{{Zawgyi/Unicode}}
ယူကရိန်းအရှေ့ပိုင်းက Bakhmut မြို့မှာ တိုက်ပွဲတွေပြင်းထန်နေပေမယ့် ဒီမြို့ကို ရုရှားတွေလက်ထဲ ရောက်မသွားအောင် ယူကရိန်းတပ်သားတွေက အပြင်းအထန်ခုခံနေပါတယ်။ ရုရှားတပ်တွေအဝိုင်းခံနေရတဲ့ဒီမြို့ကို ခုခံကာကွယ်နေတဲ့ ယူကရိန်းတပ်တွေဟာ ဒေသခံတွေ ဘေးလွတ်ရာရှောင်ပြေးနိုင်ဖို့ပါ အကူညီတွေပေးနေကြပါတယ်။ ယာယီပြုပြင်ထားတဲ့တံတားကနေ ထွက်ပြေးကြသူတွေထဲက အမျိုးသမီးတဦးသေဆုံးခဲ့ပြီး အမျိုးသား ၂ ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ အကူညီပေးနေတဲ့ ယူကရိန်းစစ်တပ် ပြောခွင့်ရက ပြောပါတယ်။
ယူကရိန်းကိုဝင်ရောက်ကျူးကျော်တဲ့ ရုရှားတပ်တွေရဲ့အဓိကပစ်မှတ်ဖြစ်တဲ့ ဒီမြို့နားက မဟာဗျူဟာကျတဲ့တံတားတွေကိုဖျက်ဆီးဖို့ ယူကရိန်းတွေလုပ်ဆောင်ခဲ့ကြတယ်လို့ ဗြိတိန်စစ်တပ်ထောက်လှမ်းရေးအရာရှိတွေက ပြောပါတယ်။
Bakhmut ရှေ့တန်းစစ်မျက်နှာဟာ ယူကရိန်းတပ်တွေကြောင့် လွန်ခဲ့တဲ့ရက်တွေတုန်းက တည်ငြိမ်မှုရှိခဲ့တယ် လို့ ယူကရိန်း အမျိုးသားအစောင့်တပ် ဒုတိယအကြီးအကဲ Volodymyr Nazarenko က ပြောပါတယ်။ ရုရှားတပ်တွေရဲ့ ပြင်းထန်တဲ့တိုက်ခိုက်မှုဒဏ်ကို ဆက်ခံနေရပေမယ့် ဒီမြို့ကတော့ ယူကရိန်းတွေရဲ့ထိန်းချုပ်မှုအောက်မှာပဲ ရှိနေတာဖြစ်ကြောင်း ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက မြို့မြောက်ဘက်နဲ့ အနောက်မြောက်ဘက်မှာ ရုရှားတွေသိမ်းထားခဲ့ပေမယ့် ယူကရိန်းတပ်သားတွေက ပြန်လည် တိုက်ခိုက်သိမ်းယူခဲ့တယ်လို့လည်း ပြောပါတယ်။
Bakhmut မြို့တဝိုက်က Vasiukivka ၊ Dubovo-Vasylivka ၊ Ivanivske နဲ့ Bohdanivka စတဲ့ကျေးရွာတွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ Bakhmut မြို့ဟာ ရုရှားတွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကို ဘက် ၃ ဘက်မှာခံနေရပေမယ့် ယူကရိန်းက အဲဒီမှာ အထူးတပ်တွေနဲ့ အားဖြည့်ထားတယ်လို့ ဗြိတိန်စစ်တပ်ထောက်လှမ်းရေးက ပြောပါတယ်။
တချိန်တည်းမှာပဲ ရုရှားကာကွယ်ရေးဝန်ကြီးဟာ ယူကရိန်းက အဲဒီနေရာမှာတာဝန်ကျနေတဲ့ ရုရှားတပ်သားတွေကိုအားပေးဖို့ ကိုယ်တိုင်သွားရောက်ခဲ့ပါတယ်။
Your browser doesn’t support HTML5
===============
{{Unicode}}