ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ရာရောက်ပြီး ဒါကို မြန်မာနိုင်ငံဘက်က ဟန့်တားဖို့ ပျက်ကွက်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ICJ နိုင်ငံတကာတရာရုံးမှာ ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်လဲချက်ကို ဗုဒ္ဓဟူးနေ့က မြန်မာဘက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး ချေပချက်ပေးပါတယ်။
တချိန်က သူ့ကို ၁၅ နှစ်တိုင်တိုင် နေအိမ်အကျယ်ချုပ် ချထားခဲ့တဲ့ စစ်ဘက်အတွက် အခုတော့ ဒေါ်အောင်ဆန်းစုကြည်က ကာကွယ် ပြောဆိုနေရတဲ့ အကြောင်း Henry Ridgwell လန်ဒန်ကနေ ပေးပို့တဲ့ သတင်းလွှာကို မမြသဇင်အောင်က ပြောပြပေးပါမယ်။
လူမျိုးတုံးသတ်ဖြတ်မှု သဘောတူစာချုပ်ကို ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် သူ နိုဘဲလ် ငြိမ်းချမ်းရေးဆုရတာ ၂၈ နှစ်တိတိ ပြည့်ခါနီး ဒီဇင်ဘာလ ၁၁ ရက်နေ့မှာပဲ နယ်သာလန် နိုင်ငံ The Hague မြို့ ICJ နိုင်ငံတကာတရားရုံးရှေ့မှာ ဒေါ်အောင်ဆန်းစုကြည် ချေဖျက် တင်ပြခဲ့ရပါတယ်။
မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် Genocide လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာကို နိုင်ငံတကာ တရားရုံးမှာ တရားစွဲဆိုထားတာပါ။ ရိုဟင်ဂျာလို့ ခေါ်ဆိုတာကို လက်မခံတဲ့ မြန်မာအစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခေါင်းဆောင်ပြီး သွားရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဂမ်ဘီယာနိုင်ငံရဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ICJ မှာ တင်ပြချက်တွေအပေါ် အခုလို တုံ့ပြန်တင်ပြပါတယ်။
"စိတ်မကောင်းစရာအချက်ကတော့ ယခု ဂမ်ဘီယာနိုင်ငံက ရခိုင်ဒေသအခြေအနေနဲ့ပတ်သက်ပြီး ရုံးတော်ကို လျှောက်ထား တင်ပြမှုတွေမှာ အချက်အလက် ပြည့်စုံမှုမရှိတဲ့အပြင် နားလည်မှုလွဲမှားစေနိုင်တဲ့ အနေအထားနဲ့ ပုံဖော်ထားတာကို တွေ့ရပါတယ်။"
ရခိုင်ပြည်နယ်တွင်း ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ တရားရုံးရှေ့မှောက် အင်္ဂါနေ့မှာ ဂမ်ဘီယာဘက်က ရှေ့နေ Andrew Loewenstein တင်ပြလျှောက်ထားတာမှာ
"မျက်မြင်သက်သေ တယောက် အဆိုအရ သူ့မိသားစုထဲက အမျိုးသားတွေကို စစ်တပ်က သတ်လိုက်တယ်လို့ ဆိုပါတယ်။ သေနတ်နဲ့ ပစ်ပြီး လည်မျိုကို လှီးတာကို မျက်မြင်တွေ့တယ်လို့ ပြန်ပြောပြပါတယ်။"
အခု စွပ်စွဲချက်တွေ ဟာ နိုင်ငံတကာတရားရုံးရဲ့ တရားစီရင်ပိုင်ခွင့်အောက်မှာ မရှိဘဲ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီသာ ဖြေရှင်းရမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တင်ပြပါတယ်။ "
မြန်မာ့တပ်မတော်သားတွေ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်တယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ စစ်ဘက်ဆိုင်ရာ တရားစီရင်ရေးစနစ်အောက်မှာ ပြစ်ဒဏ်စီရင်ခြင်းကို ခံယူကြရမှာ ဖြစ်ပါတယ်"
အခုလို မြန်မာနိုင်ငံကို ဂမ်ဘီယာဘက်က တရားစွဲဆိုတဲ့အပေါ် ထောက်ခံသူတွေရှိသလို ကန့်ကွက်မှုတွေလည်း ရှိနေပြီး ပြည်တွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲတွေ လုပ်ကြပါတယ်။ ဘင်္ဂလားဒေရှ့် နိုင်ငံ ဒုက္ခသည် စခန်းက ဒုက္ခသည်တဦးဖြစ်တဲ့ Lokman Hakim ကတော့
"ဒါဟာ လူမျိုးတုံးသတ်ဖြတ်မှု ဆိုတာ ဒေါ်အောင်ဆန်းစုကြည် သိရှိထားလျက်နဲ့ မဟန့်တားခဲ့တာပါ။ ကျွန်တော်တို့ တရားမျှတမှု လိုချင်ပါတယ်။"
မြန်မာစစ်တပ်ဟာ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ နှိပ်စက်ညှဉ်းပန်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုတွေကို ကျူးလွန်ခဲ့တဲ့အတွက် ၂၀၁၇ ခုနှစ်တုန်းက သိန်းနဲချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေရှ့် ဘက်ကို ထွက်ပြေးခဲ့ရတယ်လို့ စွပ်စွဲခံထား ရတာပါ။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံတကာတရားရုံးမှာ သွားရောက် ရင်ဆိုင်ဖြေရှင်းတာနဲ့ ပတ်သက်ပြီး ဗြိတိန် အခြေစိုက် Burma Campaign အဖွဲ့ က Mark Farmaner က
"ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လာတယ် ဆိုတာကတော့ လူထုထောက်ခံမှုကို လိုချင်တာအပြင် စစ်တပ်ကို သူ့ဘက် ပါအောင် ဆွယ်ချင်တာလည်း ပါမယ်။ သူဟာ တပ်ရဲ့ရန်သူ မဟုတ်ဘူးဆိုတာ ပြချင်သလို နောက်ပိုင်း ဒီမိုကရေစီ တည်ဆောက်ရေးတွေမှာ တပ်က ပူးပေါင်းလာအောင် ဆွဲခေါ်တာပါပဲ။"
စွပ်စွဲချက်တွေအပေါ် ဗုဒ္ဓဟူးနေ့က ရုံးတော်မှာ ပြန်လည် ချေပတာမှာ စစ်တပ်အနေနဲ့ ရခိုင်ပြည်တွင်းက အကြမ်းဖက်မှုတွေကို နှိမ်နှင်းတာမှာ လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တဲ့ ရိုဟင်ဂျာ အကြမ်းဖက်ဝါဒီတွေကို ပြန်လည် တိုက်ခိုက် နှိမ်နှင်းတာ သာ ဖြစ်ကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထပ်တလဲလဲပြောသွားပါတယ်။
ဂမ်ဘီယာက တင်ပြထားတဲ့အတိုင်း ရိုဟင်ဂျာတွေကို အကာအကွယ်ပေးရေး မြန်မာနိုင်ငံအနေနဲ့ ကြားဖြတ် လုပ်ဆောင်ပေးရမှာ တွေအပေါ် ICJ က လာမယ့် သီတင်းပတ်တွေအတွင်း ဆုံးဖြတ်ချက်ချနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
ဒါပေမယ့်လည်း Genocide လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်အပေါ် ICJ ရဲ့ဆုံးဖြတ်ချက် ထွက်ဖို့ကတော့ နှစ် အတော် ကြာနိုင်ပါတယ်။
Your browser doesn’t support HTML5
(Unicode)