သူတို့အခေါ် ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ဆီ မြန်မာနိုင်ငံက မောင်းထုတ်နေတဲ့ လုပ်ရပ်ကို ရပ်ဆိုင်းရေး ဖိအားပေးဖို့ အမေရိကန် ပြည်ထောင်စုကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာက တိုက်တွန်းလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် The Daily Star သတင်းမှာ ဖေါ်ပြထားပါတယ်။
အာရှတိုက် တောင်ပိုင်းနဲ့ အလယ်ပိုင်းရေးရာ အမေရိကန် ယာယီ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Alice Wells နဲ့ တွေ့ဆုံစဉ် ဝန်ကြီးချုပ် ဟာစီနာက အခုလို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ အဲဒီ ဒုက္ခသည် အများပြားကို စာနာစိတ်နဲ့ ခိုလှုံခွင့် ပေးထားပြီး ဒါဟာ သူတို့ နိုင်ငံအတွက် ကြီးမားတဲ့ ပြသနာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောကြောင်း သူ့ရဲ့ပြန်ကြားရေး အတွင်းဝန် Ihsanul Karim က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် မြန်မာ ၂ နိုင်ငံအကြား နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးမှု ရှိမရှိ အမေရိကန်ဘက်က မေးမြန်းတဲ့ အခါမှာတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ထမ်းတွေ မြန်မာ အာဏာပိုင်တွေနဲ့ အဆက်အသွယ် ရှိကြောင်း ဝန်ကြီးချုပ်က ဆိုပါတယ်။
အမေရိကန် လက်ထောက်ဝန်ကြီးက အကြမ်းဖက်မှု တိုက်ဖျက်ရေး အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ ဆောင်ရွက်မှုတွေ အပေါ် လွန်စွာ နှစ်ထောင်းအားရ ရှိပြီး ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ကလည်း သူတို့မြေပေါ်မှာ အကြမ်းဖက်ဝါဒကို လုံး၀ လက်သင့်မခံကြောင်း၊ သူတို့မြေကို အသုံးပြုပြီး တခြားနိုင်ငံတွေ အပေါ် တိုက်ခိုက်မှုတွေ ကိုလည်း ခွင့်ပြုလိမ့်မယ် မဟုတ်ကြောင်း ပြောပြခဲ့ပါတယ်။
Your browser doesn’t support HTML5