BRAVE Burma Act မူကြမ်း မြန်မာ့အရေး ကန်လွှတ်တော်အဖွဲ့ တင်သွင်း

NUG ဝန်ကြီး ဦးအောင်မျိုးမင်း(ယာအစွန်) တက်ရောက်တဲ့ အမေရိကန် ပါတီနှစ်ရပ်လုံးနဲ့ဖွဲ့စည်းထားတဲ့ Burma Caucus အဖွဲ့မိတ်ဆက်ပွဲ။ (ဇွန် ၂၇၊ ၂၀၂၄/ဗွီအိုအေ)

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပိုပြီး ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှုအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာအက်ဥပဒေ Burma Act Burma Act ရဲ့ နောက်ဆက်တွဲအဖြစ် BRAVE Burma Act ဥပဒေမူကြမ်းတရပ် တင်သွင်းထားကြောင်း Burma Caucus အဖွဲ့ရဲ့ ပူးတွဲ ဥက္ကဋ္ဌ ရီပါဘလစ်ကန်အမတ် Bill Huizenga (ဘင်လ် ဟိုင်ဇင်ဂါ) က ကြေညာလိုက်ပါတယ်။ မြန်မာ့အရေး အမေရိကန်အစိုးရတွင်းမှာ တွန်းအားပေးလုပ်ဆောင်နိုင်ဖို့ အမေရိကန်လွှတ်တော်တွင်း ပါတီ၂ ရပ်လုံးက ကိုယ်စားလှယ်တွေ ပူးပေါင်းထားတဲ့ Burma Caucus အဖွဲ့ မိတ်ဆက်ပွဲမှာ ပြောသွားတာပါ။ ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ မအိသန့်စင်က တင်ဆက်ထားပါတယ်။

မင်္ဂလာပါရှင်။ အမေရိကန်အစိုးရအတွင်းမှာ မြန်မာ့အရေးကို တွန်းအားပေးလုပ်ဆောင်နိုင်ဖို့အတွက် ရီပါဘလစ်ကန်ရော၊ ဒီမိုကရက်ပါ ပါတီ၂ ရပ်လုံးက အထက်နဲ့အောက် လွှတ်တော်အမတ်တွေ၊ ကိုယ်စားလှယ်တွေ ပူးပေါင်းပြီးတော့ ဖွဲ့စည်းထားတဲ့ Burma Caucus အဖွဲ့ကို မိတ်ဆက်တဲ့ပွဲကို ရောက်နေတာ ဖြစ်ပါတယ်။ ဒီ Burma Caucus အဖွဲ့ရဲ့ ပူးတွဲ ဥက္ကဋ္ဌတွေကတော့ Michigan ပြည်နယ်က ရီပါဘလစ်ကန်အမတ် Bill Huizenga နဲ့ Minnesota ပြည်နယ်က ဒီမိုကရက်အမတ် Betty McCollum တို့ ဖြစ်ပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပိုပြီး ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှုအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာအက်ဥပဒေ Burma Act ရဲ့ နောက်ဆက်တွဲအဖြစ် BRAVE Burma Act ဥပဒေမူကြမ်းတရပ် တင်သွင်းဖို့ရှိတယ်လို့ Burma Caucus အဖွဲ့ရဲ့ ပူးတွဲ ဥက္ကဋ္ဌရီပါဘလစ်ကန်အမတ် Bill Huizenga (ဘင်လ် ဟိုင်ဇင်ဂါ) က ကြေညာလိုက်ပါတယ်။

"မြန်မာပြည်သူတွေနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးက သူတို့ရဲ့ အခွင့်အရေးအတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေတာကို ထင်ဟပ်စေတဲ့ ဥပဒေမူကြမ်းဖြစ်ပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထိရောက်စေဖို့ ကျနော်တို့ ကြိုးပမ်းသွားမှာပါ။ ဒဏ်ခတ်မှုတွေ တိုးပြီး ချနိုင်အောင်နဲ့ စစ်တပ်ရဲ့ လုပ်ရပ်တွေအတွက် တာဝန်ခံမှုရှိအောင် ဖိအားပေးသွားမှာ ဖြစ်ပြီး ဂျက်လေယာဉ်လောင်စာဆီလိုမျိုး စစ်ပွဲဖြစ်အောင် ကျူးလွန်နိုင်တဲ့ လုပ်ရပ်တွေ စစ်တပ်က လက်လှမ်းမမီအောင် လုပ်ဆောင်သွားမှာဖြစ်တယ်"

အမေရိကန်လွှတ်တော်တွင်း ပါတီ၂ ရပ်လုံးက ကိုယ်စားလှယ်တွေ ပူးပေါင်းထားတဲ့ Burma Caucus အဖွဲ့ မိတ်ဆက်ပွဲမှာ အမတ် Huizenga က ပြောသွားတာပါ။ Burma Caucus က တင်သွင်းထားတဲ့ Bringing Real Accountability Via Enforcement၊ အတိုကောက်အားဖြင့် BRAVE ဥပဒေမူကြမ်းကို ဇွန်လ ၂၇ ရက်နေ့မှာမှ အောက်လွှတ်တော်ကို တင်သွင်းခဲ့တာ ဖြစ်ပြီး အထက်လွှတ်တော်မှာလည်း တင်သွင်း အတည်ပြုရဦးမှာဖြစ်ပါတယ်။ Burma Caucus ရဲ့ ပူးတွဲဉက္ကဌ ၂ ယောက်အပြင် ဒီမိုကရက်အမတ် Brad Sherman နဲ့ ရီပါဘလစ်ကန်အမတ် Ann Wagner တို့ကပါ ပါဝင်ပြီး ပူးတွဲ တင်သွင်းခဲ့တာပါ။ BRAVE ဉပဒေမူကြမ်းက ၂၀၂၂ မှာ တင်သွင်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအက်ဥပဒေ Burma Act ရဲ့ နောက်ဆက်တွဲဖြစ်ပြီး ဒီမူကြမ်းပြင်ဆင်ချက်ထဲမှာ MOGE မြန်မာ့ရေနံနဲ့ လောင်စုဆီကဏ္ဍ၊ MEB မြန်မာ့စီးပွားရေးဘဏ်နဲ့ ဂျက်လေယာဉ်လောင်စာဆီဆိုင်ရာ နိုင်ငံခြားပုဂ္ဂိုလ်တွေကို ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ရေးမှာ အမေရိကန်သမ္မတအနေနဲ့ နှစ်စဉ် မဖြစ်မနေ ပြန်လည်သုံးသပ်ဖို့ ထည့်သွင်းထားပါတယ်။ စစ်ကောင်စီ ထိန်းချုပ်ထားသရွေ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF မှာ မြန်မာပါဝင် မဲပေးနိုင်မှုနဲ့ IMF ကနေ စစ်ကောင်စီချေးယူနိုင်မှု ကန့်သတ်နိုင်အောင် အမေရိကန်ဘဏ္ဍာရေးဌာနအနေနဲ့ လုပ်ဆောင်ထားဖို့လည်း ပါဝင်ပါတယ်။ ၂၀၂၄ နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်အစိုးရပဲ ဆက်ရှိနေပါစေ၊ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်အစိုးပဲ ပြန်တက်လာပါစေ မြန်မာ့အရေးကို ဆက်လက်အလေးထားဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး Burma Caucus ရပ်တည်နေတာဖြစ်ကြောင်း အမတ် Huizenga က ပြောပါတယ်။

“သမ္မတရွေးကောက်ပွဲမှာ ဘာရလဒ်ပဲ ထွက်ပါစေ Burma Caucus ဆက်ရပ်တည်နေမှာပါ။ နောက်ထပ်လွှတ်တော်တရပ်ခေါ်တဲ့အချိန်မှာလည်း ကျနော်တို့ ဆက်ရှိနေမှာပါ။”

ဒီနေ့ပွဲကို တတ်ရောက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေး ဝန်ကြီးဦးအောင်မျိုးမင်းကတော့ Burma Caucus ဖွဲ့စည်းခြင်းအားဖြင့် မြန်မာပြည်သူတွေကို ပိုထိထိရောက်ရောက် ကူညီသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းပြောပါတယ်။

Burma Caucus အဖွဲ့ကို မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့ ၃ နှစ်ပြည့် ၂၀၂၄ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဇွန်လ ၂၇ ရက်နေ့၊ ကြာသပတေးနေ့၊ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်၊ ဒေသစံတော်ချိန် နေ့လည် ၂ နာရီမှာ Burma Caucus အဖွဲ့ မိတ်ဆက်ပွဲကို တင်ဆက်ခဲ့တာ ဖြစ်ပါတယ်ရှင်။ ကျမ အိသန့်စင်ပါ။ ဝါရှင်တန်ဒီစီကနေ သတင်းပေးပို့ပေးနေပါတယ်ရှင်။

Your browser doesn’t support HTML5

BRAVE Burma Act မူကြမ်း မြန်မာ့အရေး ကန်လွှတ်တော်အဖွဲ့ တင်သွင်း

Your browser doesn’t support HTML5

မြန်မာ့အရေး Burma Caucus ရဲ့ ဥပဒေမူကြမ်းသစ်