နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပေးထားတဲ့ ဂုဏ်ထူးဆောင် နိုင်ငံသားဆုကို ကနေဒါ အောက်လွှတ်တော်က ကြာသပတေးနေ့မှာ တညီတညွတ်ထဲ မဲခွဲဆုံးဖြတ်ပြီး ပြန်လည် ရုပ်သိမ်းလိုက်ပါပြီ။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ၂၀၀၇ နှစ်မှာ ပေးအပ်ထားတဲ့ ဒီဆုကို အခုလို ရုပ်သိမ်းလိုက်တာလို့ ဆိုပါတယ်။
ကနေဒါ ဝန်ကြီးချုပ် Justin Trudeau က ဒီဆု ပြန်လည်ရုပ်သိမ်းရခြင်းနဲ့ပတ်သက်လို့ အခုလို ပြောပါတယ်။
“သူနိုင်ငံသားဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ ရိုဟင်ဂျာတွေအတွက် ဘယ်လိုနည်းနဲ့မှ အထောက်အကူဖြစ်စေမှာ မဟုတ်ပါဘူး။ လွှတ်တော်က သူ့ကို ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် အသိအမှတ်ပြုထားတာကြောင့် လွှတ်တော်က ပြန်ရုပ်သိမ်းနိုင်တာပါ။ ကျနော်တို့ အာရုံစိုက်တာက နိုင်ငံအတွင်းမှာ၊ ဒါမှမဟုတ် ဒုက္ခသည်တွေအဖြစ် ဘေးဒုက္ခကြုံနေရသူ သန်းပေါင်းများစွာကို အကူအညီပေးဖို့ ဖြစ်ပါတယ်။”
ဒီဆုကို ပြန်လည်ရုပ်သိမ်းဖို့ ဖြစ်လာနိုင်ခြေရှိကြောင်း ဝန်ကြီးချုပ် Trudeau က စက်တင်ဘာ ၂၆ ရက် ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။
ကနေဒါ အောက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ဟာ ရုတ်တရက် အကျိုးသက်ရောက်မှုတော့ မရှိသေးပါဘူး။ ဒီဆုကို ချီးမြှင့်ဖို့အတွက် ကနေဒါ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် ၂ ရပ်စလုံးရဲ့ ထောက်ခံအတည်ပြုမှုနဲ့သာ ဆောင်ရွက်နိုင်တာကြောင့် ပြန်လည် ရုပ်သိမ်းမယ် ဆိုရင်လည်း အလားတူ လွှတ်တော် ၂ ရပ်စလုံးက ဆုံးဖြတ် အတည်ပြုပေးရမှာ ဖြစ်ပါတယ်။ ဒီဆုကို ပြန်လည်ရုပ်သိမ်းဖို့အတွက် အတိုက်အခံ Bloc Quebecois ပါတီက လွှတ်တော်အမတ် Gabriel Ste Marie က အဆိုပြု တင်သွင်းခဲ့တာပါ။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို လုံခြုံရေးတပ်ဖွဲ့တွေက သတ်ဖြတ်ညှဉ်းပမ်းခဲ့မှုတွေဟာ Genocide လူမျိုးတုံး သတ်ဖြတ်မှုဖြစ်တယ်လို့ ကနေဒါ အောက်လွှတ်တော်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဆုံးဖြတ်ခဲ့ပါတယ်။
Your browser doesn’t support HTML5