ထိုင်းမြေအောက်ရထားဆောက်လုပ်ရေးလုပ်ငန်း မြေပြိုတဲ့နေရာက မြန်မာဝန်ထမ်းအလောင်းတွေ့ရှိ

ထိုင်းနိုင်ငံ Nakhon Ratchasima ခရိုင်၊ ပါချောင်မြို့နယ်ထဲက မြေအောက်ရထားလမ်း ဆောက်လုပ်ရေးလုပ်ငန်း မြေပြိုမှုကို တွေ့ရစဉ်

ထိုင်းနိုင်ငံ Nakhon Ratchasima ခရိုင်၊ ပါချောင်မြို့နယ်ထဲက မြေအောက်ရထားလမ်း ဆောက်လုပ်ရေးလုပ်ငန်း မြေပြို့မှုမှာ ပိတ်မိနေတဲ့ ဆောက်လုပ်ရေး၀န်ထမ်း သုံးဦးထဲက မြန်မာနိုင်ငံသားတဦးကတော့ အောက်စီဂျင်ပြတ်ပြီး အသက်သေဆုံးသွားကြောင်း Nakhon Ratchasima မြို့ပိုင်က အတည်ပြုပြောကြားပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးပါမယ်။

ထိုင်းနိုင်ငံ Nakhon Ratchasima ခရိုင်၊ ပါချောင်မြို့နယ်ထဲက မြေအောက်ရထား လမ်းဆောက်လုပ်ရေးလုပ်ငန်း မြေပြို့မှုမှာ ပိတ်မိနေတဲ့ ဆောက်လုပ်ရေး၀န်ထမ်း သုံးဦးထဲက တဦးကို ပထမဦးဆုံးတွေ့ရှိခဲ့ပြီလို့ Nakhon Ratchasima မြို့ပိုင်က ဩဂုတ်လ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့တာပါ။ အဲဒီ တွေ့ရှိတဲ့သူဟာ မြန်မာနိုင်ငံသားဖြစ်ပြီး အသက် သေဆုံးနေပြီဖြစ်ကြောင်း Nakhon Ratchasima မြို့ပိုင် Mr. Chaiwat Chuenkosum က ဒီကနေ့ ဩဂုတ်လ ၂၉ ရက် နေ့လည်ပိုင်းမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းဘာသာနဲ့ သတင်းထောက်တွေကို အခုလိုပြောဆိုပါတယ်။

“ကျနော်တို့ဝန်ထမ်းတွေဟာ ပိတ်မိနေတဲ့နေရာနဲ့ အနီးဆုံးရောက်အောင် သွားတဲ့အခါမှာ ကားတစီးက မြေကြီးတွေပြိုနေတဲ့အောက်မှာရှိပြီး အဲဒီကားအနီးမှာပဲ အဲဒီအလောင်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အခုကယ်ထုတ်နိုင်ခဲ့တဲ့ ဝန်ထမ်းတဦးကို ပထမဆုံးတွေ့ပြီး ကယ်ထုတ်နိုင်ခဲ့ပေမယ့် အဲဒီဝန်ထမ်းဟာ နာရီများစွာ ပိတ်မိနေခဲ့တာကြောင့် အောက်ဆီဂျင်ပြတ်လပ်ပြီး သေဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ သူ့အလောင်းကို လူနာတင်ယာဥ်နဲ့ ဆေးရုံကို သယ်ဆောင်သွားခဲ့ပြီး ဆက်လက် စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်” - လို့ ထိုင်းဘာသာနဲ့ ပြောသွားပါတယ်။

သေဆုံးသွားတဲ့ မြန်မာကားမောင်းသမားကို ထိုင်းမီးရထားကယ်ဆယ်ရေးလုပ်သားတွေနဲ့ တရုတ်နိုင်ငံကနေ လာရောက်ပြီး ကယ်ဆယ်ရေး လုပ်နေတဲ့ China's Hunan Sunshine ကယ်ဆယ်ရေး အဖွဲ့ဝင်တွေက ရှာဖွေနိုင်ခဲ့တာဖြစ်တယ်လို့ Bangkok Post သတင်းမှာ ဖေါ်ပြခဲ့ပါတယ်။ သေဆုံးသူဟာ မြန်မာနိုင်ငံသားဖြစ်ကြောင်းကိုလည်း Nakhon Ratchasima မြို့ပိုင်က အတည်ပြုခဲ့ပါတယ်။

ဒီကနေ့ မနက် ၁၁ နာရီအချိန် လောက်မှာ ပြန်လည် တွေ့ရှိရတဲ့ မြန်မာအလုပ်သမားကတော့ ထရပ်ကားမောင်းသမားဖြစ်ပြီး သူ့ရဲ့အလောင်းကို သယ်ထုတ်သွားပြီဖြစ်တယ်လို့ ဆိုပါတယ်။

ရှာဖွေမတွေ့သေးတဲ့ ပိတ်မိနေသေးတဲ့ တရုတ်အလုပ်သမား ၂ ဦးထဲက ၁ ဦးကတော့ ဆောက်လုပ်ရေး လုပ်ငန်းခွင် ကြီးကြပ်ရေးမှူးဖြစ်သလို Backhoe မြေတူးကားမောင်းသမား ဖြစ်တယ်လို့ဆိုပါတယ်။ အခုဆိုရင် အဲဒီကျန်နေတဲ့ တရုတ်အလုပ်သမား၂ဦးကို ကယ်ဆယ်နိုင်ဖို့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်နေကြောင်း ထိုင်းအာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။

Your browser doesn’t support HTML5

ထိုင်းမြေအောက်ရထားဆောက်လုပ်ရေးလုပ်ငန်း မြေပြိုတဲ့နေရာက မြန်မာဝန်ထမ်းအလောင်းတွေ့ရှိ