ပင်လောင်းမြို့အနီးတိုက်ပွဲပြင်းထန်၊ စစ်ကောင်စီဘက်က ကျဆုံးမှုများ

ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းဒေသ နမ်းနိန်းကျေးရွာတဝိုက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားသည့်အခြေအနေ Photo: PNDF(KK)

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ နမ်းနိန်းကျေးရွာတဝိုက်မှာ မနေ့ ကြာသပတေးနေ့က တိုက်ပွဲပြင်းထန်ခဲ့သလို ဒီနေ့ သောကြာနေ့မှာလည်း စစ်ရေးတင်းမာနေပါတယ်။ မနေ့က တိုက်ပွဲအတွင်းမှာတော့ ၂ ဖက် အထိအခိုက် အကျအဆုံးရှိတယ်လို့ ကာကွယ်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။ အဲဒီဒေသဖက်မှာ စစ်ရေးအခြေအနေကြောင့် ဖေဖော်ဝါရီလထဲက ဘေးလွတ်ရာမှာ ခိုလှုံနေကြရတဲ့ ဒေသခံတွေဟာလည်း နေရပ်မပြန်နိုင်သလို နေရေး စားရေး အခက်အခဲဖြစ်နေပါတယ်။ ပင်လောင်းဘက်က အခြေအနေသတင်းပေးပို့ခက်ကို အခြေခံပြီး ကိုငြိမ်းချမ်းကတင်ပြပါမယ်။

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ နမ်းနိန်းကျေးရွာတဝိုက်ကို အင်အားအမြောက်အများနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေအကြား မတ် ၁၆ ရက်၊ ကြာသပတေးနေ့က ၅ နာရီကြာလောက် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ခဲ့တယ်လို့ Karenni Revolution Union (KRU) အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက VOA ကို ပြောပါတယ်။

“နမ်းနိန်းဘုန်းကြီးကျောင်းရဲ့ အနောက်ဘက် တောင်ကြောတလျှောက်မှာ ဖြစ်တာပေါ့။ သူတို့ စစ်ကြောင်းထိုးလာတာပေါ့။ စစ်ကြောင်းကတော့ အင်အား ၂၀၀ ကျော်လောက်ရှိတဲ့ စစ်ကြောင်းနဲ့ အဲ့မှာ ကျနော်တို့ ကာကွယ်ရေးတပ်တွေ ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာပေါ့။ တိုက်ပွဲကတော့ မနက် ၇ နာရီကနေပြီးတော့ နေ့လည် ၁နာရီကျော်လောက်အထိ ဖြစ်သွားခဲ့တယ်ပေါ့လေ။ တော်တော်တော့ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တာပေါ့။”

ဒီနေ့ မတ်လ ၁၇ ရက် နေ့ခင်းပိုင်းအထိ နှစ်ဖက် ပစ်ခတ်မှုမရှိပေမယ့် စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ပြောပါတယ်။ မနေ့က တိုက်ပွဲအတွင်း ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု (KRU) နဲ့ KNDF ပူးပေါင်း မဟာမိတ်တပ်ဖွဲ့တွေအပါအဝင် စစ်တောင်းပျောက်ကျားအဖွဲ့တွေက စစ်ကောင်စီတပ်တွေကို ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့တပ်ပေါင်းစုဘက်က ထိခိုက်ဒဏ်ရာရခဲ့သလို စစ်တပ်ဘက်ကလည်း အကျအဆုံးရှိတယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီကတော့ သူတို့ ဒီ ၂၀ ကျော်လောက် ကျတယ်ပေါ့နော်။ ကျတယ်ဆိုတာက ကျနော်တို့ ကင်းပြန်ထောက်တဲ့အချိန်မှာ အဲ့မှာ သူတို့ရဲ့ အလောင်းတွေပေါ့နော်၊ အလောင်းတွေ တောင်ပေါ်ကနေဆင်းပြီးတော့ တောင်အောက်ထိ ခြားနေတာကို ကျနော်တို့ တွေ့ရတယ်။ ကျနော်တို့ဘက်က ၅ ယောက် ဒဏ်ရာ ရရှိတယ်ပေါ့။”

သေဆုံးဒဏ်ရာရမှုနဲ့ပါတ်သက်လို့ VOA က သီးခြား အတည်မပြုနိုင်ပါဘူး။ ပင်လောင်းမြို့နယ်ထဲမှာ လက်ရှိတိုက်ပွဲဖြစ်တဲ့ ဧရိယာအတွင်းမှာ စစ်တပ်ဘက်က တပ်မ ၅၅၊ တပ်မ ၆၆ တို့ လှုပ်ရှားနေတယ်လို့ KRU အဖွဲ့ပြန်ကြားရေး တာဝန်ခံ ကိုလင်းလင်းက VOA ကို ပြောပါတယ်။ ပင်လောင်းမြို့နယ်ထဲမှာ စစ်ရေးအခြေအနေကြောင့် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်တည်းက ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် ခိုလှုံနေကြရတဲ့ ဒေသခံတွေဟာလည်း ခုချိန်ထိ နေရပ်မပြန်ရဲကြသေးဘူးလို့ စစ်ဘေးရှောင်တွေကို ကူညီနေသူ တစ်ယောက်က ပြောပြပါတယ်။

“အခုလောလောဆယ်က အခြေအနေမကောင်းသေးလို့ ဆက်ရှောင်နေသေးတယ်။ ရွာရဲ့ အနီးအနားမှာက မနေ့ကအထိ ကြားနေရတယ်။ ဒီနေ့ကတော့ မသိရသေးဘူး။ ဒီနေ့က ကိုယ်တို့က ရွာအနားမှာ တစ်ယောက်မှ မကပ်ရဲသေးဘူးလေ။ အဲ့ဒါကြောင့်မို့လို့ ဒီနေ့အခြေအနေက ဘယ်လိုရှိလဲ မသိသေးဘူး။ မနေ့ကအထိတော့ ပစ်ခတ်သံတွေ ကြားနေရတုန်း။”

လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်ခံတွေကြား ပြေးလွှားလာကြတဲ့ ရွာသူရွာသားတွေဟာ ခုချိန်ထိ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ နေထိုင်နေကြရတယ်လို့ ပြောပါတယ်။

“စိုးရိမ်ကြောင့်ကြမှုက ကိုယ်စီကိုယ်စီ ရင်ထဲမှာ အပြည့်ပဲထင်တယ်။ ဘာကြောင့်လဲဆိုတော့ ရွာကို ပြန်မလာရတဲ့ အခြေအနေကြောင့်၊ တိုက်ပွဲလည်း မပြီးသေးတဲ့ အခြေအနေကြောင့်၊ ဟိုဟာ ရွာကို ပြန်ရောက်တဲ့အချိန်တော့ ကိုယ့်ရဲ့ပစ္စည်းက ရှိရောရှိသေးရဲ့လား၊ ဒါမှမဟုတ်ဘဲ ကိုယ့်ရဲ့ အိမ်ကရော ပါသွားပြီးလာဆိုတဲ့ စိုးရိမ်စိတ်နဲ့ နေနေရတာပါ။”

အခုလို စစ်ပွဲတွေကြောင့် ဘေးလွတ်ရာမှာ ခိုလှုံနေထိုင်နေကြရတဲ့ ပြည်တွင်း စစ်ပြေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာ ဆေးဝါး၊ နေရာထိုင်ခင်း၊ အဝတ်အထည်၊ စောင်၊ အမိုးအကာစတဲ့ အကူအညီတွေ လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။

Your browser doesn’t support HTML5

ပင်လောင်းမြို့အနီးတိုက်ပွဲပြင်းထန်၊ စစ်ကောင်စီဘက်က ကျဆုံးမှုများ

{Unicode}









