ချင်းပြည်နယ်အစိုးရ စည်ပင်ဝန်ကြီး ပလက်ဝကနေ ပြန်မထွက်နိုင်သေး

ချင်းပြည်နယ် ပလက်ဝမြို့။ (ဓာတ်ပုံ - CUSF - Paletwa)

[Zawgyi/Unicode]

စစ်ရေးတင်းမာနေဆဲ ပလက်ဝမြို့နယ်မှာ ရောက်နေတဲ့ ချင်းပြည်နယ်အစိုးရ စည်ပင်သာယာရေး ဝန်ကြီး ဦးစိုးထက်ဟာ ပလက်ဝဒေသလုံခြုံရေး အခြေအနေကြောင့် ပြည်နယ်ဝန်ကြီးရုံးကို မပြန်နိုင်သေးတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပါမယ်။

ပလက်ဝဒေသ စစ်ဘေးဒုက္ခသည်အရေးအပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ပလက်ဝမြို့ကို ရောက်နေတဲ့ ချင်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်ဟာ စက်တင်ဘာ ၉ ရက်နေ့က ရေကြောင်းခရီးစဉ်အတွင်း တိုက်ပွဲနဲ့ကြုံရအပြီး ဒေသလုံခြုံရေးကြောင့် မြို့မှာ ပိတ်မိနေတာကနေဌာနကို ပြန်ဖို့ အချိန်စောင့်ဆိုင်းနေတယ်လို့ ဝန်ကြီးဦးစိုးထက်က ပြောပါတယ်။

"ကျနော်တို့ ပြန်ဖို့ နည်းနည်း ရာသီဥတုအခြေအနေလေး နယ်မြေအခြေအနေတွေပေါ့။ စောင့်ကြည့်ပြီးမှ နောက်ကျမှပြန်ရမှာပေါ့။ ဒီနယ်မြေ မအေးချမ်းတော့လေ ... အဲဒီသွားလို့ မရဘူး။ အဲဒီကြားမှာ လုံခြုံရေးရေး စောင့်ရှောက်နဲ့ သွားမှရတာမျိုးပေါ့။ ကျနော်တို့က ပလက်ဝမှာ ဆမီးဘက်ကိုသွားမယ်ဆိုပြီးတော့ စက်လှေနဲ့ အသွားကုန်းပေါ်အတက် အဲဒီမှာ အပစ်ခံရတာ။ ပစ်တာတော့ တပ်ကတော့ ကျနော်တို့ကို လုံခြုံရေးလုပ်ပေးတာကိုး။ AA တို့ကပဲ ပစ်ခတ်တယ်။ ပစ်တာတော့လက်နက်ကြီးနဲ့ လက်နက်ငယ်နဲ့လေ။"

ဝန်ကြီးဟာ ပလက်ဝခရီးစဉ်အတွက် စက်တင်ဘာ ၅ ရက်နေ့က တပ်မတော်လေယာဉ်နဲ့ ရောက်လာတာဖြစ်ပြီး ဆမီးမြို့ဘက်ကို အသွားမှာ တိုက်ခိုက်မှုနဲ့ ကြုံခဲ့တာဖြစ်ပေမဲ့ ထိခိုက်မှုတော့ မရှိခဲ့ပါဘူး။

SEE ALSO: ရခိုင်ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေတဲ့အပေါ် စိုးရိမ်မကင်းဖြစ်ကြောင်း ကုလဌာနေကိုယ်စားလှယ်ပြော

ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခကတော့ ဝန်ကြီးဦးစိုးထက်ကို ရည်ရွယ်ပစ်ခတ်တာမဟုတ်ဘဲ ပလက်ဝမြို့နယ်မှာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွါးတာဖြစ်ကြောင်းပြောပါတယ်။

"ဦးစိုးထက်တို့ စီးလာတဲ့စက်လှေကို ကျနော်တို့ဘက်က ပစ်ခတ်တယ်ဆိုတာ လုံးဝမဟုတ်ဘူးဗျ။ မြန်မာစစ်တပ်ရဲ့ ပလက်၀ အခြေစိုက်ပေါ့နော်။ ခလရ(၂၈၉) ဌာနချုပ် အခုလက်ရှိမှာတော့ တပ်မ(၇၇)နဲ့ တပ်မ(၁၁)တို့ရဲ့ ယာယီကွပ်ကဲရေး ဌာနချုပ်ပေါ့နော်။ အဲဒီနေရာကိုတော့ ကျနော်တို့ဘက်ကနေပြီးတော့ စက်တင်ဘာလ ၉ ရက်နေ့က လက်နက်ကြီးတွေနဲ့ အဲဒီမှာ သွားရောက်ပစ်ခတ်တာရှိတယ်။

တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဝန်ကြီးကို ဦးတည်ပစ်ခတ်တာ မဟုတ်ဘူးဆိုတာကို အတည်ပြုပြောဆိုပြီး လုံခြုံစိတ်ချတဲ့အချိန်မှာ တပ်မတော်အစီအစဉ်နဲ့ ပြန်ပို့ဆောင်မယ်လို့ ဆိုပါတယ်။

"သူ့စက်လှေကို ပစ်တာမဟုတ်ဘူးဗျ။ အဲဒီတပ်ရင်းကို ပစ်တာ။ အဲဒီမှာရှိတဲ့ တပ်ဌာနချုပ်ကို့ AA ပစ်တာဖြစ်တယ်။ အဲဒီမှာတော့ ကျနော်တို့ ထိခိုက်ဒဏ်ရာရမှုတော့ မရှိပါဘူး။ ဦးစိုးထက်အနေနဲ့ကတော့ လုံခြုံစိတ်ချရတဲ့ နေရာ တခုမှာရှိပါတယ်။ သူ့အနေနဲ့ ပြန်ဖို့ပေါ့။ ချင်းပြည်နယ်ပြန်ဖို့အတွက် လုံခြုံစိတ်ချရတဲ့အနေအထားတခုကို စောင့်ဆိုင်းလျက် ရှိပါတယ်။”

ပလက်ဝမြို့နယ်ဟာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား ဖြစ်ပွါးနေတဲ့ စစ်ရေးတင်းမာမငတွေကြောင့် ကုန်းလမ်း၊ ရေလမ်းခရီး ပိတ်ပင်နေတာပါ။

အထူးသဖြင့် ကျောက်တော်၊ စစ်တွေဘက်ကိုသွားတဲ့ ကုလားတန်မြစ်ကြောင်း လမ်းပိတ်ပင်နေသလို မတူပီကို သွားတဲ့ ကားလမ်းဟာလည်း လုံခြုံမှု မရှိတာကြောင့် ဒေသအတွင်းကုန်စည်စီးဆင်းမှု ရပ်တန့်နေတာပါ။

ဒီလိုအခြေအနေတွေကြောင့် ပလက်ဝမြို့နယ်ဒေသခံတွေ စားသောက်ရေးမှာ အခက်တွေ့နေတယ်လို့ ချင်းပြည်နယ်အစိုးရ စည်ပင်သာယာရေး ဝန်ကြီး ဦးစိုးထက်ပြောပါတယ်။

“ပုံမှန်ကားတွေ မသွား စက်လှေတွေ မသွားဘူးဆိုရင် ကုန်စည်စီးဆင်းမှု အတော်ခက်ခဲပါတယ်။ ဆန်က ကျောက်တော် စစ်တွေမှာဆို ဆန်တအိတ်ကို ၂၀,၀၀၀ လောက်ပဲ ရှိပါတယ်။ ကျနော်တို့ ပလက်ဝမှာဆို ၆၀,၀၀၀၊ ၆၅,၀၀၀ လောက်ဖြစ်နေတယ်။ နယ်မြေမလုံခြုံတဲ့အပေါ် ဒေသခံတွေက ပိုက်ဆံလည်း ရှာလို့မရ။ ဝယ်စားဖို့ ငွေလည်း မရှိ။ တော်တော် ခက်ခဲပါတယ်။"

SEE ALSO: စစ်တွေ ဆန္ဒပြကျောင်းသားသုံးဦး ကပ်ဘေးဥပဒေနဲ့ တရားစွဲခံရ

ပလက်ဝမြို့နယ် ပတ်ဝန်းကျင် တိုက်ပွဲတွေကြောင့် ပလက်ဝမြို့အတွင်းနဲ့ ဆမီးမြို့မှာ စစ်ရှောင်ဦးရေ ၇,၀၀၀ ခန့်ရှိနေပါတယ်။ ဒီစစ်ရှောင်တွေကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP နဲ့ ချင်းပြည်နယ် အစိုးရတို့ကနေ အကူအညီပေးနေပါတယ်။

လာမယ့် နိုဝင်ဘာ ၈ ရက်မှာ ရွေးကောက်ပွဲ ကျင်းပသွားမယ်လို့ ကြေညာထားပေမဲ့ ပလက်ဝမြို့နယ်မှာ လုံခြုံရေးအခြေအနေအရ နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးရေးမှာလည်း ခက်ခဲနေပါတယ်။

တိုက်ပွဲတွေဖြစ်ပွါးနေရင် ရွေးကောက်ပွဲကျင်းပဖို့ အခွင့်အရေးဆုံးရှုံးသွားမှာ စိုးရိမ်လို့ ပလက်ဝမြို့နယ်အတွင်း တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်စဲဖို့ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ (KACC) ကနေ စက်တင်ဘာ ပထမအပတ်မှာ ထုတ်ပြန်တောင်းဆိုထားပါတယ်။

Your browser doesn’t support HTML5

ချင်းပြည်နယ်အစိုးရ စည်ပင်ဝန်ကြီး ပလက်ဝကနေ ပြန်မထွက်နိုင်သေး

[Unicode Version]






SEE ALSO: မောင်တော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် တစ်ဦးသေဆုံး၊ တစ်ဦးပျောက်နေဆဲ







SEE ALSO: ကိုဗစ်ဖြစ်နေတဲ့ ရခိုင်ပြည်သူတွေ စားဝတ်နေရေး အခက်ကြုံမှာ စိုးရိမ်




