မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် ထွက်ပြေးကြတယ်လို့ဆိုတဲ့ ရိုဟင်ဂျာတွေကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံက လူသားချင်း စာနာတဲ့အနေနဲ့ လက်ခံကူညီနေတဲ့အတွက် နိုင်ငံတကာက ချီးကျုးထားပါတယ်။ ဒါပေမဲ့လည်း ဆင်းရဲပြီး၊ လူဦးရေ ထူထပ်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေနဲ့ ကြီးမားလှတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို ဘယ်လောက်ကြာကြာ ထမ်းနိုင်မလဲ ဆိုတဲ့အပေါ် စိုးရိမ်သံတွေလည်း ထွက်ပေါ်လာနေတာပါ။ ဒီအကြောင်း AP သတင်းဆောင်းပါးကို အခြေခံပြီး နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။
မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလိုလှုံလာကြတဲ့ ဒုက္ခသည်တွေကို ကူညီဖို့အတွက် လိုအပ်လာရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ထမင်းတနပ်သာစားပြီး ရိုဟင်ဂျာတွေကို ဝေမျှပေးမယ်လို့ ဝန်ကြီးချုပ် Sheikh Hasina က လတ်တလော ပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံထဲကနေ ရိုဟင်ဂျာဒုက္ခသည်တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့အပေါ် လမ်းဘေးဈေးသည် Majharul Islam ကတော့အကောင်းမြင်ထားပါတယ်။
“ရိုဟင်ဂျာတွေကို ကူညီတာ အဆိုးတော့ဖြစ်မှာမဟုတ်ပါဘူး။ သူတို့တွေက မွတ်ဆလင်တွေဖြစ်တဲ့အတွက် ကျနော်တို့ကို ဒုက္ခပေးမှာလည်း မဟုတ်ပါဘူး။ အစိုးရက သူတို့ကို နေစရာပေးမယ်၊ ဒီမှာ လက်ခံထားချင်တယ်ဆိုရင် မွတ်ဆလင်တွေအခြင်းခြင်း ညီအကိုလိုနေလို့ရပါတယ်။ ဒါက ပြဿနာမဟုတ်ပါဘူး။”
ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအတွက် ယာယီ ဒုက္ခသည်စခန်းတွေ ထပ်ပြီးဆောက်လုပ်ဖို့ နိုင်ငံတကာက လူမှုကူညီရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ကိုင်နေတယ်လု့ိ ဝန်ကြီးချုပ် ဟာစီနာကပြောဆိုထားတာပါ။ ဒါပေမယ့်လည်း ဒါဟာ ယာယီကူညီတာဖြစ်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံအစိုးရက ငြိမ်းချမ်းစွာပြန်လာခွင့်ပြုရမယ်လို့လည်း ဝန်ကြီးချုပ် ဟာစီနာက တောင်းဆိုထားပါတယ်။ ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်လာတဲ့ ရိုဟင်ဂျာ ၅ သိန်းကျော်ကို ရေရှည်အကူအညီပေးဖို့ အတွက်ကိုတော့ ဘင်္ဂလားဒေ့ရှ် လုပ်ငန်းရှင် Robiul Islam Palash တို့လို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
“ကျနော်တို့လုပ်နိုင်တာကတော့ သူတို့ိကို ယာယီကူညီပေးတာပါ။ ဒါက ပြသနာကိုရေရှည်ဖြေရှင်းနိုင်မှာတော့ မဟုတ်ပါဘူး။ နောက်တချက်က သူတို့ကို ဘယ်လောက်ကြာကြာလက်ခံထားမှာလည်း၊ ခုဆို ဒုက္ခသည် ၅ သိန်းကျော် ကျနော်တို့ နိုင်ငံထဲ တရားမဝင်ရောက်လာပြီ။ တချို့က ဒုက္ခသည် စခန်းထဲမှာနေပြီး တချို့ကလည်း ဒီက အရပ်သားတွေနဲ့ ရောပြီးနေပါတယ်။ ဆင်းတောင့်ဆင်းရဲနဲ့ ငတ်ပြတ်လာရင် တရားမဝင်အလုပ်တွေ သူတို့လုပ်လာနိုင်တယ်။ ဒီကိစ္စကို စဉ်းစားဖို့ိလိုပါတယ်။”
ဒေသခံ စီးပွါးရေးသမား တဦးဖြစ်တဲ့ Wasim Iftekhar ကလည်း ဒုက္ခသည်တွေကြောင့် အလုပ်အကိုင်တွေ ရှားပါးလာမှာ စိုးရိမ်နေတာပါ။
“ဘင်္ဂလားဒေ့ရှ်မှာ အလုပ်အကိုင်အခွင့်အလမ်းနည်းတယ်ဗျ။ ရိုဟင်ဂျာတွေ ဒီအတိုင်းဆက်ဝင်လာနေရင် ရှိနေတဲ့အလုပ်အကိုင်တွေ ခွဲဝေပေးရမျိုးဖြစ်လာမယ်။ ဒုက္ခသည်အဖြစ်ရောက်လာလို့ အလုပ်အကိုင်တွေ အသည်းအသန်လိုကြလိမ့်မယ်။ ဒီတော့ သူတို့တွေက ရတဲ့ဈေးနဲ့ ဝင်လုပ်ကြတော့မှာဗျ။ ဒါဆိုရင်တော့ ပြဿနာတွေ ပိုများလာနိုင်တယ်။ ဒါပေမယ့်လည်း အသက်အန္တရယ်ခြိမ်းခြောက်ခံနေရတဲ့အခြေအနေကြောင့် သူတို့ကို ကူညီရမှာပါ။”
ဒါခါ တက္ကသိုလ်ကျောင်းသားတချို့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း လုံခြုံရေးအတွက် စိုးရိမ်နေပြီး ရိုဟင်ဂျာဒုက္ခသည်တွေကို သံတမန်ရေးနည်းလမ်းနဲ့ အမြန်ဆုံး ပြန်ပို့စေချင်ကြပါတယ်။
ရိုဟင်ဂျာမွတ်ဆလင်တွေထွက်ပြေးကြတဲ့ ကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရချိန်မှာဘဲ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပဋိပက္ခကို ဖြေရှင်းကိုင်တွယ်သွားမယ့် လုပ်ငန်းစဉ်တွေကို အောက်တိုဘာလ ၁၂ ရက်နေ့က ပြည်သူကို ရှင်းလင်း ပြောဆိုခဲ့ပါတယ်။
ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးကြရတဲ့ မြန်မာနိုင်ငံက လူတွေ ပြန်လည် လက်ခံရေး အတွက် ဘင်္ဂလားဒေရှ့် အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေပြီး၊ ပဋိပက္ခ ဖြစ်ခဲ့တဲ့ ဒေသတွင်းက လူနည်းစု တိုင်းရင်းသားတွေ၊ ကိုးကွယ်ယုံကြည်မှု အရ လူနည်းစု ဖြစ်နေကြသူတွေကို မူလအခြေအနေထက် ပိုပြီး ကောင်းမွန်တဲ့ အခြေအနေမျိုး၊ ပဋိပက္ခတွေ ရေရှည် ချုပ်ငြိမ်းသွားစေရေးတို့ အတွက်ပါ ဆောင်ရွက်မယ်လို့လည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ကတိပြု ပြောဆိုသွားခဲ့ပါတယ်။
Your browser doesn’t support HTML5