(Zawgyi / Unicode)
အောက်တိုဘာလ နောက်ဆုံးပတ်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (ASEAN) ထိပ်သီးအစည်းအဝေးအတွက် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ကြားမှာမဟုတ်ဘဲ နိုင်ငံရေးကဏ္ဍက မဟုတ်တဲ့ ကိုယ်စားလှယ်တဦးကို ဖိတ်ကြားမယ်လို့ အာဆီယံရဲ့ လက်ရှိ အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သောကြာနေ့နှောင်းပိုင်းက လုပ်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အရေးပေါ် အစည်းအဝေးအတွင်း အဲဒီလို ဆုံးဖြတ်ခဲ့တာကို အာဆီယံဥက္ကဋ္ဌက ဒီကနေ့ တရားဝင် ထုတ်ပြန်ကြေညာတာပါ။
ဒေသတွင်း လုံခြုံရေးနဲ့ "စည်းမျဉ်းစည်းကမ်းအခြေခံ အဖွဲ့အစည်းတခုအဖြစ် အာဆီယံရဲ့ ညီညွတ်မှု၊ ယုံကြည်ကိုးစားခံရမှုနဲ့ အရေးပါမှုတို့" အပေါ် မြန်မာ့အကျပ်အတည်းက ရိုက်ခတ်လာတာနဲ့ ပတ်သက်ပြီး အာဆီယံဝန်ကြီးတွေ စိုးရိမ်ကြတယ်လို့ အာဆီယံဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
မြန်မာ့အရေး အာဆီယံ အထူးသံတမန်ကို သက်ဆိုင်သူအားလုံးနဲ့ တွေ့ခွင့်ပေးရမယ်လို့လည်း တောင်းဆိုထားပါတယ်။
အောက်တိုဘာလ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ အွန်လိုင်းကနေ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ခွင့်ပေးဖို့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ပန်ကြားထားတယ်လို့ အာဆီယံဥက္ကဋ္ဌ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အားလုံးကြားမှာ တူညီတဲ့သဘောထား မရတဲ့အတွက် နိုင်ငံရေးပိုင်းက ကိုယ်စားလှယ်တဦးကို အစည်းအဝေး ဖိတ်မယ့်အစား နိုင်ငံရေးပိုင်းက မဟုတ်သူတဦးကို ဖိတ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ အာဆီယံဥက္ကဋ္ဌ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒါပေမယ့် ဘယ်သူ့ကိုဖိတ်မယ် ဆိုတာတော့ အတိအကျ ပြောမထားပါဘူး။
မြန်မာ့အကျပ်အတည်းကို ဖြေရှင်းတာမှာ "ကျေနပ်ဖွယ်မရှိဘဲ တိုးတက်မှု သိပ်ကိုနည်းလွန်းနေတာမို့ အာဆီယံရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းရေး ခက်ခဲပေမယ့် လုပ်ကိုလုပ်ရမယ့် ဆုံးဖြတ်ချက်ကို ချခဲ့ကြတာပါ" လို့ စင်ကာပူ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။
အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့အတူ ကျင်းပဖို့ရှိတဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်မယ့်ထဲမှာ အမေရိကန်သမ္မတ Joe Biden လည်း ပါဝင်ပါတယ်။
သောကြာနေ့မှာပဲ အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေး၊ တောင်ကိုရီးယား၊ ဥရောပသမဂ္ဂ၊ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေရဲ့ ပူးတွဲထုတ်ပြန်ချက် တခုထဲမှာ အာဆီယံ အထူးသံတမန်ကို အားပေးထောက်ခံတဲ့ အကြောင်းနဲ့ အထူးသံတမန် Erywan Yusof နဲ့ အပြုသဘော ပူးပေါင်းဆောင်ရွက်ပြီး သက်ဆိုင်သူအားလုံးနဲ့ တွေ့ခွင့်ပေးဖို့ စစ်ကောင်စီကို တိုက်တွန်းထားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price ကလည်း "မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ရာ အခုချိန်ထိ စစ်တပ်က အာဆီယံနဲ့ အလုပ်ဖြစ်အောင် ပူးပေါင်းဆောင်ရွက်ချင်စိတ် မရှိသေးပါဘူး" လို့ သောကြာနေ့ သတင်းစာရှင်းလင်းပွဲတခုအတွင်း ပြောသွားပါတယ်။ "စစ်အစိုးရကို ဖိအားပေးရေး အာဆီယံရဲ့ ကြိုးပမ်းမှုတွေနဲ့ အာဆီယံ အထူးသံတမန်ရဲ့ ခရီးစဉ်ကို ဆက်ပြီး ထောက်ခံအားပေးသွားပါမယ်" လို့ ပြောခွင့်ရ Ned Price က ပြောသွားပါတယ်။
Your browser doesn’t support HTML5
------------------------
(Unicode)