တရုတ်နဲ့ ရုရှားသမ္မတနှစ်ဦး ကာဇက်စတန်လုံခြုံရေးထိပ်သီးစည်းဝေးပွဲမှာတွေ့ဆုံ 

ရုရှားသမတ္တ Vladimir Putin နဲ့ တရုတ်သမ္မတ Xi Jinping တို့ ကာဇက်စတန်နိုင်ငံက လုံခြုံရေးထိပ်သီးဆွေးနွေးပွဲမှာ ဗုဒ္ဓဟူးနေ့ ဇူလိုင် ၃ ရက်နေ့က ဆုံခဲ့ကြစဥ်။ (ဇူလိုင် ၃၊ ၂၀၂၄)

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်တို့ဟာ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ အမေရိကန်ဦးဆောင်နေတဲ့ အခန်းကဏ္ဍကို တန်ပြန်နိုင်ဖို့ရည်ရွယ်ပြီး ကာဇက်စတန်နိုင်ငံက လုံခြုံရေးထိပ်သီးဆွေးနွေးပွဲမှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ တရုတ်နဲ့ရုရှား နှစ်နိုင်ငံ ၂၀၀၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ရဲ့ ၂ ရက် တာ ထိပ်သီးအစည်းအဝေးကို ကာဇက်စတန်နိုင်ငံ၊ အက်စ်တာနာ (Astana) မြို့တော်မှာ ဇူလိုင် ၃ ရက် (ဗုဒ္ဓဟူးနေ့) က စတင်ခဲ့တာ ဖြစ်ပြီး အဲဒီမှာ ထိပ်သီးခေါင်းဆောင်နှစ်ဦးတွေ့ဆုံခဲ့တာပါ။

ဒီဆွေးနွေးပွဲက ယူရေးရှန်းလို့ ခေါ်တဲ့ အာရှအလယ်ပိုင်းအပါအဝင် ဥရောပနဲ့အာရှဆက်စက်နေတဲ့ ဒေသရဲ့လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးဖို့ရည်ရွယ်ထားပြီး အခုနှစ်မှာ ဥရောပက ရုရှားရဲ့မဟာမိတ် ဘီလာရုစ်ကို အဖွဲ့ဝင်နိုင်ငံအသစ်အဖြစ် လက်ခံဖို့ ရှိနေပါတယ်။

ထိပ်သီးဆွေးနွေးပွဲအတွင်းမှာ အိမ်ရှင် ကာဇက်စတန်နဲ့ တခြား ဗဟိုအာရှနိုင်ငံတွေအနေနဲ့လည်း အင်အားကြီး အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး အားကောင်းလာရေး အခွင့်အလမ်းတရပ် ဖြစ်ပါတယ်။ တရုတ်နဲ့ရုရှားကြား ခိုင်မာတဲ့ဆက်ဆံရေး တည်ဆောက်နေချိန်မှာ ဒီ ထိပ်သီးဆွေးနွေးပွဲ ကျင်းပတာပါ။

၂၀၂၂ ခုနှစ်မှာ ရုရှားသမ္မတပူတင် ဘေဂျင်းကို နိုင်ငံတော်ခရီးစဥ် လာရောက်ချိန်မှာ ရုရှားဟာ "အကန့်အသတ်မဲ့ မိတ်ဖက်နိုင်ငံတွေ" ဖြစ်ကြောင်း တရုတ်က ကြေညာခဲ့ပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာ မေလတုန်းက ပူတင်ရဲ့တရုတ်ခရီးစဥ်အတွင်းမှာ နောက်ဆုံးတွေ့ဆုံခဲ့ကြပြီး အဲဒီနောက်ပိုင်းမှာ တရုတ်ဟာ ရုရှားကို နိုင်ငံတကာ မျက်နှာစာမှာ သံတမန်ရေးရာ ပံ့ပိုးကူညီနေသလို တရုတ်ဟာ ရုရှားအတွက် အဓိက ရေနံနှင့် သဘာဝဓာတ်ငွေ့ ထိပ်တန်းစျေးကွက်တခုလည်း ဖြစ်ပါတယ်။

Your browser doesn’t support HTML5

တရုတ်နဲ့ ရုရှားသမ္မတနှစ်ဦး ကာဇက်စတန်လုံခြုံရေးထိပ်သီးစည်းဝေးပွဲမှာတွေ့ဆုံ