မြစ်ဆုံ စီမံကိန်း လေ့လာချက် - အပိုင်း (၂)

Your browser doesn’t support HTML5

မြစ်ဆုံ စီမံကိန်း လေ့လာချက် - အပိုင်း (၂)


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ကချင်ပြည်နယ် မြစ်ဆုံတဝိုက်မှာ ရေအားလျှပ်စစ် ထုတ်လုပ်ဖို့ ရေကာတာ (၇) ခု တည်ဆောက်မည့် စီမံကိန်းကို ပြန်မဆောက်အောင် ပြည်တွင်းမှာ ကန့်ကွက်မှုတွေက ပြင်းထန်နေဆဲဖြစ်သလို တရုတ်နိုင်ငံဘက်ကလည်း စီမံကိန်းတွေ ပြန်စဖို့ အစိုးရသစ်ပေါ် တိုက်တွန်းမှုတွေ ရှိပါတယ်။ ဒါကြောင့် မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ VOA ကနေ အထူးအစီအစဉ်အဖြစ်နဲ့ အပိုင်း (၃) ပိုင်းခွဲပြီး တင်ပြနေပါတယ်။ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်မှုတွေဟာ တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ လူထုလှုပ်ရှားမှု ဖြစ်ခဲ့ရပါလဲ။ လူထုလှုပ်ရှားမှုရဲ့ သက်ရောက်အား ဘယ်လောက် ရှိသလဲဆိုတာကို ကိုသားညွှန့်ဦးက အပိုင်း (၂) နဲ့ သုံးသပ်တင်ပြထားပါတယ်။

ကိုသားညွှန့်ဦး ။ ။ မြစ်ဆုံစီမံကိန်း ယာယီရပ်ဆဲလိုက်ရတဲ့ အကြောင်းရင်းတခုကို ကြည့်မယ်ဆိုရင် Social Movement လို့ခေါ်တဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြကန့်ကွက်မှုတွေ၊ လူထုလှုပ်ရှားမှုတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြောရမယ်ဆိုရင် မြစ်ဆုံနေရာကဆိုရင် တက်ကြွလှုပ်ရှားသူတွေသာမက၊ ပြည်တွင်းပြည်ပကပါ စိတ်ဝင်စားစရာနေရာ ဖြစ်လာပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် မြစ်ဆုံက အထင်ကရ နေရာတခု ပိုပြီးဖြစ်လာပါတယ်။

မြစ်ဆုံရေကာတာ ရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီး အစကတည်းက ပွင့်လင်းမြင်သာမှု ကင်းမဲ့တာဟာ ဒီ စီမံကိန်းနဲ့ ပတ်သက်လို့ လူထုရဲ့ ယုံကြည်လက်ခံမှုကို အထူးပဲ ထိခိုက်စေခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်အတွင်း စတင်ခဲ့ပြီးတော့ မြစ်ဆုံဒေသတဝိုက် မြေပြင်လေ့လာ၊ ကွင်းဆင်းသုတေသန ပြုမှုတွေ လုပ်နေပေမယ့် ဒေသခံတွေကိုတော့ မပေးခဲ့ပါဘူး။ အဲဒီ ဒေသမှာ ရေအားလျှပ်စစ်စီမံကိန်းနဲ့ ရေကာတာဆောက်မယ်ဆိုတာကို ဒေသခံတွေအကြား နောက်ပိုင်းကြတော့မှ ရိပ်မိလာပါတယ်။ ၂၀၀၆ ခုနှစ်မှာ ဒေသခံတွေကြား တိတိကျကျ သိလာပြီးတော့ မကျေနပ်မှုတွေ ရှိလာပေမယ့် အဲဒီအချိန်ကာလ နိုင်ငံရေးအခြေအနေအရ စီမံချက်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ လုပ်ခွင့်မသာခဲ့ပါဘူး။ ဒါပေမဲ့ ဒေသခံတွေ စုဖွဲ့ပြီးတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ KIA ကချင်လွတ်လပ်ရေးအဖွဲ့ထံကို ကန့်ကွက်စာတွေ ပေးပို့ခဲ့တယ်လို့ ထိုင်းနိုင်ငံ ချူလာလောင်းကွန်တက္ကသိုလ်မှာ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ စာတမ်းပြုစုခဲ့သူ ခွန်ဂျာအောင် က ပြောပါတယ်။

ခွန်ဂျာအောင် ။ ။ အဲဒီအချိန်မှာ စစ်အစိုးရလက်ထက်အောက်ဆိုတော့ Civil Society က မပါဝင်ဘူး။ အစိုးရကို ဆန့်ကျင်ဖို့ Against လုပ်ဖို့ဆိုတာက ကျမတို့အတွက် အရမ်းအရဲစွန့်ရတဲ့ အလုပ်ဖြစ်ပါတယ်။

ကိုသားညွှန့်ဦး ။ ။ ကချင်လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ KIA ဘက်ကတော့ မြစ်ဆုံမှာ ရေကာတာ ဆောက်မယ်လို့ သိသိချင်းပဲ ဒီ စီမံကိန်းအပေါ် ကန့်ကွက်ခဲ့တယ်လို့ KIA ခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာက ပြောပါတယ်။

ဒေါက်တာတူးဂျာ ။ ။ သူတို့ ဒီမြစ်ဆုံစီမံကိန်း စကတည်းက KIO က ကန့်ကွက်တယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီ စာရေးပြီး ဒါကို ဆက်လက်မလုပ်ဆောင်သင့်ဘူးဆိုပြီး ကန့်ကွက်တယ်။

ကိုသားညွှန့်ဦး ။ ။ မြစ်ဆုံရေအားလျှပ်စစ် ရေကာတာတွေ တည်ဆောက်လုပ်မယ်ဆိုတဲ့သတင်းဟာ ၂၀၀၈ ခုနှစ်လောက်မှာ ကျယ်ပြန့်လာပြီးတော့ ၂၀၀၉ ခုနှစ်အတွင်းမှာတော့ ကချင်ဒေသခံတွေအကြား မြစ်ဆုံစီမံကိန်း ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ စတင်လာပါတယ်။ ဒါပေမဲ့လဲ အဲဒီဒေသဟာ အမဲရောင်နယ်မြေဖြစ်တဲ့အလျှောက် သွားလာဖို့၊ ကန့်ကွက်လှုပ်ရှားဖို့ အတော်လေး ခက်ခဲခဲ့တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်နေတဲ့ စိမ်းရောင်စုံအဖွဲ့ မြစ်ကြီးနားမြို့ တာဝန်ခံ ကိုကျော်ကျော်ဦး က ပြောပါတယ်။

ကိုကျော်ကျော်ဦး ။ ။ တော်တော်များများက နားလည်လာတယ်။ မြစ်ဆုံ .. ဟိုဟာမဖြစ်ဘူးဆိုတဲ့အခါ တနိုင်ငံလုံးရဲ့အသံတွေကလည်း ထွက်လာတယ်။ နောက် ဧရာဝတီမြစ်ဘေးဝန်းကျင်မှာနေကြတဲ့ ပြည်သူလူထုရဲ့ အသံတွေကလည်း ထွက်လာတယ်။ ဒီအန္တရာယ်ကြီးကိုလည်း ကြောက်ခမန်းလိလိ ဖြစ်လာတဲ့အခါ Dam ကြီးက ရေကိုလှောင်ပြီးတော့ ကျိုးသွားလိမ့်မယ်ဆိုရင်တော့ ပြည်သူတွေရဲ့အသက်အိုးအိမ်တွေက ခဏအတောအတွင်း စက္ကန့်ပိုင်းအတွင်း ပျောက်ဆုံးသွားမယ်ဆိုတဲ့ အသိတွေဖြစ်လာတဲ့အခါမှာ တော်တော်များများက ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေ၊ နောက် ဘာသာရေးဆုတောင်းပြုမှုတွေ၊ နောက် နိုင်ငံတကာရဲ့ အခု River Day ဆိုလို ဒါတွေကို အသိအမှတ်ပြုပြီး ဒါတွေကို လူမှု့အဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက မြစ်ဆုံနဲ့ ပတ်သက်ပြီး ကန့်ကွက်တာကို တော်တော်များများ လုပ်လာကြတယ်။

ကိုသားညွှန့်ဦး ။ ။ ဒီလိုအချိန်မှာပဲ အာဏာပိုင်တွေ၊ တာဝန်ရှိသူတွေဘက်က မြစ်ဆုံစီမံကိန်းကို အတင်းကြပ် တွန်းလုပ်လာပါတယ်။ ရွှေ့ပြောင်းမှုတွေလည်း ပါလာပါတယ်။

ဒေသခံတဦး ။ ။ ကျမတို့ကိုကြတော့ မင်းတို့နေတဲ့နေရာက စီမံကိန်းနေရာ ဖြစ်သွားပြီ။ မင်းတို့နေတဲ့နေရာမှာ ရေအိုင် စီမံကိန်း လုပ်လိုက်ရင် ပေ (၅၀၀) ရေအိုင်ကြီး ဖြစ်သွားမယ်တဲ့။ မင်းတို့ ရွှေ့ရမှာ။ ပြီးတော့ မင်းတို့က ဒီနှစ်ကနေ ၂၀၀၈-၀၉ ကနေ မင်းတို့ ဒီမှာ အဆောက်အအုံတွေ နောက်ထပ်ဆောက်စရာလည်း မလိုတော့ဘူးတဲ့။ ကျမတို့ကို အဲဒီလို ပြောခဲ့တယ်။ အဲဒါနဲ့ ကျမတို့လည်း အဲဒီအချိန်ကတည်းက စိတ်က မပျော်တော့ဘူး။

ကိုသားညွှန့်ဦး ။ ။ ဒီလို ကန့်ကွက်မှုတွေ ရှိတဲ့ကြားက ၂၀၁၀ ခုနှစ်မှာတော့ မြစ်ဆုံရေကာတာ တည်ဆောက်မှု အရှိန် တိုးမြှင့်လာပါတယ်။ ဒေသခံရွာသားတွေကို သီးနံှနစ်နာကြေးတွေ ပေးပြီးတော့ နေရာပြောင်းရွှေ့ခိုင်းပါတယ်။ ပြောင်းရွှေ့ရမယ့် နေရာသစ်မှာ ကုမ္ပဏီက မြေကွက်တွေရိုက် အိမ်ဆောက်ပေးသလို၊ ကျေးရွာအတွင်း ဆေးရုံ၊ စာသင်ကျောင်း၊ ဘုရားကျောင်း၊ ဘုရားစေတီ တည်ဆောက်ပေးပါတယ်။ ဒါပေမဲ့လို့ ရွာသားတွေဘက်က လိုလိုလားလား မဖြစ်ခဲ့ပါဘူး။

ဒေသခံတဦး ။ ။ ကြည့်လိုက်ရင်တော့ ကျမတို့ရွာကို လမ်းလည်းကောင်းတယ်။ မီးလည်း လာတယ်ပေါ့။ ရေလည်းလာတယ် အဆင်ပြေကြမှာပါတယ်လို့ ထင်ကြမှာ။ ဒါပေမဲ့ မီးလာတာနဲ့ လမ်းကောင်းတာနဲ့ အိမ်ကိုကြည့်လိုက်တာနဲ့ အဆင်ပြေတယ်လို့ ကျမတို့ လုံးဝမခံစားဘူး။ အဆင်လည်း အဆင်မပြေဘူး။ အသက်ရှင်ဖို့အတွက် ဗိုက်တလုံးရှိတာမို့ ကျမတို့ စားရေးသောက်ရေး၊ ဝမ်းစာရေးအတွက် လုပ်ကိုင်စားသောက်ရမှာ။ အဲဒါကြောင့် ကျမတို့ မူရင်းဒေသမှာ ကျမတို့ လုပ်ကိုင်စားသောက်တယ်။ တောင်ယာခုတ်တယ်။

ကိုသားညွှန့်ဦး ။ ။ တရုတ်ကုမ္ပဏီဘက်က ကျေးရွာသစ်နေရာမှာ စာသင်ကျောင်း၊ ဘုရားကျောင်း စသဖြင့် ကျေးရွာရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးတယ်ဆိုပေမယ့် ကျေးရွာသားတွေအဖို့ အဆင်မပြေပါဘူး။ အဓိကအချက်ကတော့ မိရိုးဖလာလုပ်ခဲ့တဲ့ လုပ်ခဲ့တဲ့ လယ်ယာမြေတွေကို စွန့်ခဲ့ရတော့ နောက်ထပ်သက်မွေးဝမ်းကြောင်း လုပ်ငန်းတွေအတွက် သူတို့မှာ လွယ်လွယ်ကူကူ မဖြစ်ခဲ့ပါဘူး။ ဒါကြောင့်လဲ ဒေသခံလူငယ်တွေဟာ အိမ်နီးချင်းတရုတ်နိုင်ငံကို အလုပ်လုပ်ကြရတာ။ မြန်မာပြည်တွင်းမှာပဲ တခြားလုပ်ငန်းတွေမှာ သွားရောက်အလုပ်လုပ်ကြမှုတွေ ဖြစ်လာပါတယ်။ ဒီအခြေအနေကြောင့်ပဲ အပြောင်းမခံဘဲ မူရင်းရပ်ရွာမှာပဲ ပေကပ်နေခဲ့ကြတဲ့ ရွာသားတွေကိုလည်း တွေ့ရပါတယ်။

ဒေသခံရွာသားတဦး ။ ။ ကျနော့်အိမ်က သွပ်မိုးပျဉ်ခင်း။ သူတို့ သားနားတာပေးဖို့ပြောတာ ဒီနေ့အထိ ကျနော်ကို ခင်များအိမ်ဆိုပြီးပေးတာ မရှိသေးဘူး။ အဲဒါကြောင့် ကျနော် ဒီနေ့အထိ မရွှေ့မပြောင်း ဒီမှာနေနေတာ။

ကိုသားညွှန့်ဦး ။ ။ ဟိုးအစကတည်းက ပြောင်းခိုင်းကတည်းက …

ဒေသခံရွာသားတဦး ။ ။ ပြောင်းခိုင်းကတည်းက ဒီနေ့အထိ မပြောင်းသေးဘူး။

ကိုသားညွှန့်ဦး ။ ။ အဲဒီအပေါ်မှာ အကို့ကို အတင်းကြပ် ခြိမ်းခြောက်တာတွေ၊ ဖိအားပေးတာတွေ မခံရဘူးလား။

ဒေသခံရွာသားတဦး ။ ။ ခံရခဲ့ဖူးတယ်။

ကိုသားညွှန့်ဦး ။ ။ ဘယ်လိုလုပ်လဲ။

ဒေသခံရွာသားတဦး ။ ။ ဘယ်လိုလုပ်လဲဆိုရင် ဝန်ကြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုခေတ်မှာ ကျနော်တို့ကို (၂၂) ယောက် sister ပါ အဖမ်းခံရတယ်။

ကိုသားညွှန့်ဦး ။ ။ မေခ နဲ့ မလိခ ပေါင်းစပ်ထားတဲ့ မြစ်ဆုံနေရာကနေ စီးဆင်းလာတဲ့ ဧရာဝတီမြစ်ကြောတလျှောက်မှာ မြစ်ကြောကနေ အခု တောင်ကြောနေရာမှာ မြစ်ဆုံရေကာတာ စီမံကိန်းကြီးကို တည်ဆောက်မှာ ဖြစ်ပါတယ်။ ဒီ မြစ်ဆုံရေကာတာ စီမံကိန်း တည်ဆောက်လိုက်ခြင်းဖြင့် ရေဝင်ရေလွှဲစနစ်တွေ အကုန်ပြောင်းလဲသွားမှာ ဖြစ်ပြီးတော့ အခု ဒီနေရာအပါအဝင် နေရာတော်တော်များများဟာ ရေမြုပ်သွားမှာ ဖြစ်ပါတယ်။

ဒေါက်တာတူးဂျာ ။ ။ ၂၀၁၁ ခုနှစ် သမ္မတဦးသိန်းစိန် တက်လာပြီးတော့ နိုင်ငံရေးပွင့်လင်းမှု တစုံတရာ ရှိလာတာဟာ မြစ်ဆုံစီမံကိန် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေအတွက် ပိုပြီးတော့ အားကောင်းလာစေပါတယ်။ အခုက ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်းမှာ ဘာပဲပြောပြော ဒီမိုကရေစီက ပွင့်လာတယ်။ ပြည်သူတွေက ပိုပြီးတော့ ဆန္ဒဖော်ထုတ်လို့ရတယ်။ ရလာတဲ့အခါကြတော့ ဒါကြီးက ပေါ်လာတယ်။ ပေါ်လာတဲ့အခါကြတော့ ပြည်သူတွေက စဉ်းစားလာတာပေါ့။ ဒါကြီးက မဖြစ်သင့်ဘူး။

ကိုသားညွှန့်ဦး ။ ။ မြစ်ဆုံစီမံကိန်း လှုပ်ရှားမှုဟာ ကချင်လူထုအတွင်း ကွက်ကွက်သာ မဟုတ်တော့ဘဲနဲ့ ပိုပြီးတော့ ကျယ်ပြန့်လာပါတယ်။ မြစ်ဆုံစီမံကိန်းဟာ ဧရာဝတီမြစ်မကြီးကိုပါ သက်ရောက်မှု ရှိမယ်လို့ မြန်မာပြည်တလွှားက ဧရာဝတီမြစ်ကြီးကို ချစ်သူတွေက စိုးရိမ်လာကြပါတယ်။

ညီပုလေး ။ ။ ဧရာဝတီမြစ်ကို သွားရောက်လေ့လာပြီး ဧရာဝတီမြစ် အယိုးအယွင်းတွေ ပျက်စီးနေတာက ဆရာရဲနိုင်မိုး ဦးစီးတဲ့ တော်ဝင်နှင်းဆီ ဦးစိုးညွှန့် တို့လည်း ပါပါတယ်။ သတင်းစာဆရာတွေပါတယ်။ နောက်ပြီးတော့ ကျောင်းဆရာတွေပါတယ်။ သဘာဝပတ်ဝန်းကျင် ချစ်တယ်လူတွေပါတယ်။ မြစ်ကြောင်းအတိုင်း ဗန်းမော်အထိ တခါ သွားဖူးတယ်။ နောက်တခါကြတော့ စိမ်းရောင်စိုအဖွဲ့က ပါတယ်။ သူတို့ကတော့ T-shirt တွေ ဝတ်ထားပြီးတော့ သင်္ဘောပေါ်မှာ မော်တော်ပေါ်မှာ စာတန်းတွေ ကပ်ပါတယ်။ မြစ်ကို ချစ်ကြဖို့နဲ့ ထိန်းသိမ်းကြဖို့။

ကိုသားညွှန့်ဦး ။ ။ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း ဆန့်ကျင်ရေးလှုပ်ရှားမှုတွေဟာ ၂၀၁၁ ခုနှစ်အတွင်းမှာ တနိုင်ငံလုံး အတိုင်းအတာအထိ ကျယ်ပြန့်တဲ့ လူထုလှုပ်ရှားမှုတရပ် ဖြစ်လာပါတယ်။ ဒီလှုပ်ရှားမှုဟာ သမ္မတဦးသိန်းစိန်အစိုးရအတွက် အကြီးမားဆုံးစိန်ခေါ်မှုတရပ်လည်း ဖြစ်ခဲ့ပါတယ်။

ခွန်ဂျာအောင် ။ ။ ပြည်နယ်အစိုးရသစ်က ဒီပြည်နယ်တခုလုံးရဲ့ ယုံကြည်မှုရဖို့ကို သူတို့က နည်းအမျိုးမျိုးနဲ့ ကြိုးစားရမယ့်အချိန်။ အဲဒီအချိန်မှာ မြစ်ဆုံက အရမ်း Hot တဲ့ Issue လည်း ဖြစ်နေတယ်။ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့လည်း ပါဝင်တယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြစ်ဆုံနဲ့ ပတ်သက်ပြီး အစိုးရ နဲ့ တရုတ်ပြည်ဘက်ကို စာတွေပို့တယ်။ အဲဒီတော့ ဒီလှုပ်ရှားမှုက ပြောရမယ်ဆိုရင် အစိုးရသစ်ရဲ့ အခြေအနေက ပထမဦးဆုံး လူထုတခုလုံးနဲ့ တွေ့ဆုံရတဲ့အရာ ဖြစ်တယ်။ အဲဒီအချိန်မှာ။

ကိုသားညွှန့်ဦး ။ ။ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ဆန္ဒပြလှုပ်ရှားမှုတွေ ရှိလာချိန်မှာ နှစ်ဘက်ချုပ်ဆိုထားနဲ့ စာချုပ်နဲ့ ပတ်သက်ပြီးတော့ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ဝေဖန်နေပေမယ့် အစိုးရ တာဝန်ရှိသူတွေဘက်ကတော့ ဒီစာချုပ်ကို အများပြည်သူကို ချပြမှု မရှိသေးပါဘူး။ စီမံကိန်းကို ဆန့်ကျင်သူတွေအဖို့ကလည်း စာချုပ်ပါ အချက်အလက်တွေကို အသေးစိတ် မသိခဲ့ရပါဘူး။ အထူးသဖြင့် အိမ်နီးချင်း တရုတ်နိုင်ငံအနေနဲ့ စစ်အစိုးရ ကာလတလျှောက်လုံးမှာ မြန်မာနိုင်ငံအတွင်းက သယံဇာတ ထုတ်ဝေမှုနဲ့ အခြားစီးပွားရေးလုပ်ငန်းကြီးတွေမှာ ချယ်လှယ်ပါဝင်နေမှုအပေါ်မှာ မကျေနပ်ချက်ကလည်း မူလကတည်းက ရှိနေခဲ့တာပါ။

ခွန်ဂျာအောင် ။ ။ ဘယ်လိုပြောမလဲ။ ဆယ်စုနှစ်နဲ့ချီပြီးမှ တရုတ်ရဲ့ လွှမ်းမိုးမှုက အရမ်းအားကောင်းခဲ့တယ်။ ဒီအစိုးရသစ်အနေနဲ့ တရုတ်ရဲ့ လွှမ်းမိုးမှုကို အာခံတာတော့ မဟုတ်ဘူး။ Influence ကို နည်းနည်းလျှော့ချဖို့က မြစ်ဆုံကိစ္စက One of the options ဖြစ်နိုင်တယ်ပေါ့။

ဒေါက်တာတူးဂျာ ။ ။ ကျနော်တို့အနေနဲ့လည်း အဲဒီ တရုတ်ကုမ္ပဏီတွေကို ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ မြစ်ဆုံရေကာ လုပ်ခွင့်မပြုဖို့၊ မထောက်ခံဖို့ဆိုတာ တရုတ် မုန်းတီးရေး မဟုတ်ဘူး။ ဒီနေရာ Site of the Project အဓိက အဲဒါ ဖြစ်တယ်။ ခင်များတို့ တခြားနေရာတွေ ပြည်သူလူထုရဲ့ အသက်အိုးအိမ် မစိုးရိမ်ရတဲ့နေရာတွေ ရှိပါတယ်။ အဲဒီမှာ လုပ်ကြပါ။ ဘယ်သူမှလဲ ကန့်ကွက်မှာ မဟုတ်ဘူး။ တခုတော့ရှိတယ်။ ဒီ Project ကြီးတွေ လုပ်မယ်ဆိုရင်တော့ ဒေသခံပြည်သူတွေရဲ့ သဘောထားကို အရင်ကောက်ယူတာ အကောင်းဆုံးပဲ။

ကိုသားညွှန့်ဦး ။ ။ မြစ်ဆုံစီမံကိန်း လူထုလှုပ်ရှားမှုတွေကတော့ ပုံစံအမျိုးမျိုးနဲ့ ပေါ်ထွက်လာပါတယ်။ တဦးချင်း စုပေါင်းလက်မှတ်ထိုးပြီးတော့ ကန့်ကွက်တာ၊ လူထုလူဝေနဲ့ ဆန္ဒပြကန့်ကွက်တာ၊ အများပြည်သူကို အသိပေးဟောပြောတာ မျိုးစုံပါ။ ဒီလိုမျိုး လှုပ်ရှားမှုတွေ ကျယ်ပြန့်လာတာနဲ့အတူ အဲဒီအချိန်က အတိုက်ခံခေါင်းဆောင်အဖြစ်နဲ့ ရပ်တည်နေတဲ့ မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မြစ်ဆုံစီမံကိန်းကို အများပြည်သူရဲ့ ဆန္ဒနဲ့အညီ ရပ်ဆိုင်းဖို့ ကြေညာချက် ထုတ်လိုက်ပါတယ်။ လူထုဗဟိုပြုစနစ်ကို သွားမယ်ဆိုတဲ့ ဦးသိန်းစိန်အစိုးရအတွက်တော့ လူထုလှုပ်ရှားမှုတွေဟာ အတော်ကြီးကို ဂယက်ရိုက်စေခဲ့ပါတယ်။ အစိုးရသစ်အနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ စတင်နေတဲ့အချိန် လူထုထောက်ခံမှု အလွန်အမင် လိုအပ်နေချိန်မှာ မြစ်ဆုံကိစ္စဟာ ဦးသိန်းစိန်အစိုးရအတွက် အကဲစမ်းချက် ဖြစ်လာပါတယ်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှာ သမ္မတဦးသိန်းစိန်ရဲ့ အမိန့်နဲ့ ဒီ စီမံကိန်းကို ယာယီရပ်ဆိုင်းလိုက်ပါတယ်။

ညီပုလေး ။ ။ အဲဒါကတော့ ရိုးရိုးရှင်းရှင်းလေးပဲ။ ကျနော်တို့ ဧရာဝတီမြစ် ချစ်သလား၊ မုန်းသလား ပြောသလားမေးရင် လူတိုင်း ချစ်တယ်လို့ ပြောမှာ။ တန်းဖိုးထားသလားလို့ မေးရင် လူတိုင်း တန်းဖိုးထားတယ်လို့ ပြောမှာ။ နောက်ပြီးတော့ အစိုးရက မပွင့်လင်း၊ မမြင်သာဘဲနဲ့ လုပ်ချင်တာ လုပ်တာတွေကို မခံချင်ဘူးဟေ့၊ မခံဘူးဟေ့ ဆိုတဲ့ စိတ်ကလည်း လူတွေရဲ့ ရင်ထဲမှာ တနေ့တခြား နိုးကြားတာ။ ကျနော်တို့ လူအတွေ မဟုတ်ဘူး။ လူညံ့တွေ မဟုတ်ဘူး။ ကျနော်တို့ အလကားတော့ လည်းစင်းမပေးဘူး။ ခေါင်းအုပ်မခံဘူးဆိုတဲ့ စိတ်တွေ ရှိတယ်။ အဲဒီတော့ အခြေအနေပေးတဲ့အခါမှာ ဒါတွေ ပေါင်းစုမိတာ အဲဒီအခါ မီဒီယာသမားတွေ အပါအဝင် သဘာဝပတ်ဝန်းကျင်သမားတွေကို ကျနော်က ကျေးဇူးတင်တယ်။ လေးစားတယ်။ သူတို့ရဲ့ လှုံဆော်တာတွေ၊ သူတို့ရဲ့ ဟောပြောချက်တွေ ဒါတွေပါတယ်။ ပြည်ပက အသံလွှင့်ဌာနတွေ၊ ရုပ်သံတွေလည်း ပါပါတယ်။ သူတို့ ကျနော်တို့ ပြည်သူတွေကို အများကြီး ပညာပေးပါပါတယ်။ ကျနော်ကတော့ နောက်တကြိမ် မြစ်ဆုံ ကန့်ကွက်ကြဆိုလည်း ကျနော့်မိတ်ဆွေ မီဒီယာသမားတွေက တသားတည်း ရှိလိမ့်မယ်လို့ထင်တယ်။

ကိုသားညွှန့်ဦး ။ ။ နိုင်ငံတကာမှာ အထီးကျန်ပြီးတော့ အမှောင်ခေတ်ကို ရောက်ခဲ့တဲ့ ဆယ်စုနှစ်တွေနောက်ပိုင်း ပထမဦးဆုံးအကြိမ် ရွေးကောက်ပွဲနဲ့ တက်လာတဲ့ သမ္မတဦးသိန်းစိန်အစိုးရအတွက် မြစ်ဆုံကိစ္စဟာ ပထမဦးဆုံးအကြိမ် ရင်ဆိုင်ရတဲ့ လူထုလှုပ်ရှားမှု ဖြစ်ပါတယ်။ မြန်မာပြည်တပြည်လုံး အတိုင်းအတာနဲ့ လက်မှတ်တွေထိုးကြ၊ ဆန္ဒပြကြနဲ့ လှုပ်ခတ်သွားစေခဲ့တဲ့ မြစ်ဆုံစီမံကိန်းဟာ တကယ်တော့ လုံးဝရပ်နားသွားတာ မဟုတ်သေးပါဘူး။ သမ္မတဦးသိန်းစိန်ရဲ့ သမ္မတသက်တမ်းမှာပဲ ယာယီရပ်ဆိုင်းလိုက်တဲ့ အမိန့်ကြောင့် အခု အစိုးရသစ်လက်ထက်မှာ ဒီ စီမံကိန်း ပြန်စမလားဆိုတာကို စိုးရိမ်ကြတဲ့သူတွေက စိုးရိမ်ကြသလိုပဲ၊ မျှော်လင့်နေသူတွေကလည်း မျှော်လင့်နေကြပါတယ်။ NLD အစိုးရသစ်အတွက် ရင်ဆိုင်ရမယ့် စိန်ခေါ်ချက်နဲ့ ပတ်သက်လို့တော့ နောက်သတင်းပတ်မှာ ဆက်လက်နားဆင်နိုင်ပါတယ်။