ကက်တလန် လွတ်လပ်ရေး ထောက်ခံသူ ထောင်ချီဆန္ဒပြ

ဘာစီလိုးနားမြို့ Sant Jaumes ရင်ပြင်က ဆန္ဒပြပွဲ

စပိန်နိုင်ငံ ဘာစီလိုးနားမြို့က Sant Jaumes ရင်ပြင်မှာ ကက်တလန်လွတ်လပ်ရေးကို ထောက်ခံသူတွေ ထောင်နဲ့ချီပြီး ဆန္ဒပြခဲ့ကြပါတယ်။ ကက်တလန်ခေါင်းဆောင် ၂ ဦးကို ထောင်သွင်းအကျဉ်းချထားတာ ၂ လကြာ အထိမ်းအမှတ်အနေနဲ့ အခုလို ဆန္ဒပြတာပါ။

ကက်တလန် ဒေသအုပ်ချုပ်ရေး ဌာနချုပ်ရုံကို ချီတက်သွားနေ ကြသူတွေဟာ လွတ်လပ်ရေး လွတ်လပ်ရေးဆိုပြီး ကြွေးကြော်ခဲ့ကြသလို မက်ဒရစ်ထောင်မှာ ချုပ်နှောင် ခံထားရတဲ့ ကက်တလန်ခေါင်းဆောင်တွေကို ထောက်ခံတဲ့ သင်္ကေတဖြစ်လာနေတဲ့ အဝါရောင် လည်စည်းတွေကို ဆင်မြန်းထားပါတယ်။ ကက်တလန် အမျိုးသား လွှတ်တော်ခေါင်းဆောင်တွေဖြစ်တဲ့ Jordi Sanchez နဲ့ Jordi Cuixart တို့ ၂ဦးကို စပိန်အစိုးရ ဆန့်ကျင်မှုနဲ့ ထောင်ဒဏ်ချမှတ်ခဲ့တာပါ။

စက်တင်္ဘာ ၂၀ ရက်နေ့က ကက်တလန် ဘဏ္ဍာရေးဌာနအဆောက်အဦးကို ၁၈ နာရီကြာ စီးနင်းထားမှုအတွင်း စပိန်လုံခြုံရေး ရဲတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ အားပေးအားမြှောက် လုပ်ခဲ့တာကြောင့်လည်း ထောင်ဒဏ်ချမှတ်ခံရတာပါ။ ကက်တလန်လွှတ်တော်မှာ စပိန်နိုင်ငံကနေ သီးခြားခွဲထွက်ဖို့ လူထုဆန္ဒသဘောထား ခံယူပွဲမှာ သီခြားခွဲထွက်လိုသူတွေဘက်က အနိုင်ရခဲ့ပြီးနောက် စပိန်အစိုးရက အင်အားသုံးပြီး အဲဒီလိုဆောင်ရွက်လာတာပါ။

Sanchez နဲ့ Cuixart တို့ ၂ ဦးအပြင် ကက်တလန် အစိုးရ ဒုတိယ အုပ်ချုပ်ရေးမှုးဟောင်း Oriol Junqueras နဲ့ အဖွဲ့ဝင်တဦးကို မက်ဒရစ်ထောင်မှာ အကျဉ်းချထားပါတယ်။ ကက်တလန်လွတ်လပ်ရေးကြေညာခဲ့တဲ့ ကက်တလန် အုပ်ချုပ်ရေးမှုး Carles Puigdemont ကတော့ လူထုဆန္ဒခံယူပွဲအပြီး ကက်တလန်လွတ်လပ်ရေး ကြေညာပြီးနောက် အခုအခါမှာ ဘယ်လ်ဂျီယံမှာ ခိုလှုံနေပါတယ်။

စပိန်အစိုးရက လာမယ့် ဒီဇင်္ဘာ ၂၁ ရက်နေ့မှာ ကျင်းပပေးမယ့် ရွေးကောက်ပွဲမှာ သူအနိုင်ရရင်တော့ စပိန်ကို ပြန်လာမယ်လို့Junts Per Catalunya ပါတီ ကိုယ်စားလှယ်လောင်းလည်း ဖြစ်တဲ့ Puigdemont က ပြောပါတယ်။

Your browser doesn’t support HTML5

ကက်တလန် လွတ်လပ်ရေး ထောက်ခံသူ ထောင်ချီ ဆန္ဒပြ