တနင်္သာရီတိုင်း ကော့သောင်းဘက်ကနေ ထိုင်းနိုင်ငံ ရနောင်းမြို့ကို (၇) ရက် နယ်စပ်ဖြတ်သန်းခွင့်စာအုပ်နဲ့ သွားရောက်လည်ပတ်ကြမယ့် အမျိုးသားတွေကို စစ်ကောင်စီက နယ်စပ်ဂိတ်တွေကနေ ထွက်ခွါခွင့်ကို စက်တင်ဘာလ ၂ ရက်နေ့ကစပြီး ပိတ်ပင်လိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
တနင်္သာရီတိုင်း ကော့သောင်းဘက်ကနေ ထိုင်းနိုင်ငံ ရနောင်းမြို့ကို (ရ ) ရက် နယ်စပ်ဖြတ်သန်းခွင့်စာအုပ်နဲ့ အလည်သွားကြမယ့် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကို နယ်စပ်စစ်ဆေးဂိတ်တွေကနေ သွားလာခွင့်တွေပိတ်လိုက်တာပါ။ စက်တင်ဘာလ ၂ ရက်နေ့က စပြီး အကန့်အသတ်မရှိပိတ်လိုက်တယ်လို့ နယ်စပ်ကနေ ထိုင်းဘက်ကိုထွက်လာတဲ့လူငယ်တဦးက အခုလိုပြောပါတယ်။
“အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း ယောက်ကျားလေးတွေ အခြားမြို့နယ်ကသူတွေဆိုရင် ကော့သောင်းကနေ ရနောင်းဘက်ကို ပေးမကူးတော့ဘူး။ အခုကတော့ ဒီနေ့ကနေစပြီး ဥပဒေထုတ်တာပေါ့နော်။ မြ၀တီတို့ဘက်ကတော့သတင်းမထုတ်သေးဘူး။ ဘယ်နေ့ ထုတ်မလဲမသိဘူး။ အခုတော့ ကော့သောင်းကနေထွက်တာ စပိတ်တာပေါ့နော်။မြ၀တီဘက်ကတော့ ဘယ်နေ့ပိတ်မလဲမသိဘူး။”
စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေဟာ နည်းအမျိုးမျိုးနဲ့ ပြည်ပနိုင်ငံတွေကိုထွက်နေရာမှာ စစ်ကောင်စီက ဒါကိုထိန်းချုပ်လိုတဲ့သဘောနဲ့ နယ်စပ်တွေကနေ ထွက်နေကြတဲ့ အသက် ၁၈ နှစ်အထက် လူငယ်နဲ့လူလတ်ပိုင်းတွေကို ပိတ်ပင်လိုက်တာဖြစ်တယ်လို့ ဆက်ပြောပြပါတယ်။”
“အရင်ကဆိုရင် လေယာဉ်လက်မှတ်ဝယ်ပြီးထိုင်းကိုထွက်လို့ရတယ်။ ၁၄ ရက် Visa Free နဲ့ ထွက်လို့ရတယ်။ အခုကတော့ လမ်းကြောင်းတွေ ပိတ်လိုက်တော့ လူငယ်အတော်များများက နယ်စပ်ကနေ တံတားရှိရင်လည်း တံတားပေါ့။ တချို့နေရာက လှေနဲ့ထွက်ကြတာများတယ်။ အဲဒီလိုတွေများတော့ လူငယ်တွေ စစ်မှုထမ်းဖို့ခေါ်ဖို့ခေါ်ချင်တော့ လေယဉ်သွားတာတွေကို ကန့်သတ်ပိတ်ပင်တာတွေများတယ်။ အခုတော့ ကားလမ်းတွေကသွားတာတွေ နယ်စပ်ဂိတ်တွေကိုပါ စပိတ်တာပေါ့နော်။”
အခုလို ကော့သောင်းဘက်ကပိတ်လိုက်တဲ့အတွက် ကော့သောင်းမြို့ခံမဟုတ်သူတွေ ရာနဲ့ချီပိတ်မိနေပြီး လှေလမ်းတွေကနေ တရားမဝင်တဲ့ နည်းလမ်းတွေနဲ့သွားနေကြတယ်လို့ဆိုပါတယ်။ အခုဆိုရင် စစ်သားအဖြစ် စုဆောင်းခံရမှာစိုးရိမ်တဲ့လူငယ်တွေက ထိုင်းနိုင်ငံဘက်ကို အဆက်မပြတ် ထွက်ခွါလာနေကြတာကြောင့် စက်လှေခတွေလည်း တဦးကိုဘတ် ၂,၅၀၀ လောက်အထိပေးနေရပါတယ်။ စစ်ကောင်စီအနေနဲ့ လူငယ်တွေ ပြည်ပမှာအလုပ်လုပ်ခွင့် ကန့်သတ်ပိတ်ပင်ထားသလို အလည်ဗီဇာနဲ့တိုင်းပြည်ပြင်ပထွက်လာသူတွေကိုလည်း တင်းကြပ်နေ တာပါ။ လေယာဉ်အသွားအပြန်လက်မှတ်ပြခိုင်းတာ၊ တည်းခိုမယ့်ဟိုတယ်ကို ဘွတ်ကင်လုပ်ထားကြောင်း စာရွက်ပြရတာတွေ၊ ခရီးသွားမယ့် လူငယ်တွေကိုယ်စား မိဘအုပ်ထိန်းသူတွေကို အာမခံပေးခိုင်းခဲ့ပါတယ်။ အဲဒီလို လေကြောင်းနဲ့ခရီးထွက်ခွင့်ကိုသာမက အခုဆိုရင် နယ်စပ်လမ်းတွေကကိုပါ တင်းကြပ်လာတာဖြစ်ပါတယ်ရှင်။
Your browser doesn’t support HTML5