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဧပြီလတုန်းကလည်း တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာဆက်ဆံရေးညွှန်ချုပ် Peng Xiubin လာရောက်ခဲ့သလို ဒီမတိုင်ခင် ဖေဖော်ဝါရီနဲ့ မတ်လထဲမှာလည်း တရုတ်အစိုးရရဲ့ အာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာတိန့်ရှီကျွန်း နေပြည်တော်ကို နှစ်ကြိမ်လာရောက်ခဲ့ပါတယ်။

မစ္စတာတိန့်ရှီကျွန်းဟာ စစ်ကောင်စီဥက္ကဋ္ဌနဲ့မတွေ့ခင်မှာ တရုတ်-မြန်မာနယ်စပ်မှာ အခြေစိုက်လှုပ်ရှားနေတဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ယူနန်ပြည်နယ်မှာ ခေါ်ယူတွေ့ဆုံခဲ့ပါသေးတယ်။ နိုင်ငံရေးစစ်ရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးအခုလို မြန်မာနိုင်ငံကို လာရောက်တာအပါအဝင် မြန်မာအရေး တရုတ်နိုင်ငံရဲ့ သံတမန်ရေးကြိုးပမ်းမှုတွေဟာ အလားအလာကောင်းတွေထွက်မယ်လို့ မယူဆတဲ့အကြောင်း သူ့အမြင် ပြောပါတယ်။

"ခြုံကြည့်လိုက်လို့ရှိရင် အဲဒီတွေ့ဆုံမှုတွေက မြန်မာ့နိုင်ငံရေးကို ထူးခြားတဲ့သက်ရောက်မှု ဖြစ်မလာနိုင်ပါဘူး။ မင်းအေင်လှိုင်ရဲ့ အကြမ်းဖက်လှုပ်ရှားမှုကလည်း အချိန်ကြာလေ ပိုမိုကြမ်းတမ်းလေ ရက်စက်လာလေဖြစ်လာတဲ့အခါမှာ နိုင်ငံတကာအနေနဲ့ တရုတ်ဆန္ဒရှိသလို ဒီကိစ္စတွေ လျော့ပါးအောင် မင်းအောင်လှိုင်ကို ဖြောင့်ဖျနားချလို့ ရမယ့်အခြေအနေရှိမယ်လို့ မထင်ပါဘူး။ ဒါ့ကြောင့် ဒီတရုတ်ရဲ့ သံတမန်ရေးလှုပ်ရှားမှုတွေကနေ ကျနော်တို့ ဘာပဲဖြစ်ဖြစ် ဗမာပြည်အတွက် ၂၀၀၈ အခြေခံဥပဒေကို အသိအမှတ်ပြုပြီးတော့ ဆွေးနွေးပွဲတခုကို အခုအရေးကြီးတဲ့ပုဂ္ဂိုလ်တွေအားလုံး မျက်နှာစုံညီ ဝိုင်းထိုင်ပြီး ပြောကြ ဆိုကြတဲ့ အခင်းအကျင်းတရပ်ရရှိဖို့အတွက် အကြောင်းအချက် လုံးဝမရှိဘူးလို့ ကျနော်တော့ ယူဆပါတယ်ခင်ဗျ။"

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းဟာ မြန်မာနိုင်ငံတွင်း ဘယ်နေ့အထိ နေမလဲဆိုတာတော့ တရားဝင်ထုတ်ပြန်တာမရှိပါဘူး။ မစ္စတာချင်ကန်းဟာ ဒါပြီးရင်တော့ အိန္ဒိယနိုင်ငံမှာကျင်းပမယ့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့လည်း တွေ့ဆုံဖို့ရှိနေပါတယ်။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကတော့ မေလ ၄ ရက်နဲ့ ၅ ရက်ဖြစ်ပါတယ်။

Your browser doesn’t support HTML5

တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာခရီးစဉ် သုံးသပ်မှုတချို့