စိန်ခေါ်မှုတွေရှိနေဆဲ အမျိုးသမီးအခွင့်အရေး

ကျား-မ ရေးရာတန်းတူညီမျှရေးကွန်ရက် (GEN) ရဲ့ ညွှန်ကြားရေးမှူး မစပယ်ဖြူ

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံ ဒီမိုကရေစီ အပြောင်းအလဲမှာ အမျိုးသမီးတွေ ပါဝင်ဆောင်ရွက်မှုနဲ့ ခေါင်းဆောင်မှုအပေါ် မေးခွန်းထုတ်နေမှု ရှိနေတာဟာ အဆိုးဆုံးစိန်ခေါ်မှု ဖြစ်တယ်လို့ ကျားမရေးရာတန်းတူညီမျှရေးကွန်ရက် (GEN) ရဲ့ ညွှန်ကြားရေးမှူး မစပယ်ဖြူ က ပြောဆိုလိုက်ပါတယ်။ ဆွစ်ဇလန်နိုင်ငံ (Switzerland)၊ ဂျီနီဗားမြို့ (Geneva) မှာ ကျင်းပခဲ့တဲ့ အမျိုးသမီးများအပေါ် ခွဲခြားနှိမ့်ချမှု ပပျောက်ရေး (CEDAW - Convention on the Elimination of all Forms of Discrimination Against Women ) ကုလသမဂ္ဂ ညီလာခံမှာ မြန်မာပြည်တွင်းက လူထုအခြေပြုအဖွဲ့တခုအဖြစ်နဲ့ ပထမဦးဆုံး အစီရင်ခံစာ တင်ခွင့်ရခဲ့တဲ့ ကျားမရေးရာ တန်းတူညီမျှရေးကွန်ရက်ရဲ့ ညွန်ကြားရေးမှူး မစပယ်ဖြူ CEDAW ညီလာခံတက်ဖို့ မသွားခင်မှာ ကိုသားညွှန့်ဦး က တွေ့ဆုံမေးမြန်းထားပါတယ်။

Your browser doesn’t support HTML5

စိန်ခေါ်မှုတွေရှိနေဆဲ အမျိုးသမီးအခွင့်အရေး


ကိုသားညွှန့်ဦး ။ ။ မစပယ်ဖြူ အခုလို VOA က မေးမြန်းဖြေကြားပေးတာကို ကျေးဇူးအများကြီး တင်ပါတယ်။ ကျနော် သိရသလောက် ဒီအစိုးရက CEDAW ကို တက်မယ့် ရေးဆွဲတဲ့ paper စာတမ်းကော်မတီထဲမှာလည်း မစပယ်တို့ ပါတယ်။ သီးခြားကိုယ့်အနေနဲ့လည်း သက်သက်တပ်ပြီး တင်ပြမယ်ဆိုတာ ဘယ်လိုကြောင့်လဲ။

မစပယ်ဖြူ ။ ။ ကျမတို့ ဒီဥပဒေမူကြမ်း ရေးဆွဲတဲ့လုပ်ငန်းစဉ်မှာရော နိုင်ငံတော်အစိုးရရဲ့ CEDAW အစီရင်ခံစာ ရေးဆွဲတဲ့ လုပ်ငန်းစဉ်မှာရော ကျမတို့ အစဉ်တစိုက် ပါဝင်ခဲ့တယ်။ ဒီအထဲမှာ ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့ အချက်တွေကိုလည်း ကျမတို့က ရေးသားအကြံပြုခဲ့တယ်။ တိုက်တွန်းဆွေးနွေးခဲ့တယ်။ ဒါပေမဲ့လဲ ဝန်ကြီးဌာနပေါင်းစုံ ပါဝင်ပြီးတော့ ရေးဆွဲရေးလုပ်ငန်းကော်မတီအနေနဲ့ ကျမတို့ ပူးပေါင်းလုပ်ဆောင်တဲ့နေရာမှာ အမြင်မတူကြဘူး။ အယူအဆတွေ မတူကြဘူး။ ပြီးတော့ အပြောင်းအလဲတွေကို လက်ခံနိုင်တဲ့ ဝန်ကြီးဌာနတွေ ရှိသလို။ လက်သိပ်မခံနိုင်သေးတဲ့ ဝန်ကြီးဌာနတွေလည်း ရှိတယ်။ အဲဒီတော့ ကျမတို့တွေဟာ အမျိုးသမီးအခွင့်အရေးကို ကိုယ်စားပြုတဲ့ ကွန်ရက်တခုအနေနဲ့ ဝန်ကြီးဌာနတခုတည်းနဲ့ ပူးပေါင်းလုပ်ဆောင်မှု ရနေတာနဲ့ပဲ ကျမတို့ဟာ ကျမတို့ လိုချင်တဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်လိမ့်မယ်လို့ ယုံကြည်စိတ်ချလို့ မရဘူးပေါ့။ နိုင်ငံတော်အစိုးရအနေနဲ့ ပြောင်းလဲလုပ်ဆောင်သင့်တဲ့ မူဝါဒတွေ၊ ဥပဒေတွေ ဖြစ်လာဖို့အတွက် ဒီ CEDAW အစီရင်ခံစာကို ရေးသားခြင်းကို ကျမတို့က One of the advocacies. ဒါဟာလဲ ကျမတို့အနေနဲ့ မူဝါဒရေးရာ တိုက်တွန်းအကြံပြုနိုင်တဲ့ နည်းလမ်းတခုအနေနဲ့ မြင်ပါတယ်။ အဲဒီနည်းလမ်းလေးကို ကျမတို့က အခွင့်အလမ်းတခုအနေနဲ့ အသုံးပြုချင်တဲ့အတွက် သီးသန့်ရေးဖြစ်ခြင်း ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ ကျမတို့ တိုက်တွန်းမှုတွေ၊ အကြံပြုချက်တွေဟာ အစိုးရ တင်သွင်းတဲ့ အစီရင်ခံစာထဲမှာ ရာနှုန်းပြည့် ပါဝင်မနေဘူး။ လက်ခံထည့်သွင်းစဉ်းစားခြင်း မရှိဘူး။ အဲဒီလိုပဲ ကျမတို့နဲ့ ပူးပေါင်းရေးဆွဲနေတဲ့ ဥပဒေမူကြမ်းမှာလည်း ကျမတို့ဘက်က အကြံပြုတဲ့ ပြဌာန်းချက်တွေ တချို့ကို ဝန်ကြီးဌာနတွေက လက်ခံသဘောတူ စဉ်းစားပေးတာ မရှိတဲ့အတွက်ကြောင့် ဖြုတ်ခဲ့ရတာ၊ ချန်ခဲ့ရတာတွေ ရှိတယ်။ အဲဒါကြောင့် ကျမတို့က ဒါတွေဟာ အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ အကြမ်းဖက်မှုကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ဖို့အတွက် အရေးကြီးတယ်လို့ ယူဆတဲ့အတွက် ဒီ CEDAW အစီရင်ခံစာကို ရေးသားခြင်းကိုပဲ အခွင့်အလမ်းတခုအနေနဲ့ အသုံးပြုပြီးတော့ အတတ်နိုင်ဆုံး အမျိုးသမီးတွေဘက်က တောင်းဆိုချက်တွေကို နိုင်ငံတော်အစိုးရနဲ့ ဥပဒေပြုလွှတ်တော်က စဉ်းစားနိုင်အောင် ကျမတို့တွေ အစီရင်ခံစာ ရေးသားရခြင်း ဖြစ်ပါတယ်။

ကိုသားညွှန့်ဦး ။ ။ မစပယ်ဖြူ အခုန ပြောသွားတဲ့အထဲမှာ နှစ်ခုတွေ့တယ်။ တခုက CEDAW Report ကိုလည်း မစပယ်ဖြူတို့ကိုယ်တိုင် အစိုးရဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာတွေ ရှိတယ်။ နောက်တခုက ဥပဒေကြမ်း အမျိုးသမီးနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်း။ ဒီနှစ်ဆင့်လုံးမှာ အစိုးရဘက်က ဘာဖြစ်လို့ မြန်မာနိုင်ငံမှာလည်း အမျိုးသမီးအဖွဲ့အစည်းတွေ တော်တော်များများ ရှိပါတယ်။ နောက် Grassroots အဖွဲ့အစည်းတွေ ရှိတယ်။ ဒီအဖွဲ့အစည်းတွေနဲ့ ဘယ်လောက်အထိ Consultation ညှိနှိုင်းမှုရှိလဲ။ နောက် တပ်ဖက်က ဘယ်လောက်အထိ လိုလိုလားလား လက်ခံမှုရှိလဲ။

မစပယ်ဖြူ ။ ။ ကျမတို့ အတွေ့အကြုံအရတော့ ကျမတို့ ကွန်ရက်တွေနဲ့ပဲ ညှိနှိုင်းပြောဆိုပြီးတော့ ဆွေးနွေးကြတာတောင်မှ တင်ပြလာတဲ့ အချက်တချို့ကို နိုင်ငံတော်အစိုးရဘက်ကလည်း ရာနှုန်းပြည့် လက်မခံနိုင်သေးတဲ့ အနေအထားတွေလည်း ရှိတယ်။ ပြီးတော့ သူတို့က Consultation လုပ် အမည်တပ်တဲ့ ဖြစ်စဉ်တွေပါ။ လူတိုင်းလူတိုင်း ပါဝင်ခွင့်ရမယ့် အခြေအနေတွေနဲ့ အခွင့်အလမ်းတွေတော့ နည်းနေသေးတယ်လို့ ပြောလို့ရတယ်။ ကျမတို့ရဲ့ အစီရင်ခံစာ ရေးသားတဲ့ဖြစ်စဉ်မှာ၊ ဥပဒေကြမ်းရေးဆွဲတဲ့ ဖြစ်စဉ်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေ၊ ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိတဲ့လူတွေလည်း လာတက်ကြတယ်။ ဒါပေမဲ့ သူတို့ဘက်က တက်တက်ကြွကြွ ပါဝင်ဆွေးနွေးတာမျိုးတော့ ကျမတို့ တွေ့ရမြင်ရတာ နည်းပါတယ်။ သူတို့နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာ ကိစ္စတွေ ရှိလာရင်တော့ မဖြစ်မနေ ပါဝင်ဆွေးနွေးရတာမျိုးတော့ ရှိပါတယ်။ အဲဒီတော့ အခုထက်ထိတော့ Generally ခြုံပြောရမယ်ဆိုရင်တော့ ဥပဒေတွေ၊ မူဝါဒတွေ ရေးသားတဲ့နေရာမှာ တပ်မတော်နဲ့ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ကိစ္စတွေ ပြောကြမယ်၊ ဆိုကြမယ်၊ ဆွေးနွေးကြမယ် ဆိုရင်တော့ အဟန့်အတားတွေ၊ အတားအဆီးတွေကတော့ ရှိနေဆဲပါ။

ကိုသားညွှန့်ဦး ။ ။ ပြီးခဲ့တဲ့ကာလမှာ ဖြစ်ခဲ့တဲ့ အမျိုးသမီးအခွင့်အရေးနဲ့ အများကြီး သက်ဆိုင်ပါတယ်။ မျိုးစောင့်ဥပဒေကြမ်းဆိုပြီး လူသိများကြတယ်။ ဥပဒေ (၄) ရပ် ရှိတယ်။ ဒါနဲ့ ပတ်သက်ပြီး GEN အနေနဲ့ တစုံတရာ ဘာအကြံပြုတင်ပြဖို့ ရှိလဲ။

မစပယ်ဖြူ ။ ။ ကျမတို့ကတော့ မျိုးစောင့်ဥပဒေ (၄) ခု စပြီး လွှတ်တော်ကို တင်ကတည်းက ဦးဆောင်ကန့်ကွက်ခဲ့တဲ့ အဖွဲ့အစည်း၊ ကွန်ရက်တွေထဲမှာ ပါပါတယ်။ အခုထက်ထိလည်း ကျမတို့က ဒီဥပဒေ (၄) ခု စလုံးကို မထောက်ခံပါဘူး။ ကျမတို့ ရေးသားတဲ့ CEDAW အစီရင်ခံစာမှာလည်း အစိုးရသစ်ကို ဒီလို လူ့အခွင့်အရေးစနစ် စံနှုန်းနဲ့ မကိုက်ညီဘဲနဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို တိုက်ရိုက်ကော၊ သွယ်ဝိုက်၍ နိမ့်ချချိုးနှိမ်ရာ ရောက်တယ့် ဒီမျိုးစောင့်ဥပဒေ (၄) ခုကို ပြင်ဆင်ပေးဖို့၊ ဖျက်သိမ်းပေးဖို့အတွက် ကျမတို့က အကြံပြုချက်တခုအနေနဲ့ ထည့်သွင်းထားပါတယ်။

ကိုသားညွှန့်ဦး ။ ။ အစိုးရတင်တဲ့ Report မှာ ဒီကိစ္စနဲ့ ပတ်သက်လို့ ထည့်သွင်းထားတာ ရှိပါလား။

မစပယ်ဖြူ ။ ။ အစိုးရတင်တဲ့ အစီရင်ခံစာမှာတော့ မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး သီးသန့်ရေးသားထားတာတော့ မရှိပါဘူး။

ကိုသားညွှန့်ဦး ။ ။ မမေစပယ်ဖြူ ဘယ်လို မျှော်လင့်လဲ။ ဒီဥပဒေကြီးကလည်း တကယ်တမ်း ပြောရရင် ဥပဒေအနေနဲ့ အတည်ဖြစ်သွားပြီဖြစ်တော့ တကယ်တမ်း ပြန်ဖျက်ဖို့အတွက် လွယ်ကူပ့ါမလား။ တဘက်မှာ ဖိအားပေးနေတဲ့ အင်အားစုတွေကလည်း ရှိတာကို။

မစပယ်ဖြူ ။ ။ ဥပဒေတခုကို ဖျက်သိမ်းတာ၊ ပြင်ဆင်တာ၊ ရေးဆွဲတာ အားလုံးဟာ ရည်ရွယ်ချက်မှန်ဖို့ လိုတယ်လို့ ကျမကတော့ ယူဆပါတယ်။ ဥပဒေတွေ ကျမတို့ ဘာကြောင့် ရေးဆွဲရပါလဲ။ ဥပဒေတွေဟာ နိုင်ငံသားတွေရဲ့ အကျိုးနဲ့ နိုင်ငံသားတွေကို ကာကွယ်ဖို့၊ စောင့်ရှောက်ဖို့အတွက် ဖြစ်ပါတယ်။ ဥပဒေတွေ ပြဌာန်းခြင်းအားဖြင့် နိုင်ငံသားတွေနဲ့ နိုင်ငံသားတွေရဲ့ အကျိုးကို ကာကွယ်စောင့်ရှောက်နိုင်ခြင်း မရှိဘဲနဲ့ ကောင်းကျိုးထက် ဆိုကျိုးတွေကို ဖြစ်စေတယ်။ ဒါမှ မဟုတ်ရင်လဲ အငြင်းပွားမှုနဲ့ ပဋိပက္ခတွေကို ဖြစ်စေတယ်ဆိုရင် အဲဒီ ဥပဒေတွေကို ဖျက်သိမ်းဖို့၊ ပြောင်းလဲဖို့၊ ပြင်ဆင်ဖို့ ဘာမှ နောက်တွန့်နေစရာ မလိုဘူးလို့ ထင်ပါတယ်။ အဲဒီတော့ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာရှိတဲ့ ဘာသာရေး ဓလေ့ထုံစံတွေ၊ ယဉ်ကျေးမှုဆိုင်ရာ စံနှုန်းသတ်မှတ်ချက်တွေဟာ လူ့အခွင့်အရေးစံနှုန်း၊ အမျိုးသမီးအခွင့်အရေးစံနှုန်းတွေနဲ့ ကိုက်ညီမှု မရှိဘူးဆိုရင် ကျမတို့ဟာ လူ့အခွင့်အရေးစံနှုန်းနဲ့ပဲ တိုင်းတာရမယ်လို့ CEDAW သဘောတူညီချက်ထဲမှာလည်း အပြည့်အဝ ရေးသားထားသလို၊ လူ့အခွင့်အရေး ကြေညာစာတမ်းမှာလည်း ဖော်ပြထားပါတယ်။

ကိုသားညွှန့်ဦး ။ ။ လူ့အခွင့်အရေး ဥပဒေတွေနဲ့ ပတ်သက်ပြီး မေးချင်ပါတယ်။ မြန်မာပြည်က ထူးထူးခြားခြား ထိုးတာက CRC နဲ့ CEDAW – CRC ဆိုရင် ခလေးသူငယ်ဥပဒေဆိုပြီး ရှိပါတယ်။ CEDAW အတွက်ဆိုရင် အခုနပြောတဲ့ ဥပဒေကြမ်းတရပ် ပြင်ဆင်နေတယ်။ ဒါပေမဲ့ ဒီဥပဒေကြမ်းနဲ့ CEDAW တခုလုံးနဲ့ ခြုံငုံပြီးတော့ လုံလောက်ရဲ့လား။

မစပယ်ဖြူ ။ ။ CRC မှာတော့ Child Laws ရှိတယ်ပေါ့။ ခလေးသူငယ် အခွင့်အရေးဆိုပြီးတော့ ကျမတို့က ဥပဒေတခုတည်းမှာပဲ အားလုံးကို ဖော်ပြလို့ ရပေမယ့်လဲ၊ CEDAW ကြတော့ သူ့ရဲ့ သဘောတူစာချုပ်ထဲမှာ ပါဝင်တဲ့ အချက်တွေကလည်း တော်တော်လေးကို များပါတယ်။ အဲဒီတော့ ကျမတို့ အခုရေးဆွဲနေတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေမူကြမ်းဟာ အမျိုးသမီးတွေ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး CEDAW ရဲ့ အခြေခံမူတွေနဲ့ ကိုက်ညီအောင်သာ ကျမတို့က လွှမ်ခြုံရေးသားထားနိုင်ပါတယ်။ အဲဒီအထဲမှာ အတတ်နိုင်ဆုံး အမျိုးသမီးတွေရဲ့ လက်ထပ်ထိမ်းမြားခွင့်၊ ကွာရှင်းပျက်ဆဲခွင့်နဲ့ အမွေဆက်ခံပိုင်ခွင့်နဲ့ ပြီးတော့ အမျိုးသမီးတွေ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အခွင့်အရေးတွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေကို ကျမတို့ အပြည့်အဝ ရရှိအောင် ဒီဥပဒေကြမ်းမှာ ထည့်သွင်းရေးဆွဲထားတာမျိုးတော့ ရှိပါတယ်။ ဒါပေမဲ့ CEDAW က ဖော်ပြထားတဲ့ အချက်တွေအားလုံးကိုတော့ လွှမ်ခြုံပြီးတော့ မရှိပါဘူး။ အမျိုးသမီးရေးလို့ ပြောတဲ့အခါမှာ နိုင်ငံရဲ့ကိစ္စရပ်တိုင်းလိုလိုဟာ အမျိုးသမီးတွေ ပါဝင်ပတ်သက်မှုတွေ ရှိနေတာမို့ကြောင့် CEDAW ဥပဒေကြီးတခုတည်းနဲ့ ပြဌာန်းဖို့ကတော့ အဆင်မပြေပါဘူး။ အဲဒီလိုလဲ ပြဌာန်းလို့တော့ရမှာ မဟုတ်ပါဘူး။ အဲဒီတော့ တကယ်တမ်းမှာ ကျမတို့ရဲ့ လက်ရှိ ကျင့်သုံးနေတဲ့သူဟာ မြန်မာနိုင်ငံ အမျိုးသား ပညာရေးမူဝါဒ၊ ကျန်းမာရေးဆိုင်ရာ မူဝါဒ၊ ပြီးတော့ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုဆိုင်ရာ ဥပဒေတွေ၊ အလုပ်သမား ဥပဒေတွေ၊ မီဒီယာဥပဒေတွေ အစရှိတဲ့ ပြဌာန်းထားတဲ့ ဥပဒေတိုင်းဟာ CEDAW က ချပေးထားတဲ့ အခြေခံမူနဲ့ ကိုက်ညီရဲ့လား။ အမျိုးသမီးတွေကိုလည်း အမျိုးသားတွေနဲ့ တန်းတူအကျိုးခံစားခွင့် ရရှိအောင်၊ တန်းတူညီမျှ အကာအကွယ် ပေးရဲ့လားဆိုတာနဲ့ ကျမတို့က ပြန်ပြီးတော့ ပြောင်းလဲပြင်ဆင်ရေးဆွဲပါတယ်။ ဆိုလိုတာကတော့ CEDAW ဥပဒေဆိုပြီး တခုသီးသန့်တော့ ရေးလို့မရပါဘူး။ ကျမတို့လက်ရှိ ကျင့်သုံးနေတဲ့ ဥပဒေတွေ၊ မူဝါဒတွေအားလုံးကို CEDAW ရဲ့ မူနဲ့ ကိုက်ညီအောင်က ကျမတို့က ပြင်ဆင်ရမှာ၊ အသစ်ရေးဆွဲရာမှာ (ဒါမှမဟုတ်ရင်) မကိုက်ညီတဲ့ ဥပဒေတွေကို ပယ်ဖျက်တာမျိုး လုပ်ပေးရမှာ ဖြစ်ပါတယ်။

ကိုသားညွှန့်ဦး ။ ။ မမေစပယ် ကို အမျိုးသမီးရေးရာနဲ့ ပတ်သက်ပြီး တက်တက်ကြွကြွ လှုပ်ရှားနေတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတဦးပါ။ မြန်မာနိုင်ငံက တစုံတရာတော့ ပြောင်းလဲမှုတော့ ဖြစ်လာပြီပေါ့။ ကြုံရတဲ့ စိန်ခေါ်ချက်တွေ။ အမျိုးသမီးလှုပ်ရှားသူအနေနဲ့ ကြုံရဆုံရတဲ့ အတွေ့အကြုံဆိုရင် တချက်နှစ်ချက်လောက် ဘာများကြုံရပါသလဲ။

မစပယ်ဖြူ ။ ။ အဓိကတော့ လူမှု့ဓလေ့၊ ထုံစံတွေ၊ ယဉ်ကျေးမှုဆိုင်ရာ သတ်မှတ်ချက်တွေပါ။ အမျိုးသမီးတဦး ဖြစ်တဲ့အတွက်ကြောင့် အမျိုးသမီးတွေနဲ့ ဒီနေရာတွေက မသက်ဆိုင်ဘူး။ အမျိုးသမီးတွေ ပါဝင်ဖို့ မလိုဘူး။ အမျိုးသမီးတွေ ဘာကြောင့် ပါဝင်စေရမှာလဲဆိုတဲ့ လူတွေရဲ့ အမျိုးသမီးတွေရဲ့ ပါဝင်ဆောင်ရွက်မှုနဲ့ ခေါင်းဆောင်မှုအပေါ် မေးခွန်းထုတ်မှုဟာ၊ ကျမတို့ ကြုံတွေ့နေရတဲ့ အကြီးဆုံး အဟန့်အတားပါ။ အဲဒီတော့ တခါတရံမှာ ၂၀၁၅ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်းမှာ NLD ပါတီရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီ Icon ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံ ဖြစ်လာတာဟာ ကျမတို့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူအတွက် ကောင်းတဲ့အချက် ဖြစ်ပါတယ်။ အဲဒီအချက်ကပဲ တခါတရံမှာ ကျမတို့အတွက် အတားအဆီး ဖြစ်တာလေးတွေ ရှိပါတယ်။ ကျမ ရှင်းပြပါရစေ။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်တောင်မှ အမျိုးသမီးဖြစ်ပြီး၊ နိုင်ငံတော်ရဲ့ အမြင့်ဆုံးရာထူးကို လက်ခံရယူထားနိုင်တာ ဖြစ်တဲံအတွက်ကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေအတွက် ခေါင်းဆောင်မှု အခွင့်အလမ်းတွေထား၊ အတားအဆီးတွေ မဟုတ်တော့ဘူးလို့ မြင်နေတဲ့သူတွေ အများကြီး ရှိပါတယ်။ ကျားမ တန်းတူညီမျှမှုကို ပြောတဲ့အခါမှာ အမျိးသမီးတဦးတယောက်တည်းကို ကွက်ပြီး လက်ခံတာမျိုးကို တန်းတူညီမျှမှု ရှီနေတယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုလို့ မရပါဘူး။ အဲဒီတော့ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ အရည်အချင်း ရှိပါရဲ့နဲ့ လူ့အဖွဲ့အစည်းအတွက် ကောင်းကျိုးတွေနဲ့ လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်တဲ့ အမျိုးသမီးတွေ၊ ခေါင်းဆောင်ဖြစ်နိုင်တဲ့ အရည်အချင်းရှိသူတွေ အများကြီး ရှိပါရက်နဲ့ ကျမတို့က ဒေါ်အောင်ဆန်းစုကြည်တောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သေးတာပဲ၊ အမျိုးသမီးတွေရဲ့ အခွင့်အရေးဟာ ငြင်းပယ်မခံနေရပါဘူး၊ တန်းတူအခွင့်အရေး ရနေပါတယ်ဆိုတဲ့ အဓိပ္ပါယ် ဖွင့်ဆိုမှုတွေကိုက အမျိုးသမီးတွေ ခေါင်းဆောင်မှု အခွင့်အလမ်းကို တက်လှမ်းနိုင်ဖို့အတွက် အခုအခါမှာတော့ အခက်အခဲတခု ဖြစ်လာတယ်လို့ ကျမ ပြောချင်ပါတယ်။

ကိုသားညွှန့်ဦး ။ ။ မမေစပယ်ဖြူ အများကြီး ကျေးဇူးတင်ပါတယ်။