Your browser doesn’t support HTML5
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ကချင်နဲ့ ရှမ်းပြည်မြောက်ပိုင်းဒေသတွေမှာ ဖြစ်ပွားနေတဲ့ လက်တလော စစ်ပွဲတွေကြောင့် နောက်ထပ် စစ်ဘေးရှောင်တဲ့ ဒုက္ခသည်တွေ ပိုတိုးလာပြီးတော့ အထူးသဖြင့်တော့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေဟာ စစ်ရဲ့သားကောင်တွေ ဖြစ်နေကြတယ်လို့ အမေရိကန်ပြည်ထောင်စုကို ခေတ္တရောက်ရှိနေတဲ့ ကချင်ပြည်နယ် အခြေစိုက် လူထုအလင်းရောင်အဖွဲ့ရဲ့ ဒါရိုက်တာ ဒေါ်မေရီတွမ် က ပြောဆိုလိုက်ပါတယ်။ စစ်ဘေးဒုက္ခသည်တွေကို အမေရိကန်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပြည်တွင်းစေတနာဝန်ထမ်းတွေက အကူအညီပေးနေတာမျိုးတွေ ရှိနေပေမယ့် အခုလောလောဆယ်မှာတော့ အကူအညီ ကယ်ဆယ်ရေး အခြေအနေဟာ လျော့ကျနေတယ်လို့ ပြောပါတယ်။ ဝါရှင်တန်ဒီစီကို ရောက်နေခိုက် ဒေါ်မေရီတွမ် ကို VOA ရုံးချုပ်မှာ ကိုဉာဏ်ဝင်းအောင် က တွေ့ဆုံမေးမြန်းထားပါတယ်။
ကိုဉာဏ်ဝင်းအောင် ။ ။ ဒေါ်မေရီတွမ် အခုလို ကျနော်တို့ VOA ကို သီးသန့်လာရောက်ပြီး တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဒေါ်မေရီတွမ် ။ ။ ဟုတ်တယ်။ ကျမလည်း အခုလို တွေ့ရတာ ကျေးဇူးအများကြီးတင်ပါတယ်။
ကိုဉာဏ်ဝင်းအောင် ။ ။ ပထမဦးဆုံး သိချင်တာက အခု အမေရိကန်ခရီးစဉ်အတွင်းမှာ ကချင်နဲ့ ရှမ်းပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် စစ်ဘေးရှောင် ဒုက္ခသည်တွေ အရေးကိစ္စကို ဒေါ်မေရီတွမ် လာရောက်တင်ပြတယ်လို့ သိရပါတယ်။ အဲဒီတော့ ဘယ်လို အဖွဲ့အစည်းတွေ၊ ဘယ်လို အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီးတော့ ဆွေးနွေးဖြစ်ပါလဲ။
ဒေါ်မေရီတွမ် ။ ။ ကျမတို့ Department of State, Burma Unit, Mainland Southeast Asia က တာဝန်ရှိတဲ့လူတွေနဲ့ တွေ့တယ်။ နောက်ပြီးတော့ DBSIP, နောက်ပြီးတော့ Human Rights First, နောက်ပြီးတော့ Refugees Council, Bishops တွေပါတယ်။ နောက် AGWS, အဓိကတော့ Senator John McCain သူ့ရဲ့ရုံးတာဝန်ခံတွေနဲ့ Congressmen တချို့နဲ့ တွေ့ပြီးမှ လက်ရှိ အခြေအနေတွေကို တင်ပြပေးနိုင်ခဲ့ပါတယ်။
ကိုဉာဏ်ဝင်းအောင် ။ ။ ဒေါ်မေရီတွမ် သိတဲ့အတိုင်း အခု ပြီးခဲ့တဲ့ ရက်ပိုင်းတွေကစပြီးတော့ ရှမ်းပြည်နယ် မူဆယ်ဘက်မှာ တိုက်ပွဲတွေ တကြော့ပြန်ဖြစ်လာတယ်။ မြန်မာအစိုးရတပ်တွေနဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကြားမှာ ဖြစ်လာတယ်။ အဲဒီအခါကြတော့ ဒီတိုက်ပွဲတွေကြောင့် အရင်ရှိပြီသာ စစ်ဘေးရှောင် ဒုက္ခသည် အရေအတွက်ထက်ကို နောက်ထပ်စစ်ဘေးရှောင် ဒုက္ခသည်တွေ တိုးလာတဲ့အနေအထား ရှိပါလား။
ဒေါ်မေရီတွမ် ။ ။ ၂၀၁၁ ကနေ ၂၀၁၅-၂၀၁၆ အထိ လက်ရှိမှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ စစ်ဘေးဒုက္ခသည် စုစုပေါင်းက တစ်သိန်းနှစ်သောင်း ပတ်ဝန်းကျင်ခန့် ရှိပါတယ်။ လွန်ခဲ့တဲ့ နိုဝင်ဘာလကစပြီး ရှမ်းမြောက် မူဆည်၊ မုံကိုး၊ ဆောင်ကန်တလျှောက်မှာ စစ်ဖြစ်တဲ့အတွက်ကြောင့် နယ်စပ်တလျှောက်လုံးမှာ ဒုက္ခသည်တွေ သောင်းခုနှစ်-နှစ်သောင်းကြား တချို့က တရုတ်ပြည်ထဲကို ထွက်ပြေးသွားတယ်။ တချို့က နယ်စပ်တလျှောက်မှာ ရှိနေတဲ့ အနေအထား ရှိပါတယ်။
ကိုဉာဏ်ဝင်းအောင် ။ ။ ဆိုတော့ စစ်ဘေးရှောင်ဒုက္ခသည်တွေက ဘယ်နေရာတွေမှာ အခုလောလောဆယ် သွားပြီးတော့ ခိုလှုံနေကြလဲ။
ဒေါ်မေရီတွမ် ။ ။ အခု အသစ်ထပ်ထွက်တဲ့ IDP ဒုက္ခသည်အသစ်တွေက နယ်စပ်တလျှောက်မှာရှိတဲ့ လူရှိသလို၊ တရုတ်ဘက်ကို ထွက်ပြေးတဲ့လူတွေ ရှိတယ်။ နောက် အခြေအနေတည်ငြိမ်တဲ့အခါ ပြန်လာတယ်။ အခြေအနေက မတည်မငြိမ်တော့ ရှိနေတယ်။ ပထမ ပြန်လို့မရသေးတဲ့ မုံကိုးဒေသတလျှောက်မှာဆို ရွာတရွာလုံးက လေယာဉ်နဲ့ လက်နက်ကြီးတွေကျ မီးရှို့ခံရတဲ့ အနေအထားမျိုး ဖြစ်နေတဲ့အခါမျိုးမှာ သူတို့က တရုတ်ပြည်ဘက်မှာ သွားခိုလှုံနေကြတယ်။ နောက် တချို့ဆိုရင်လဲ လွတ်ရာ၊ တချို့က တရုတ်ပြည်ခြမ်းထဲကို ရောက်နေတယ်။ တချို့ကတော့ နယ်စပ်မှာ ရောက်ရှိနေပါတယ်။
ကိုဉာဏ်ဝင်းအောင် ။ ။ အခုဆိုရင် ဆောင်းရာသီကာလဆိုတော့ စစ်ပြေးရှောင် ဒုက္ခသည်တွေက သူတို့ကို လိုအပ်နေတဲ့ အရေးပေါ် လိုအပ်ချက်တွေကို ဘယ်သူတွေက လောလောဆယ် ကူညီပေးနေတာ ရှိပါလဲ။ သူတို့ ဘာတွေ လိုအပ်နေလဲ။
ဒေါ်မေရီတွမ် ။ ။ ကျမတို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီတဲ့အခါမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်ဘက်မှာ JSD ဆိုပြီး ကူညီတယ်။ အခု ရှမ်းမြောက်ဘက်မှာ အဓိကက ဘာသာရေးအသင်းတွေ KPC, KMSS မေတ္တာတို့ အားလုံးက လက်တွဲပူးပေါင်းပြီးတော့ ကူညီတယ်။ ဒါပေမဲ့ အဓိက ဖြစ်ဖြစ်ချင်းကို ကူညီပေးနိုင်တာကတော့ ဘာသာရေးအသင်းအဖွဲ့ KPC .. ဒေသခံတွေ ကူညီတာရှိတယ်။ တရုတ်ပြည်ဘက်ကို ရောက်သွားတဲ့လူတွေကိုတော့ တရုတ်ပြည်အစိုးရနဲ့ အဲဒီမှာ ရှိနေတဲ့ တရုတ်လူမျိုးတွေက ကူညီပေးကြတဲ့ အခြေအနေမျိုးလေး ရှိပါတယ်။
ကိုဉာဏ်ဝင်းအောင် ။ ။ ကျနော်တို့ သတင်းတွေမှာ တွေ့ရတာက မြန်မာအစိုးရဘက်ကလည်း ဒီ စစ်ဘေးရှောင်ဒုက္ခသည်တွေကို သွားပြီးတော့ စောင်၊ အဝတ်အစား၊ အစားအသောက် -- အတိအကျ မသိရပေမယ့် -- ဒီလိုမျိုး ကူညီတာတွေရှိတာ တွေ့ရပါတယ်။ အဲဒီ အစိုးရပိုင်းရဲ့ ကူညီမှုတွေက ဘယ်လို အနေအထားရှိပါလဲ။
ဒေါ်မေရီတွမ် ။ ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျမတို့ အချက်အလက် အတိအကျတော့ မရဘူး။ ကူညီပေးနေတယ်ဆိုတာ သူက အရမ်းကို ရှုပ်ထွေနေတာ ရှိတယ်။ အချို့အပိုင်းတွေမှာ ပေးနေတာတွေတော့ ရှိတယ်။ ဒါပေမဲ့ သူတို့ပေးတဲ့ဆိုတာ တနိုင်တပိုင် လာပေးတာမျိုး။ တကယ်ပဲ ဒုက္ခသည်တွေမှာ လိုအပ်နေတဲ့အရာအားလုံးကို အလျင်မီအောင်၊ ပြည့်မီအောင် ပေးနိုင်တာမျိုးတော့ မရှိသေးဘူး။ ပေးတဲ့လူလဲ ရှိပါတယ်။ တနိုင်တပိုင်အဖွဲ့လည်း ရှိပါတယ်။ တချို့လဲ လူသားချင်းစာနာမှုအနေနဲ့ လာပေးတဲ့လူတွေ ရှိတယ်။ အစိုးရအနေနဲ့ ပေးတာကို ကျမတို့ ကြားပေမယ့် အတိအကျ ဘယ်လောက်ဆိုတာ မသိပါဘူး။
ကိုဉာဏ်ဝင်းအောင် ။ ။ နောက်တခုက တိုင်းရင်းသားလက်နက်ကိုင် KIA လို အဖွဲ့မျိုးက စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် ကူညီပေးတာတွေ ရှိပါလား။
ဒေါ်မေရီတွမ် ။ ။ လက်နက်ကိုင်တွေအနေနဲ့ လာပြီးတော့ ကူညီပေးတာမျိုး မသိဘူး။
ကိုဉာဏ်ဝင်းအောင် ။ ။ ဒီစစ်ဘေးရှောင် ဒုက္ခသည် ပြဿနာက လွန်ခဲ့တဲ့ နှစ်တွေထဲကနေ စပြီးတော့ ဖြစ်လာခဲ့တယ်။ ဖြစ်လာတဲ့အခါကြတော့ ကျနော်တို့ ကြားသိရတာက နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း စစ်ဘေးရှောင် ဒုက္ခသည်တွေကို ကူညီဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့ သူတို့သွားဖို့ အခက်အခဲတွေ ရှိတယ်။ အဲဒီဒေသတွေကို အဝင်မခံမျိုးတာတွေလို့ သိရတယ်။ ဆိုတော့ လက်တွေ့အခြေအနေက ဘာကြောင့် ဒီလိုမျိုး ပိတ်ပင်ခံနေရတဲ့ အနေအထားလဲ။
ဒေါ်မေရီတွမ် ။ ။ ၂၀၁၁ ကနေ ၂၀၁၅-၂၀၁၆ ထဲကို နှစ်ကုန်တော့မယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေ ဥပမာ အခုနပြောသလို စစ်ဘေးဒုက္ခသည်တွေက KIA control ဒေသတွေမှာ ရှိသလို၊ Government control area မှာ ရှိပါတယ်။ အဓိကတော့ KIA control area ကို သွားရမယ့် INGO, UN တို့က အစိုးရခွင့်ပြုချက်ရမှ သွားရတဲ့ အနေအထားမျိုး ရှိပါတယ်။ ကျမရဲ့ ဒုက္ခသည် ကူညီနေတဲ့ အတွေ့အကြုံအရဆိုရင် တနှစ်ကျော်လောက်မှ ရောက်တဲ့ဟာမျိုး စစ်စဖြစ်ကတည်းက တနှစ်ကျော်မှ UN first convoy ရောက်တယ်။ နောက်ပိုင်းမှာတော့ နည်းနည်း သုံးလေးခြောက်လတခါ အစိုးရခွင့်ပြုမှ လာရတာ။ ခြောက်လကြာလိုက်၊ တနှစ်ကြာလိုက် အဲဒီလိုမျိုးတွေ ရှိတယ်။ တောက်လျှောက်လာဖို့ဆိုတာ အထူးခွင့်ပြုချက် လိုပါတယ်။ နောက် ပိုပြီးလာတာက ၂၀၁၆ နိုဝင်ဘာနောက်မှာဆိုရင် စစ်ဘေးဒုက္ခသည်တွေကို ရိက္ခာအခြေခံ ကူညီတဲ့အပိုင်းမှာ မြန်မာစစ်တပ်က အတားအဆီး၊ ပိတ်ပင်တဲ့ဟာတွေကို ကျမတို့ မိတ်ဖက်အဖွဲ့အစည်းတွေ ကြုံတွေ့ရပါတယ်။ ဥပမာ အခု စစ်ပဋိပက္ခ ဖြစ်ပွားနေတဲ့ … ရှမ်းမြောက်ဘက်က camp တချို့တို့၊ ကချင်ပြည်က ဆွန်ပရာဘွမ်တို့မှာဆိုရင် လုံခြုံရေးအကြောင်းပြပြီး သွားကူညီခွင့် မပေးတာမျိုးတွေ ကြုံရတယ်။ တချို့ camps တွေမှာဆိုရင် ခြောက်လ၊ လေးလ သြဂုတ်-စက်တင်ဘာက စပြီးတော့ ရိက္ခာပြတ်လက်မှုတွေ ဒါမျိုးလေးတွေ ကျမတို့ ကြုံတွေ့နေရတယ်။
ကိုဉာဏ်ဝင်းအောင် ။ ။ ဒီလိုမျိုး ရိက္ခာကူညီခွင့် မရတဲ့အနေအထားကို ကူညီခွင့် ရနိုင်ဖို့ NLD အစိုးရကို အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက တင်ပြပြီးတော့ တိုက်တွန်းတာတွေလည်း ကြားရတယ်။ အဲဒီတော့ လက်ရှိ အစိုးရအနေနဲ့ သွားခွင့်လာခွင့်အတွက် ကူညီဆောင်ရွက်ပေးတာမျိုး မရှိဘူးလား။
ဒေါ်မေရီတွမ် ။ ။ ကျမတို့ သက်ဆိုင်ရာတွေကို ကျမတို့ JSC ပူးပေါင်းလုပ်ငန်းစဉ်ဆိုရင် ကျမတို့ နေပြည်တော်အထိ သွားပြီးတော့ လုပ်ဆောင်နေမှုအပိုင်းတွေကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးနဲ့ သွားတွေ့ဆုံပြီးမှ ကျမတို့ ကူညီနေမှုအပိုင်းကို ပြောပါတယ်။ အခုလောလောဆယ်မှာက ကျမတို့ တခြားနေရာတွေမှာတော့ အဆင်ပြေတယ်။ အစိုးရထိန်းချုပ်တဲ့ နေရာတွေမှာ အဆင်ပြေတယ်။ ဒါပေမဲ့ အစိုးရထိန်းချုပ် ... နန့်ခမ်း ရှမ်းမြောက်မှာဆိုရင် ကူညီမှုက အခက်အခဲတွေ အများကြီးရှိတယ်။ နောက်တဘက် အစိုးရအနေနဲ့ ဗဟိုအုပ်ချုပ်ရေးရုံးက ဗန်းမော်မှာဆိုရင် အထူးခွင့်ပြုချက် တောင်းခံပြီးမှ ပေးရမယ်ဆိုတာမျိုးတွေ နည်းနည်းကန့်သတ်မှုမျိုးတွေ၊ တင်းကြပ်မှုမျိုးတွေ ရှိနေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အခုနပြောသလိုပဲ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီ၊ လူသားတယောက် IDP ရဲ့ အခွင့်အရေးကို လေးစားမှုနဲ့ သူတို့နဲ့ အတူတူ ရှိနေတဲ့အတွက် ကျမတို့က သက်ဆိုင်ရာ အစိုးရက တောင်းဆိုတဲ့အရာမှန်သမျှကို ပြုလုပ်ပေးပြီးမှ ကျမတို့ လုပ်ဆောင်နေမှုအပိုင်းတွေ ရှိပါတယ်။
ကိုဉာဏ်ဝင်းအောင် ။ ။ အဲဒီတော့ အမေရိကန်လူမှု့အဖွဲ့အစည်းတွေ အပိုင်းက ဒုက္ခသည်တွေ ကူညီရေးမှာ ဘယ်လောက်အထိ ကူညီပံ့ပိုးမှုတွေ ရှိနေပါလဲ။
ဒေါ်မေရီတွမ် ။ ။ ကျမတို့ မိတ်ဖက်အဖွဲ့အစည်းတချို့ကတော့ USAID ရဲ့ ပံ့ပိုးမှုတွေ ရရှိပြီးတော့မှ ကူညီမှုတွေကို စပါတယ်။ ဒါပေမဲ့ ကျမတို့ ၂၀၁၅-၂၀၁၆ အတွင်းမှာဆိုရင် နိုင်ငံတကာလူသားချင်း စာနာမှု အကူအညီရန်ပုံငွေက ပံ့ပိုးမှုက (၄၀) ရာခိုင်နှုန်းကနေ (၆၀) ရာခိုင်နှုန်းအထိ လျော့ကျသွားမှု ရှိပါတယ်။
ကိုဉာဏ်ဝင်းအောင် ။ ။ သူတို့ အကူအညီလာပေးတဲ့အခါမှာ မြန်မာပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ အပါအဝင် အရပ်ဘက်လူမှု့အဖွဲ့အစည်းတွေကတဆင့် ပေးသွားတာမျိုးလား။ ဒါမှမဟုတ် တိုက်ရိုက်ပေးတာမျိုးလား။
ဒေါ်မေရီတွမ် ။ ။ များသောအားဖြင့် သူတို့က တိုက်ရိုက်ပေးလေ့ မရှိဘူး။ ကျမတို့လိုမျိုး Local Organization တွေဆိုရင် INGO တခုခုနဲ့ မိတ်ဖက်အဖွဲ့အစည်း ဖြစ်တယ်။ INGO က ပေးတယ်။ အဲဒီမှာမှ ဒေသခံလူမှု့အဖွဲ့အစည်းကို ရောက်တဲ့ဟာရှိတယ်။ Direct ပေးတာမျိုးတော့ အခုထိ မသိသေးပါဘူး။ တဆင့်ခံ ပေးတာမျိုး ရှိပါတယ်။
ကိုဉာဏ်ဝင်းအောင် ။ ။ အခုဆိုရင် ကချင် နဲ့ ရှမ်းပြည်နယ် တိုင်းရင်းသားဒေသတွေမှာ အစိုးရတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ စစ်ဖြစ်လာပြီဆိုရင် အဓိက ပိုပြီးခံစားရတာက ကလေးငယ်တွေနဲ့ အမျိုးသမီးတွေပေါ့။
ဒေါ်မေရီတွမ် ။ ။ ကလေးသူငယ်တွေ စစ်ကြောင့် ဒုက္ခခံရတဲ့အပိုင်းနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဒီ (၅) နှစ်တာအတွင်းမှာ ကလေးတွေ အများကြီး အပြစ်မဲ့ကလေးတွေ လက်နက်ကြီးကျတဲ့အတွက် အသက်ဆုံးရှုံးရတာမျိုးတွေ ရှိတယ်။ လတ်တလော အဖြစ်အပျက် ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ အောက်တိုဘာ (၁) ရက်နေ့မှာ မုံကိုးမြို့နယ်၊ ဘူဟွမ်ကျေးရွာမှာ မနက်စောစောစီးစီး ခြောက်နာရီမှာ လက်နက်ကြီးကျည်းကျပြီးမှ ကလေးငယ်တယောက် ဆုံးသွားပါတယ်။ နောက်ပြီးမှ အသက် (၃) နှစ်၊ (၄) နှစ် ကလေးဆိုရင် အူတွေပွင့်ပြီးတော့ ကျမတို့အဖွဲ့က UNICEF နဲ့ ပူးပေါင်းပြီးမှ တရုတ်ပြည်ဆေးရုံကို အချိန်မီ ပို့ပေးနိုင်ခဲ့တယ်။ နောက်ပိုင်းမှာ လိုအပ်တဲ့ ပံ့ပိုးမှုတွေ ပေးနိုင်တယ်။ ဒါဆိုရင် အင်မတန်မှ ဝမ်းနည်းစရာဖြစ်ရပ် ဖြစ်ပါတယ်။ စစ်ကြောင့်မို့ တကယ်ခံရတာ အပြစ်မဲ့တဲ့ ကလေးတွေ။ ဒီဟာမျိုးတွေ ကြုံတယ်။ တဘက်ကလဲ ပညာရေး အင်မတန်မှ ထိခိုက်ပါတယ်။ ကလေးတွေဟာဆိုရင် ကိုယ့်ရဲ့အသက်အရွယ်နဲ့ စစ်ကြောင့်မို့၊ အခု စစ်ဖြစ်နေတဲ့တလျှောက်မှာဆိုရင် ကျောင်းတွေအကုန် ပိတ်နေရပါတယ်။ ကလေးတွေဆိုရင် ပညာရေးနောက်ကျမှု ။ ပြောရမယ်ဆိုရင် မကြာခင်မှာဆိုရင် ဖေဖေါ်ဝါရီဆိုရင် နောက်ဆုံး အတန်းတင်စာမေးပွဲ ဖြေရမယ့်အချိန် ဖြစ်တယ်။ ဒါပေမဲ့ ဒီလို မတည်မငြိမ်တဲ့အတွက် စာတွေမှာ စိတ်မဝင်စားမှုနဲ့ အများကြီးထိခိုက်မှုတွေ ရှိနေပါတယ်။
ကိုဉာဏ်ဝင်းအောင် ။ ။ ဒီကလေးငယ်တွေ အနာဂတ်အတွက် ဘယ်လို စိုးရိမ်မှု ရှိပါလဲ။
ဒေါ်မေရီတွမ် ။ ။ အင်မတန်မှ စိုးရိမ်ပါတယ်။ ဥပမာ ကျမလည်း တိုင်းရင်းသားတယောက် ဖြစ်တယ်။ တိုင်းရင်းသားတယောက်အနေနဲ့ စဉ်းစားမယ်ဆိုရင် ဒီစစ်မက်က (၅) နှစ် (၆) နှစ်ထဲကို ရောက်နေပါပြီ။ ဒီစစ်မက်အတွင်းမှာ ပြောရမယ်ဆိုရင် တိုင်းရင်းသားတွေဟာဆိုရင် မိမိတို့ … ကျမတို့က မြန်မာနိုင်ငံမှာ ပြည်ထောင်စုလို့ပြောပေမယ့် တိုင်းရင်းသားဒေသတွေဟာဆိုရင် တခြားဒေသထက်ကို ဖွံ့ဖြိုးတိုးတက်မှု နောက်ကျပါတယ်။ နဂိုကတည်းကနေ အဘက်ဘက် နောက်ကျနေတဲ့အထဲမှာ ဒီလို စစ်မက်ဖြစ်ပွားတဲ့အတွက်ကြောင့် အထူးသဖြင့် ပညာရေးကို ကျမတို့က လိုချင်တက်မက်စွာ အပတ်တကုတ် ကြိုးစားရမယ့်အခါ ဒီစစ်မက်ကြောင့်မို့ ကျမတို့ဟာ ပြန်ပြီးတော့ နှောင့်နှေးသွားပါတယ်။ (၅) နှစ်ကျော် ဖြစ်ခဲ့တယ်ဆိုတော့ (၅) နှစ်လောက် နစ်နာသွားတယ်။ အဲဒါကြောင့်မို့ ဒါက ရေရှည်အတွက်ကို အင်မတန် စိုးရိမ်မှု ဖြစ်ရပါတယ်။ အထူးသဖြင့် ပြောရမယ်ဆိုရင် KIA ထိန်းချုပ်တဲ့ဒေသမှာ ရှိနေတဲ့ ကလေးဟာဆိုရင် တက္ကသိုလ် တက်ဖို့အခွင့်အရေး မရှိတော့ဘူး။ ဥပမာ ဒီ (၅) နှစ် (၆) နှစ်အတွင်းမှာ (၁၀) တန်းအောင်ပြီး ဘွဲ့ရပြီးလောက်တဲ့အချိန် ဖြစ်တယ်။ ဒါပေမဲ့ ထောင်လိုက်ချီ ရှိနေတဲ့ အထက်တန်းကျောင်းသားတွေဟာဆိုရင် (၁၀) တန်းအောင်ပေမယ့်လဲ တက်နိုင်ခွင့် မရှိဘဲ ကိုယ့်ရဲ့ဘဝတသက်တာ (၅) နှစ်ဆိုတာ ဘဝတခုအတွက် အင်မတန်မှ နောက်ကျစေတယ်။ အဲဒါကြောင့် ကျမအနေနဲ့ ဒါဟာ သက်ဆိုင်ရာအစိုးရအနေနဲ့၊ ပညာရေးဌာနအနေနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု စည်းမျဉ်းစည်းကမ်းကို လေးစားလိုက်နာဖို့ လိုအပ်သလို၊ တကယ်ပဲ ကိုယ့်ရဲ့တိုင်းသူပြည်သားတွေ ပြောရမယ်ဆိုရင် တိုင်းပြည်လူ့အရင်းအမြစ်တခုကို တကယ်ကိုပဲ သိနားလည်စွာနဲ့ ကိုယ့်ရဲ့နိုင်ငံသားတွေရဲ့ ပညာရေး အဓိကကြိုးစားလုပ်ကိုင်ပေးဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။
ကိုဉာဏ်ဝင်းအောင် ။ ။ ကျေးဇူးတင်ပါတယ်။