နိုင်ငံတကာအရေး ထိရောက်အောင်ဖြေရှင်းဖို့ ကုလလုံခြုံရေးကောင်စီကို အမေရိကန်တိုက်တွန်း

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က လုံခြုံရေးကောင်စီ အွန်လိုင်း အစည်းအဝေးမှာပြောကြား

(Zawgyi/Unicode)

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ နိုင်ငံတကာအရေး ဖြေရှင်းရာမှာ ပျက်ကွက်နေတဲ့အပေါ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက သတိပေးလိုက်ပါတယ်။

“ကုလသမဂ္ဂ အဖွဲ့ဝင်တွေ၊ အထူးသဖြင့် လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်တွေကိုယ်တိုင် ကုလသမဂ္ဂရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်တာ၊ နိုင်ငံတကာ ဥပဒေ ချိုးဖောက်သူတွေကို အရေးယူဖို့ ကြိုးပမ်းရာမှာ အဟန့်အတား လုပ်တဲ့အခါ၊ တခြားလူတွေ အနေနဲ့လည်း အရေးယူ အပြစ်ပေးမခံရဘဲ အလားတူ ချိုးဖောက်လို့ ရတယ်ဆိုတာမျိုး သတင်းစကားပါးရာ ရောက်ပါတယ်။” လို့ Antony Blinken က သောကြာနေ့ လုံခြုံရေးကောင်စီ အွန်လိုင်း အစည်းအဝေးမှာ ပြောဆိုသွားတာပါ။

မြန်မာ့အရေး နိုင်ငံတကာက ဖိအားပေးဖို့ အမေရိကန်နဲ့ မဟာမိတ်တွေက တိုက်တွန်းနေပေမဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာရှိတဲ့ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေ ဖြစ်ကြတဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတို့ရဲ့ ကန့်ကွက်မှုတွေ ကြုံနေရချိန်မှာပဲ ဝန်ကြီး Blinken သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။

အမြဲတမ်းအဖွဲ့ဝင် ဘယ်နိုင်ငံတွေ ဆိုတာကိုတော့ ဝန်ကြီး Blinken က တိတိကျကျ ပြောမသွားပေမဲ့ လုံခြုံရေးကောင်စီမှာ မေလအတွက် အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေကတော့ အမေရိကန်ရဲ့ ရပ်တည်ချက်အပေါ် ဆန့်ကျင်တဲ့ သဘောထားတွေ ပြောခဲ့ကြတာပါ။

ဝန်ကြီး Blinken ကတော့ မကြာသေးခင် နှစ်တွေမှာ အမေရိကန် အစိုးရဖက်က ပျက်ကွက်တာတွေ ရှိခဲ့ကြောင်း လက်ခံပြောဆိုခဲ့ပြီး၊ လက်တွေ့လုပ်ရပ်တွေအပေါ် စောင့်ကြည့် အကဲဖြတ်ဖို့လည်း ပြောဆိုခဲ့ပါတယ်။

Your browser doesn’t support HTML5

နိုင်ငံတကာအရေး ထိရောက်အောင်ဖြေရှင်းဖို့ ကုလလုံခြုံရေးကောင်စီကို အမေရိကန်တိုက်တွန်း


.............

(Unicode)




