ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရကို နိုဘယ်ဆုရှင် Yunus ဦးဆောင်မည်

ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရကို ဦးဆောင်မယ့် ၂၀၀၆ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်၊ ဘဏ်လုပ်ငန်းရှင် Mohammed Yunus

နိုဘယ်ဆုရှင် Muhammad Yunus ဟာ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရကို ဦးဆောင်မယ်လို့ ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ သမ္မတပြောရေးဆိုခွင့်ရှိသူက ကြေညာလိုက်ပါတယ်။ စစ်တပ်အကြီးအကဲတွေ၊ ဆန္ဒပြ ကျောင်းသား ခေါင်းဆောင်တွေ၊ စီးပွါးရေးနယ်ပယ်က ထင်ရှားတဲ့ခေါင်းဆောင်တွေ၊ အရပ်ဘက် အဖွဲ့အစည်းခေါင်းဆောင်တွေ တက်ရောက်ကြတဲ့ အစည်းအဝေးက အခုလို ဆုံးဖြတ်လိုက်တာပါ။

ဆုံးဖြတ်ချက်ကို သမ္မတ Mohammed Shahabuddin ရဲ့ ပြောရေးဆိုခွင့်ရှိသူ Joynal Abedin က အေပီသတင်းဌာနကို ဗုဒ္ဓဟူး မနက်ခင်းကြီးမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။ ယူနွတ်စ်ဟာ ပါရီအိုလံပစ် စီစဥ်သူတွေကို အကြံပေးအဖြစ် ပါရီမြို့မှာရောက်ရှိနေပြီး မကြာမီ ပြန်လာမယ်လို့ မျှော်လင့်ကြောင်း ဒေသခံ မီဒီယာတွေက ပြောကြပါတယ်။ ယူနွတ်စ်က ကြားဖြတ်အစိုးရကို ဦးဆောင်ဖို့ သဘောတူကြောင်း ကျောင်းသားခေါင်းဆောင်တွေက အစောပိုင်းမှာ ပြောကြပါတယ်။

သူဟာ တိုင်းပြည်ကထွက်ပြေးသွားတဲ့ ဝန်ကြီးချုပ်ဟောင်းဟာစီနာနဲ့ နိုင်ငံရေးအတိုက်အခံဖြစ်ပြီး စီးပွါးရေး ပညာရှင်နဲ့ ဘဏ်လုပ်ငန်းရှင်ဖြစ်သလို ၂၀၀၆ ခုနှစ် နိုဘယ်ငြိမ်းချမ်း‌ရေးဆုရှင်လည်း ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေ၊ တခြားပါဝင်ပတ်သက်သူတွေနဲ့ ညှိနှိုင်းပြီးနောက် တခြား အစိုးရအဖွဲ့ဝင်တွေကို ကြေညာမယ်လို့ ပြောရေးဆိုခွင့်ရှိသူ Joynal Abedin က ပြောပါတယ်။