(Zawgyi/Unicode)
ကိုဗစ်ကပ်ရောဂါကြောင့် နီပေါနိုင်ငံမှာ ၂ လခွဲနီးပါးကြာ ပိတ်မိနေခဲ့တဲ့ မြန်မာနိုင်ငံသားတွေ ကယ်ဆယ်ရေးလေယာဉ်နဲ့ သောကြာနေ့ညနေပိုင်းက မြန်မာနိုင်ငံကို ပြန်ရောက်လာကြပြီဆိုတဲ့ အကြောင်း ကိုဉာဏ်ဝင်းအောင်က မေးမြန်း တင်ပြထားပါတယ်။
နီပေါနိုင်ငံမှာ ကိုဗစ်ကူးစက်မှု ကာကယွ်နိုင်ရေးအတွက် မတ်လ(၂၃)ရက်နေ့ကစလို့ လူတွေ နေအိမ်အပြင်မထွက်ရ Lockdown အမိန့်ကို ချမှတ်လိုက်တာကြောင့် အကြောင်းအမျိုးမျိုးနဲ့ နီပေါနိုင်ငံထဲ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေလည်း ပိတ်မိသွားခဲ့တာပါ။
ပိတ်မိနေသူတွေထဲက တချို့ကို မေလ(၂၂)ရက်နေ့မှာ VOA မြန်မာပိုင်းက ဆက်သယွ်မေးမြန်း သတင်း တင်ပြခဲ့ပြီးဖြစ်ပါတယ်။
အဲဒီလို ပိတ်မိရင်း မြန်မာပြည်ပြန်လိုပေမဲ့ ကယ်သူမဲ့ ဖြစ်နေရာကနေ အခုတော့ နီပေါမှာရှိတဲ့ မြန်မာသံရုံး၊ မြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော်တို့ ဝိုင်းဝန်းစီစဉ်မှုကြောင့် ပိတ်မိနေတဲ့ မြန်မာတွေကို Fokker 70 အမျိုးအစား မြန်မာ့တပ်မတော်လေယာဉ်(MAF 003) နဲ့ နီပေါမြို့တော် ခပ်သ်မန်ဒူလေဆိပ်မှာ လာကြိုပေးတာကြောင့် ဇွန်လ(၅)ရက် သောကြာနေ့ ညနေပိုင်းမှာ မြန်မာနိုင်ငံကို ပြန်ရောက်လာပြီ ဖြစ်တယ်လို့ နီပေါနိုင်ငံ Kathmandu School of Law တက္ကသိုလ်မှာ စာတမ်းပြုစုဖို့သွားရင်း ပိတ်မိနခေဲ့တဲ့ ကျောင်းသူ မသီတာစိုးက VOA ကိုရှင်းပြပါတယ်။
" ကျနော်တို့လည်း သတင်းထဲမှာပြောလိုက်တယ်ပေါ့ ၊ နီပေါမှာဆိုတော့ အိမ်ကိုလည်း တအား ပြန်ချင်တယ်ပေါ့နော်။ အစိုးရဘက်ကလည်း နဂိုထဲက စီစဉ်နေတာလည်း ဖြစ်နိုင်တယ်ပေါ့နော်။ အဲဒီနောက်ပိုင်းကျတော့ သံရုံးကလည်း ကျနော်တို့ကို ဆက်သွယ်လာတယ်။ ပြန်မယ့်သူ ဘယ်နှစ်ယောက် ရှိသလဲပေါ့ ၊စာရင်း အတိအကျပို့ပေးပါဆိုတော့ ကျနော်က (၃၅) ယောက်စာရင်း ပို့လိုက်တယ်။ အဲဒီနောက်ပိုင်းမှာ သူတို့က လေယာဉ်လာကြိုပေးဖို့ အခြေအနေဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ပြီးတော့ မြန်မာနိုင်ငံ ပြန်ပို့မယ်ဆိုရင် ကျနော်တို့ကို PCR test လုပ်ပြီးမှ ပို့မယ်ပေါ့။ PCR ဆိုတာက ကိုဗစ်ရှိမရှိ ကျနော်တို့ရဲ့ အာခေါင်တို့ဖတ်ကို ယူပြီးစစ်တာပေါ့။ အဲဒါနဲ့ သံရုံးမှာ ဇွန်လ(၂)ရက်နေ့က PCR test အခမဲ့ စစ်ပေးတယ်။ သံရုံးမှာပဲ နီပေါဆရာဝန်တွေက လာစစ်ပေးတာပါ။ ဆေးစစ်တဲ့ အဖြေက (၃)ရက်နေ့မှာ ရပါတယ်။ တော်သေးတယ် အားလုံးက negative အဖြေထွက်ကြတယ်။ ပြီးတော့ (၅)ရက်နေ့ လေယာဉ်လာကြိုမယ်ဆိုပြီး သံရုံးက ဖုန်းဆက်ပါတယ်။ သံရုံးကလည်း အားတက်သရော တအားကို ကူညီတယ် နောက်ဆုံး ၅ ရက်နေ့မှာ တပ်မတော်လေယာဉ်နဲ့ လာကြိုပါတယ် အခကြေးငွေလည်း ပေးစရာမလိုပဲ ပြန်လာလိုက်ရတယ်။ "
နီပေါမှာ လာကြိုပေးတဲ့ ကယ်ဆယ်ရေးလေယာဉ်နဲ့ လိုက်ပါလာခဲ့ပြီး အခုတော့ ရန်ကုန် တက္ကသိုလ်ဝင်းအတွင်း ကွာရမ်တင်းစင်တာမှာ ရောက်နေတဲ့ တောင်ငူမြို့က ကိုထွန်းအောင်ကတော့ မြန်မာသံရုံးရဲ့ကူညီဆောင်ရွက်မှုတွေကို ပြောပြပါတယ်။
" VOA နဲ့ ကျနော်တို့ အင်တာဗျူးပြီးနောက်ပိုင်း ၂ ရက် ၊ ၃ ရက်လောက်မှာ သံရုံးကလူကြီးတွေက ကျနော်တို့ကို ဆက်သွယ်ပါတယ်။ မြန်မာနိုင်ငံခြားရေးဌာနက လုပ်နေပြီဆိုတဲ့အကြောင်း၊ အစိုးရလေယာဉ် လာကြိုမယ်လို့ ကျနော်တို့ကို သံရုံးက ဖုန်းဆက်ပါတယ်။ အဲဒီ သတင်းကြားတော့ ကျနော်တို့ အရမ်းပျော်သွားတယ် သံရုံးကလည်း ကျနော်တို့ကို ပတ်စ်ပို့ကိစ္စ ဗီဇာကိစ္စ အကုန်လုပ်ပေးတယ်။ လုပ်ပေးပြီးတော့ ကျနော်တို့ ဇွန်(၅)ရက်နေ့မှာ ပြန်နိုင်ခဲ့တယ်ပေါ့။ ကျနော်တို့ အခု ရန်ကုန်တက္ကသိုလ် အဓိပတိအဆောင်မှာ ကွာရမ်တင်း ဝင်နေပါတယ်။ အခင်းအကျင်းရော စားရေး သောက်ရေးရော အားလုံးအဆင်ပြေပါတယ်။ ကွာရမ်တင်းက ၂၁ ရက် ဒီမှာနေရမယ်။ ဒါပြီးရင် အိမ်ပြန်ရမယ် ထင်တယ်။ "
နီပေါက ပြန်လာသူတွေဟာ ကွာရမ်တင်းစင်တာမှာ (၂၁)ရက်နဲ့ အဲဒီနောက်ပိုင်း မိမိနေအိမ်မှာ (၇)ရက် သီးခြားခွဲနေကြရမှာဖြစ်ပါတယ်။
အခုလို အိမ်ပြန်ခွင့်ရရေး ဝိုင်းဝန်းကူညီခဲ့ကြတဲ့ VOA အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူတွေ အားလုံးကို ကျေးဇူးတင်မိကြောင်း မသီတာစိုးက ပြောပါတယ်။
" နီပေါမှာ ပိတ်မိနေသူတွေ ကိုယ်စားပြောရရင် တကယ်ကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တယ်။ တချို့ဆို ပြောကြတယ် ဝမ်းသာလွန်းလို့ မျက်ရည်တောင် ကျတယ်ပေါ့နော်။ ကျနော်တို့ကို အစိုးရက ဒီလိုကြီး ဂရုစိုက်တယ်ပေါ့နော်၊ ဘယ်လို ကျေးဇူးတင်ကြောင်း ပြောရမယ်မှန်း မသိတော့ဘူး ဘာလို့ဆို ကျနော်တို့က တအားကို အိမ်ပြန်ချင်နေကြတာလေ။ တကယ်လည်း အိမ်ပြန်ခွင့်ရရော ပြောစရာစကားတောင် ပျောက်သွားတယ် တကယ်ပျော်လွန်းလို့။ မိသားစုတွေနဲ့ ဖုန်းဆက်တယ် ကျနော်တို့ ရန်ကုန်မှာရှိတယ်ဆိုပြီးတော့။ သမီးလေးကလည်း တအားကို ပျော်နေတာ၊ မာမီ မြန်မာပြည် ပြန်ရောက်ပြီဆိုပြီးတော့လေ .."
မြန်မာအစိုးရက စေလွှတ်လိုက်တဲ့ တပ်မတော် ကယ်ဆယ်ရေးလေယာဉ်ပေါ်မှာ စုစုပေါင်း (၄၃)ဦးပါဝင်ပြီး၊ မြန်မာနိုင်ငံသား (၄၂)ဦးနဲ့ နီပေါနိုင်ငံသူ တဦးပါဝင်တာပါ။ နီပေါသူကတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့မှာ အလုပ်လုပ်နေတဲ့ သူ့အမျိုးသားနဲ့ သားသမီးတွေဆီ လိုက်လာတာလို့ သိရပါတယ်။ မြန်မာနိုင်ငံသားတွေကတော့ နီပေါကို ဘုရားဖူးသွားသူတွေ၊ သံဃာတော်တွေနဲ့ သီလရှင်တွေ ၊ ကျောင်းကိစ္စနဲ့ သွားသူတွေ ၊ နီပေါက ဆွေမျိုးတွေဆီ အလည်အပတ်သွားသူတွေ ပါဝင်ကြပါတယ်။
နီပေါနိုင်ငံမှာ ပိတ်မိခဲ့ပြီးနောက် ပြည်တော်ပြန်လိုစိတ် ပြင်းပြခဲ့ပြီး ၊ တကယ် လက်တွေ့ မြန်မာနိုင်ငံကို ပြန်ရောက်လာတာကြောင့် ပြောမပြတတ်အောင် ဝမ်းမြောက်မိကြောင်း ကိုထွန်းအောင်က ပြောပါတယ်။
" အရမ်းပဲ ပျော်ပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် အိမ် ပြန်မရောက်သေးပေမဲ့လည်း ကိုယ့်နိုင်ငံထဲကို ပြန်ရောက်ပြီ ဆိုကတည်းက အရမ်းဝမ်းသာသွားတာပေါ့ နော် ။ အကြောင်းအမျိုးမျိုးနဲ့ ပိတ်မိနေတဲ့ ကျနော်တို့ မြန်မာနိုင်ငံသား အားလုံးကို အမိမြေကို ပြန်လာဖို့အတွက် ကြိုးစားပေးကြတဲ့ သက်ဆိုင်ရာ လူကြီးမင်းများအားလုံးကို ကျနော် အထူးပဲ ကျေးဇူးတင်ပါတယ်။ "
နီပေါနိုင်ငံမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ထုတ်ဖို့ ခပ်သ်မန်ဒူ လေဆိပ်ကို သောကြာမနက် (၁၁)နာရီလောက် ရောက်လာခဲ့တဲ့ မြန်မာ့တပ်မတော် လေယာဉ် ပေါ်မှာ မြန်မာနိုင်ငံတွင်း ပိတ်မိနေတဲ့ နီပေါနိုင်ငံသား (၂၆)ဦးကို တင်ဆောင်လာခဲ့တယ်လို့လည်း နီပေါနိုင်ငံထုတ် သတင်းစာတွေမှာ ဖေါ်ပြကြပါတယ်။
Your browser doesn’t support HTML5
.............
(Unicode)