ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ကုန်ကြမ်းသုံး မြန်မာလုပ်ငန်းတွေ ရပ်ဆိုင်း

တရုတ်-မြန်မာ နယ်စပ်ဂိတ်တွင် ဖြတ်သန်းသွားမည့်သူအား ကိုယ်အပူချိန်တိုင်းနေသည့် ဝန်ထမ်းတဦး။ (ဇန်နဝါရီ ၃၁၊ ၂၀၂၀)

(Zawgyi / Unicode)

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ကြိုးစား ထိန်းချုပ်နေရချိန် တရုတ်ရဲ့ကုန်ကြမ်းကို မှီခိုရတဲ့ မြန်မာနိုင်ငံတွင်းက စက်ရုံတချို့လည်း လုပ်ငန်းတွေ ပိတ်သိမ်းနေရပါတယ်။ ဒီစက်ရုံတွေ ပြန်ဖွင့်လာရင် အလုပ်အကိုင် ပြန်လည်ရရှိရေးအတွက် စာချုပ်စာတမ်းနဲ့ ဆောင်ရွက်နိုင်ဖို့လည်း အလုပ်သမားအဖွဲ့တွေ ကြိုးစားနေကြပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက် တင်ပြပေးထားပါတယ်။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတွင်း ခရီးသွားလာရေး၊ လုပ်ငန်းတွေ လည်ပတ်မှုကိုပါ ထိန်းချုပ်ထားတာပါ။ တရုတ်ရဲ့ ကုန်ကြမ်းအပေါ်မှာ မှီခိုနေရတဲ့ မြန်မာနိုင်ငံတွင်းက စက်ရုံတွေလည်း လုပ်ငန်းပိတ်သိမ်းရတဲ့ အနေအထား ဖြစ်လာကြောင်း အလုပ်သမားအရေး ဆောင်ရွက်တဲ့ Action Labor Rights က ကိုသူရိန်အောင်က ပြောပါတယ်။

“စက်ရုံပိတ်သိမ်းတာကတော့ အခုလတ်တလောမှာ ဒီစက်ရုံတွေဘက်က အကြောင်းပြတာကတော့ ဝူဟန်ဗိုင်းရပ်စ်ကြောင့်ပေါ့၊ ကုန်ကြမ်းတွေ မရလို့ လုပ်ငန်းတွေ ရပ်တယ်ပေါ့။ ဒီလိုမျိုးပြောကြတယ်။ အစိုးရဘက်ကိုလည်း အဲဒီလိုအကြောင်းကြားပြီး ပိတ်ကြတယ်။”

ကိုသူရိန်အောင်ကို Skype ကနေတဆင့် မေးမြန်းခဲ့တာမှာတော့ ပိတ်သိမ်းတဲ့အထဲမှာ အထည်ချုပ်စက်ရုံတွေတင် မဟုတ်ဘဲ ဖိနပ်စက်ရုံတွေပါ ပါဝင်နေကြောင်း၊ ပိတ်သိမ်းတဲ့ စက်ရုံစာရင်းကိုလည်း ရန်ကုန်တိုင်းအစိုးရက ဒီရက်ပိုင်းတွေအတွင်း ထုတ်ပြန်ဖို့ရှိနေကြောင်း ပြောပါတယ်။ ပိတ်သိမ်းတဲ့ စက်ရုံတွေက လုပ်သားတွေအနေနဲ့ ဘယ်လိုအခြေအနေ ကြုံတွေ့ရမလဲ ဆိုတာကို မေးတဲ့အခါမှာတော့ သူက အခုလိုပြောပါတယ်။

“အစိုးရမှာလည်း အဲဒီအတွက် ဘာအစီအစဉ်မှ ရှိမထားဘူး။ အလုပ်သမားတွေကတော့ အဲလိုမျိုး ဖြစ်လာခဲ့မယ်ဆိုရင်လည်း သူတို့က နည်းလမ်းနှစ်ခုပဲရှိမယ်။ နောက်ထပ် စက်ရုံတွေကို ထပ်လျှောက်ပေါ့။ လျှောက်လို့မရဘူးဆိုလည်း ရွာခနပြန်ကြပေါ့။”

ကုန်ကြမ်းပြတ်လပ်မှုကြောင့် စက်ရုံပိတ်သိမ်းမယ့်အရေးကို လုပ်သားတွေက မကန့်ကွက်ပေမယ့် စက်ရုံ ပြန်လည် လည်ပတ်တဲ့အခါမှာ သူတို့ အလုပ်ပြန်ရရေး စီစဉ်နေကြကြောင်း Action Labor Rights က ကိုသူရိန်အောင်က ပြောပါတယ်။

“စက်ရုံ ပိတ်သွားခဲ့သည့်တိုင်အောင် အကယ်၍ ဒီနေရာမှာ ဒီလူပဲ။ စက်ရုံနာမည်တော့ တူချင်မှ တူမှာပေါ့နော်။ ဒီလိပ်စာနဲ့ အခုပိတ်သွားတဲ့ စက်ရုံရဲ့ ရင်းနှီးမြှုပ်နှံမှု MIC မှာတင်ထားတဲ့ လူတွေကပဲ ပြန်ဖွင့်တယ်ဆိုရင် လက်ရှိပိတ်လိုက်တဲ့ စက်ရုံက အလုပ်သမားတွေကိုပဲ ပြန်ခန့်ရမယ်ဆိုတဲ့ စာချုပ်ကို ကျနော်တို့က ချုပ်ခိုင်းတယ်။ အဲဒီနည်းနဲ့တော့ ကျနော်တို့ ဖြေရှင်းနေတယ်။”

တရုတ်နိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေး ကြိုးစားနေရဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီကိစ္စကြောင့် တရုတ်ရဲ့ စီးပွားရေးအပေါ်မှာ ရေရှည်သက်ရောက်မှု မရှိနိုင်ဘူးလို့ တရုတ်ဘက်က ပြောဆိုထားတာပါ။ တရုတ် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးဌာန ညွှန်ကြားရေးမှူး Xian Guoyi က အခုလို ပြောပါတယ်။

“ကျနော်တို့နိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်ရေး၊ နိုင်ငံခြား ငွေလုံးငွေရင်း၊ ဝယ်ယူစားသုံးမှု အပေါ်မှာ ရေတိုသက်ရောက်မှုနဲ့ ကြုံတွေ့နေရပါတယ်။ အကြွေးမဆပ်နိုင်တဲ့ အခြေအနေက တိုးလာနေတာကြောင့် ပြည်တွင်းပြည်ပ ဈေးကွက်တွေရှာရေး လုပ်ငန်းကြီးတွေအတွက် ပိုပြီး ခက်ခဲလာပါတယ်။”

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု မဖြစ်ခင်ကတည်းက တရုတ်စီးပွားရေးက နှေးကွေးနေတာဖြစ်ပြီး အခုအချိန်မှာတော့ ဗိုင်းရပ်စ်ပျံ့နှံ့ကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းတွေ၊ စက်ရုံတွေ၊ ခရီးသွားဒေသတွေနဲ့ ခရီးသွားလာရေးလုပ်ငန်းတွေ အများအပြားကို ပိတ်ထားရပါတယ်။ တရုတ်နိုင်ငံကနေ လာမယ့်သူတွေကိုရော တရုတ်နဲ့ လေကြောင်းပျံသန်းမှုတွေကိုပါ နိုင်ငံအများအပြားက ရပ်ဆိုင်းထားပါတယ်။

-------------------------------

(Unicode)












Your browser doesn’t support HTML5

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ကုန်ကြမ်းသုံး မြန်မာလုပ်ငန်းတွေ ရပ်ဆိုင်း