တိုက်ပွဲပိုပြင်းထန်လာတဲ့ ချင်းညီနောင်စစ်ဆင်ရေးနဲ့ မင်းတပ်၊ ဖလမ်းအခြေအနေ

ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ် တပ်ဖွဲ့ဝင်များရဲ့ ယခင်မှတ်တမ်းဓာတ်ပုံ (Photo Crd: CDF Mindat)

ချင်းကာကွယ်ရေးတပ်တွေ စုပေါင်းထားတဲ့ ချင်းညီနောင်စစ်ဆင်ရေး စတင်နေတဲ့ ချင်းပြည်နယ် မင်းတပ်နဲ့ ဖလမ်းမြို့တွေမှာ စစ်ကောင်စီနဲ့ ချင်းညီနောင်အဖွဲ့ ကြား တိုက်ပွဲပိုပြီးပြင်းထန်လာနေတာ ၆ ရက်ရှိလာပါပြီ။ ဒီကနေ့မှာလည်းလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာနဲ့ နေအိမ်မီးလောင်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြို့အတွင်းမှာ ကျန်နေသူအားလုံး ရှောင်တိမ်းကြဖို့ကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက သတိပေးလိုက်တာကြောင့်ရောပြင်းထန်လာတဲ့ တိုက်ပွဲကြောင့် ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ မင်းတပ်နဲ့ ဖလမ်းမြို့က တိုက်ပွဲအခြေအနေ ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

ချင်းကာကွယ်ရေးတပ်တွေ စုပေါင်းထားတဲ့ ချင်းညီနောင်အဖွဲ့ (Chin Brotherhood) ရဲ့ "ချင်းညီနောင် စစ်ဆင်ရေး" (Operation CB) ကို နိုဝင်ဘာလ ၉ ရက်နေ့က စတင်လိုက်တာဖြစ်ပါတယ်။ မင်းတပ်မြို့နဲ့ ဖလမ်းမြို့က စစ်ကောင်စီတပ်ရဲ့ မြို့ပေါ် စစ်စခန်းတွေကို တပြိုင်တည်း စတင်တိုက်ခိုက်နေတာကြောင့် နှစ်ဘက်တိုက်ပွဲပြင်းထန်နေတာ ဒီကနေ့နဲ့ဆို၆ ရက်မြောက် ရှိလာပါပြီ။

တိုက်ပွဲကြောင့် မြို့နဲ့ အနီးတဝိုက်က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြပြီး နိုဝင်ဘာလ ၁၃ ရက်၊ မနေ့ ဗုဒ္ဓဟူးနေ့မှာလည်း မြို့အတွင်းမှာ ကျန်ရှိနေသူအားလုံး ရှောင်တိမ်းကြဖို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက သတိပေးလိုက်တယ်လို့ ဖလမ်းမြို့ခံတဦးက ပြောပါတယ်။

"ပြည်သူအများကို မြို့ပေါ်မှာ လုံးဝမမြင်ရဘူး။ ၆ နာရီကနေ ၇ နာရီအတွင်း အကုန်လုံးထွက်ခိုင်းတယ် လေ။ လူကတော့ ရှိတော့မှာမဟုတ်ဘူး။ ရှိရင်လည်း ၄-၅ ယောက်လောက်ရှိမှာ။ အခြေအနေ မကောင်းတော့ဘူးလေ။ CNDF ဘက်ကနေပြီးတော့ အလံနီထောင်ထားတယ်လေ။ အလံနီထောင် ထားတယ် ဆိုတော့ ကျနော်တို့လည်း နားမလည်နိုင်ဘူး။ ဒါပေမဲ့ တခုတော့ရှိတာပေါ့၊ အနီရောင်ပြတယ် ဆိုရင် တိုက်ပွဲအကြီးအကျယ် ဖြစ်တော့မယ်ဆိုတဲ့ သဘောပဲပေါ့။"

လတ်တလောမှာတော့ ဖလမ်းမြို့နဲ့ မင်းတပ်မြို့တွေမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းကရော လက်နက်ကြီးတွေနဲ့ပါပစ်ခတ်တိုက်ခိုက်နေကြပြီး အတော်လေးကို တိုက်ပွဲတွေပြင်းထန်နေပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းကနေရော လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ် တိုက်ခိုက်နေတယ်လို့ ဒေသခံကာကွယ်ရေးဘက်က ဗွီအိုအေကို ပြောပါတယ်။

နိုဝင်ဘာလ ၁၄ ရက်၊ ဒီကနေ့မနက် အစောပိုင်းအချိန်အထိ ဖလမ်းမြို့က တပ်ကုန်းမှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ဖလမ်းဒေသခံက ပြောပါတယ်။

"ဖလမ်းကနေ ၇ မိုင်၊ ၈ မိုင်လောက်ဝေးတဲ့ကျေးရွာကနေပြီးတော့ ခုနလေးပဲ ဖုန်းနဲ့ စကားပြောကြတာလေ။ အခုလည်းတပ်ကုန်းမှာ တိုက်ပွဲအကြီးအကျယ်ဖြစ်တယ်တဲ့။ မနေ့က ည ၈ နာရီကနေပြီးတော့ မနက် ၇ နာရီခွဲအထိ လေယာဉ်နဲ့ဗုံးကြဲတယ်။ နောက်ပြီးတော့ ဒီနေ့မနက်ပိုင်းမှာ ဖိုက်တာနဲ့လည်း ပစ်တယ်ပေါ့လေ။ အဲဒါတွေ သတင်းရတယ်။ အိမ်က၄-၅ လုံးလောက်တော့ ထပ်ပြီးမီးလောင်တယ်လို့ သတင်းကြားရတယ်။"

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ချင်းပြည်နယ်၊ မတူပီမြို့က စစ်ကောင်စီရဲ့ ခမရ ၃၀၄ နဲ့ ခလရ ၁၄၀ အပါအဝင် မတူပီအခြေချ စစ်ဗျူဟာကို ချင်းညီနောင်နဲ့ မဟာမိတ်တပ်ဖွဲ့တွေဘက်က ထိုးစစ်ဆင်ပြီး သိမ်းပိုက်ခဲ့ပါတယ်။

အောက်တိုဘာလထဲကတော့ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ထပ်ပြီးလုပ်ခဲ့တယ်လို့ မတူပီဒေသခံတွေက ပြောပါတယ်။ အခု မင်းတပ်နဲ့ ဖလမ်းမှာလည်း စစ်စခန်းတွေ တိုက်ခိုက်ခံရလို့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတယ်လို့မတူပီဒေသခံက ပြောပါတယ်။

"အခု မင်းတပ်ဆိုရင် သူ့ဧရိယာမှာ လေကြောင်းတိုက်ခိုက်မှုတွေ အများကြီးရှိတယ်။ အဲဒါနဲ့ အနီးဆုံးရွာက လူတွေကတော့ အကုန်လုံး ရှောင်ကြရတယ်ဗျ။ ကျနော်တို့ ပြီးခဲ့တဲ့အတွေ့အကြုံ အရဆိုရင်တော့ မတူပီမှာ အဲလိုမြို့သိမ်းတိုက်ပွဲ ဖြစ်တဲ့အချိန်မှာ ကျနော်တို့ မြို့ပေါ်မှာတယောက်မှကို မနေတော့ဘူးပေါ့။ လုံးဝ တယောက်မှမနေဘဲအကုန်လုံးရှောင်ကြရတာဗျ။ မင်းတပ်မှာက ဒါ မတိုင်ခင်အထိတော့ ဖုန်းလိုင်းရသေးတယ်။ ဖုန်းလိုင်းဆိုတာ ဟိုလိုမျိုးတော့ မရဘူးပေါ့၊ ဒီအတိုင်း ကြိုကြားကြိုကြား ရတဲ့နေရာလေးတွေ ရှိတာပါ။"

ဖလမ်းနဲ့ မင်းတပ်မှာ စစ်စခန်းတွေ တိုက်ခိုက်ခံရလို့ တိုက်ပွဲပြင်းထန်နေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့တစုံတရာ သတင်းမထုတ်ပြန်သေးပါဘူး။ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ (Chin Brotherhood) ချင်းညီနောင် အဖွဲ့မှာ ဇိုမီးဖက်ဒရယ်အစည်းအရုံး၊ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေး တပ်ဖွဲ့ ၊ မတူပီတပ်မဟာ (၁) တို့ ပါဝင်ပါတယ်။

Your browser doesn’t support HTML5

တိုက်ပွဲပိုပြင်းထန်လာတဲ့ ချင်းညီနောင်စစ်ဆင်ရေးနဲ့ မင်းတပ်၊ ဖလမ်းအခြေအနေ