ရခိုင်မှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးဆဲ

ရခိုင်ဒေသက စစ်ရှောင်တချို့ (ဓာတ်ပုံ - AFP)

(Zawgyi/Unicode)

စစ်ဘေးဒဏ်နဲ့ရော ကိုဗစ်ကပ်ဘေးဒဏ်ကိုပါ ရင်ဆိုင်ခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ အလုပ်အကိုင် အခွင့်အလန်းတွေ အရင်ကထက် ရှားပါးလာနေပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်အကိုင်ရဖို့ ပိုပြီးခက်ခဲလာတယ်လို့ ကိုယ်တိုင်အလုပ်ရှာနေသူတွေက ပြောကြပါတယ်။ ခေတ်အဆက်ဆက်အစိုးရက ရခိုင်ပြည်နယ်တိုးတက်ရေးကို ထိထိရောက်ရောက် မလုပ်ခဲ့လို့ အခုလို အလုပ်အကိုင်ရှားပါးနေတာလို့ ထောက်ပြသူတွေလည်း ရှိပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုအောင်မြတ်သူက ပြောပြပါမယ်။

မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်ဟာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတဲ့ ပြည်နယ်တခုဖြစ်ပါတယ်။ အလုပ်ရုံ စက်ရုံတွေ မရှိသလောက်အခြေအနေမှာ ရခိုင်ပြည်နယ်အတွင်းက လူငယ်တွေဟာ ပြည်တွင်း ပြည်ပထွက်ခွာပြီး ရွှေ့ပြောင်း အလုပ်လုပ် ကိုင်နေကြရပါတယ်။ ဒါပေမဲ့ ကိုဗစ်ကပ်ဘေးဖြစ်ချိန် အခြားနိုင်ငံတွေမှာ သွားအလုပ်လုပ်သူတွေ နေရပ်ပြန်လာရတာရှိသလို စစ်တပ်အာဏာသိမ်းပြီးနောက် တခြားတိုင်းနဲ့ ပြည်နယ်တွေက အလုပ်ရုံစက်ရုံတွေ ပိတ်ထားကြတဲ့အတွက် တော်တော်များများ နေရပ်ပြန်ရောက်နေကြပါတယ်။

ပြန်ရောက်လာသူတွေအတွက် ရခိုင်ပြည်နယ်မှာ အလုပ်အကိုင်အခွင့်အလမ်း မရှိတာကြောင့် အလုပ်လက်မဲ့ဖြစ်နေကြတယ်လို့ ကိုယ်တိုင်အလုပ်ရှာနေတဲ့ မချိုနွယ်လှိုင်က ပြောပါတယ်။

“ပြည်တွင်းပြည်ပကို ထွက်ခွာပြီး အလုပ်လုပ်တဲ့သူတွေ ပြန်ပြီးတော့ လာကြတယ်။ အရင် နှစ်တွေကထက်စာရင် ဒီနှစ်ကပိုများတယ်။ အရင်နှစ်တွေကတော့ သိပ်မလာကြဘူးပေါေ့နာ်။ ဘာလို့လဲဆိုတော့ အဲဒီမှာက အလုပ်လုပ်ရတာ အဆင်မပြေဘူး။ အလုပ်မလုပ်ရဘူး လခတွေ လျော့တယ်။ အဲတော့ ရွာကိုပြန်လာကြတယ်။ ရွာမှာလည်း အလုပ်က အဲလောက် အလုပ်မရှိဘူးပေါ့ဆိုတော့ သူတို့က အလုပ်လက်မဲ့တွေ ဖြစ်နေကြတာပေါ့နော်။ ”

တခြားအရပ်ဒေသတွေကို မသွားကြတဲ့ လူငယ်တွေအတွက်လည်း အရင်ထဲက အလုပ်ခက်ခဲနေတာပါ။ မင်းပြားမြို့နယ်က မဌေးမြင့်ဆိုရင် ၂၀၁၈ ခုနှစ်ထဲက တက္ကသိုလ်ဘွဲ့ရထားပြီး အလုပ်ရဖို့ လွန်ခဲ့တဲ့ ၃ နှစ်လုံး အလုပ်ရှာခဲ့ပေမဲ့ အခုထိ အလုပ်မရသေးပါဘူး။

“အလုပ်တခုခေါ်လို့ရှိရင် ညီမတို့ကတော့ အပြေးအလွှား ရပါစေကြောင်းနဲ့ ရှေ့ကိုတိုးပြီးတော့ သွားလျှောက်ပါတယ်။ ဒါပေမယ့်လည်း အခက်အခဲတွေကကျတော့ တချို့အလုပ်တွေက အင်တာဗျူး ဖြေနိုင်ရဲ့သားနဲ့ မပါတာလည်းရှိတာပေါ့။ ညီမ ၂၀၁၈ ခုနှစ်ကတည်းက ဘွဲ့ရတာပါ။ ကြားမှာ ၃ နှစ်လောက်ရှိသွားပြီ အလုပ်လျှောက်နေတာလေ။ အလုပ်မရသူတွေ အများကြီးရှိတယ်။ ညီမတို့ရွာက အစ်မတယောက်ဆိုရင်လည်း ဘွဲ့ရတာ ညီမထက်စောတယ်။ ဒါပေမယ့် အခုအချိန်ထိ အလုပ်မရသေးဘူး။ အလုပ်တခုခေါ်လို့ရှိရင် တနိုင်ငံလုံးအတိုင်းအတာနဲ့ လူတထောင်ကျော်ခေါ်တယ်။ ဒါပေမယ့် ရခိုင်ပြည်နယ် တခုတည်းက လျှောက်တာက ၇၀၀ ကျော် အဲလိုမျိုးဖြစ်နေတာပေါ့နော်။ ဆိုတော့ အလုပ်အကိုင် အခွင့်အလန်းက အရမ်းကို ရှားပါးတာ။”

ဖွံ့ဖြိုးမှုနောက်ကျတဲ့ ရခိုင်ပြည်နယ်မှာ မကြာခင်နှစ်ပိုင်းက စစ်ဘေးဒဏ်ခံခဲ့ရသလို လက်ရှိ ကိုဗစ်ကပ်ဘေးဒဏ် ခံနေရတာကလည်း အလုပ်လက်မဲ့ပြဿနာကို ပိုဆိုးစေတယ်လို့ ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဟောင်းတဦးဖြစ်တဲ့ ဦးဖေသန်းကပြောပါတယ်။
“ကျနော်တို့ ရခိုင်ပြည်နယ်မှာကတော့ ရေခံမြေခံကောင်းတယ် သဘာဝသယံဇာတ ပြည့်စုံတယ်လို့ ပြောနေကြပေမယ့် လက်တွေ့မှာ ရခိုင်ပြည်နယ်ရဲ့ အသက်မွေးဝမ်းကြောင်း လုပ်နေရတာဟာ တနေ့တခြား ပိုပြီးတော့ ကျပ်တည်းလာတယ်။ အလုပ်အကိုင်အခွင့်အလမ်းကမရှိဘူးဆိုတော့ ကျနော်တို့ လူငယ်အများစုက အလုပ်လက်မဲ့ ဖြစ်နေကြတာပေါ့။”

သဘာဝသယံဇာတတွေ ရှိပေမဲ့ ခေတ်အဆက်ဆက်အစိုးရတွေက ရခိုင်ပြည်နယ်အတွက် အလုပ်အကိုင်တွေ အသေအချာ ဖန်တီးပေးတာမရှိခဲ့သလို အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ မတည်ထောင်ခဲ့တဲ့အတွက် လက်ရှိ ရခိုင်ပြည်နယ်မှာ လူငယ်တွေ လမ်းပျောက်နေရတာဖြစ်တယ်လို့လည် းဦးဖေသန်းက သုံးသပ်ပါတယ်။

“ဒီအခြေအနေဟာ အစိုးရအဆက်ဆက် ရခိုင်ပြည်နယ်ရဲ့ အခွင့်အလမ်းတွေ မဖန်တီးပေးခဲ့ဘူး။ ရခိုင်ပြည်နယ်ရဲ့ သဘာဝသယံဇာတ အရင်းအမြစ်တွေကို စုပ်ယူပြီးတော့ ရခိုင်ပြည်နယ်မှာ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ မတည်ဆောက်နိုင်ခဲ့ဘူး။ ဥပမာ လယ်ယာနဲ့ ပတ်သက်ပြီး ဆည်မြောင်းတာတမန်တွေ မလုပ်ပေးသလို စက်ရုံအလုပ်ရုံတွေလည်း ဘာတခုမှ မလုပ်ပေးခဲ့တာကြောင့် အများအားဖြင့် လူငယ်တွေဟာ ရွှွှေ့ပြောင်းလုပ်သားနဲ့ပဲ ကျင်လည်ခဲ့ရတယ်။ ဒီအကျိုးဆက်ကြောင့် ဒီနေ့ ရခိုင်မှာ အလုပ်လက်မဲ့ကလေးတွေ စုပြုံနေတယ်။ ဒါကြောင့် ရခိုင်ပြည် အနာဂတ်လူငယ်တွေ လမ်းပျောက်နေတယ်လို့ ပြောလို့ရပါတယ်။ ဒါက ခေတ်အဆက်ဆက်အစိုးရတွေရဲ့ ရခိုင်ပြည်နယ်အပေါ်မှာ ဘာမှလုပ်မပေးဘဲထားခဲ့တဲ့ အကျိုးဆက်လို့ပဲ ပြောချင်ပါတယ်။”

အခုအခါ ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေရပ်နေတာ ကြာပြီဖြစ်သလို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ၊ တခြားဒေသတွေမှာလို ပစ်ခတ်တာတွေနဲ့ ပေါက်ကွဲတာတွေ မရှိသလောက်ဖြစ်ပေမယ့်လည်း စီးပွားရေးနဲ့ အလုပ်အကိုင် အခွင့်အလန်းတွေကတော့ သိသိသာသာ တိုးတက်လာတဲ့ အခြေအနေ မရှိသေးပါဘူး။

....................................................................................

Your browser doesn’t support HTML5

ရခိုင်မှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးဆဲ


(Unicode)









