သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကူးစက်ခံ မြန်မာတချို့ ကန် မှာ အဓမ္မအလုပ်ဆင်းခိုင်းခံနေရ


Tyson အသားရုံရှိ အလုပ်သမားများ (ဓါတ်ပုံ credit- Tyson Foods)
Tyson အသားရုံရှိ အလုပ်သမားများ (ဓါတ်ပုံ credit- Tyson Foods)

(Zawgyi/Unicode)

အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ်မှာ မေလနှောင်းပိုင်း စက်ရုံတွေပြန်ဖွင့်လာတဲ့အတွက် COVID-19 ရောဂါကူးစက်ခံရပေမယ့် မဖြစ်မနေ အလုပ်ပြန်ဆင်းနေရတဲ့ မြန်မာအလုပ်သမားတွေရဲ့ အခြေအနေကို ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြမှာပါ။

အမေရိကန်ပြည်ထောင်စု၊ Indiana ပြည်နယ်က Fort Wayne မြို့ဟာ မြန်မာနိုင်ငံကလာတဲ့ တိုင်းရင်းသားပေါင်းစုံ နေထိုင်တဲ့ မြို့လေးတမြို့ဖြစ်ပြီး လူဦးရေ အချိုးအစားအရကြည့်ရင် မြန်မာနိုင်ငံသားတွေဟာ ဒုတိယအများဆုံး လူနည်းစုအဆင့်လောက်မှာ ရှိနေတာပါ။

အမည်ရင်းမပြောလိုတဲ့အတွက် မဝင်းလို့ နာမည်ပေးထားတဲ့ မြန်မာအမျိုးသမီး ဟာ အင်ဒီယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့ Nishikawa Cooper (nisco) ကားပစ္စည်းတပ်ဆင်တဲ့ စက်ရုံမှာ လေးနှစ်ကျော် လုပ်ကိုင်နေသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်မှာ ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ခံရပြီး ဝေဒနာခံစားခဲ့ရသူပါ။နှစ်ပတ်ကျော် ၁၄ ရက် အိမ်မှာပဲ quarantine နေပြီး ဆေးဝါးတွေနဲ့ ဗီတာမင်တွေ သောက်ပြီး သက်သာလာခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်အခုချိန်ထိ ဝေဒနာလုံး၀ ပျောက်ကင်းတဲ့အဆင့် မရောက်သေးပေမယ့် စက်ရုံတွေ ပြန်ဖွင့်နေတဲ့အတွက်မဖြစ်မနေ အလုပ် ပြန်ဆင်းဖို့ ဖိအားပေးခံနေရတဲ့ အခြေအနေကိုစိတ်ထိခိုက်မှုအပြည့်နဲ့ ဗွီအိုအေကို အခုလို ပြောပါတယ်။

" အလုပ်က ဖိအားပေးတယ်။ နှစ်ခါ၊ သုံးခါ ခေါ်ဆင်းခိုင်းတယ်။ ဒီနေ့ဆိုရင် ရုတ်တရက်ကြီး ခေါ်ဆင်းခိုင်းတာမျိုး ရှိပါတယ်။ အဲဒီအပေါ်မှာ ကျမ အနေနဲ့ စိတ်ပိုင်းဆိုင်ရာ တော်တော်လေး ထိခိုက်မှုရှိတယ်။ ကိုယ့်မှာ တာဝန်ကင်းမဲ့သလို ခံစားရတယ်။ ရုပ်ပိုင်းဆိုင်ရာမှာလည်း ကိုယ်က အပြည့်အ၀ ပြန်ပြီး ကောင်းလာတာမျိုး မဟုတ်သေးဘူး။ ဒီ Positive ဖြစ်နေတဲ့ ကျမကို ဘာဖြစ်လို့ အလုပ် ပြန်ဆင်းခိုင်းရတာလဲ။ အခုချိန်ထိ ကျမ အင်အားချိနဲ့နေသလို ခံစားနေရတုန်းပဲ။ ကိုယ့်ကိုကိုယ် တော်တော် စောင့်ရှောက်နေရတုန်းပဲ။ ကျန်းမာတဲ့ပုံစံတော့ရှိတယ်။ ဒါပေမဲ့ ကျမ ပြင်းပြင်းထန်ထန် လမ်းလျှောက်လို့ မရသေးဘူး။ ဆိုးဆိုးရွားရွားတော့ မဖြစ်တော့ဘူး။ ဒါပေမယ့် ကျမ ညညဆို အိပ်လို့မရသေးဘူး။"

ကျန်းမာရေးဌာနရဲ့ ညွန်ကြားချက်အရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတဦးမှာ တလ ဒါမှမဟုတ် နှစ်လအတွင်း ဗိုင်းရပ်စ်ရှိနေသေးကြောင်းနဲ့ အခြားသူတွေကိုလည်း ကူးစက်နိုင်တယ်လို့ သတိပေးထားတဲ့အတွက် စက်ရုံကို မဖြစ်မနေ ပြန်ဆင်းတဲ့အချိန်မှာ အခြားသူတွေကို ရောဂါ ကူးစက်မှာကိုလည်းသူ့အနေနဲ့ အလွန်ပဲ စိုးရိမ်ကြောင်း မဝင်းက အခုလို ပြောပါတယ်။

"အဆိုးရွားဆုံးက ကျန်းမာရေးဌာန ပြောထားတာက ဘယ်လိုပဲဖြစ်နေ ဖြစ်နေ positive ဖြစ်နေသူက တလအတွင်းကိုယ်ခန္ဒာထဲမှာ ဗိုင်းရပ်စ်က ရှိနေမယ်၊ ပြီးတော့ သူများကို ကူးစက်နိုင်မယ်လို့ သတိပေးထားတော့ ကျမကြောင့် သူများကို ကူးမယ်ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက် ခံစားမှုရှိနေပါတယ်။"

သူလုပ်တဲ့ Nishikawa Cooper ကားပစ္စည်းစက်ရုံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်ရေးလုပ်ဆောင်နိုင်တဲ့ အခြေအနေမရှိဘူးလို့ လည်း မဝင်းကပြောပါတယ်။ လူတဦး နဲ့တဦး နီးနီးကပ်ကပ်ရပ်ပြီး ပစ္စည်းတွေကို တလှည့်စီကိုင်ပြီးတပ်ဆင်ရတဲ့အတွက်လည်း ရောဂါကူးစက်ဖို့ ပိုပြီးလွယ်ကူကြောင်း သူက ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ မြန်မာဒုက္ခသည်အများစု အခြေချနေထိုင်တဲ့ အင်ဒီယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့က Allen county မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူစုစုပေါင်း ၆၀၀ ကျော်ရှိနေပြီး အဲဒီထဲက အာရှသား စုစုပေါင်း ၁၅၀ ကျော်မှာ မြန်မာက ၁၀၀ ကျော် ကူးစက်ခံထားရတယ်လို့ ဖို့ဒ်ဝင်းမြို့ခံ ကိုကျော်သက်က ဗွီအိုအေကို ပြောပါတယ်။ ရောဂါကူးစက်ခံရသူ မြန်မာ အများစုက ကားပစ္စည်းတပ်ဆင်တဲ့ စက်ရုံတွေနဲ့ အသားစက်ရုံတွေမှာ လုပ်နေကြသူတွေဖြစ်တယ်လို့ ကိုကျော်သက်က အခုလို ပြောပါတယ်။

" များသောအားဖြင့် မြန်မာတွေက Tyson အသားရုံတွေမှာ အလုပ်လုပ်ကြရပါတယ်။ အဲဒီ အသားရုံတွေကနေ ကူးလာတဲ့သူတွေ အဓိက ကတော့။ အဲဒီစက်ရုံမှာ လူ နှစ်ထောင်ကျော်ရှိတဲ့ အထဲ ၉၀၀ ကျော်ကူးစက်ခံနေရပါတယ်။"

ကိုဗစ် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ဖို့ ဖို့ဒ်ဝင်းမြို့က စက်ရုံတွေကို လွန်ခဲ့တဲ့ နှစ်လ လောက်က ပိတ်ထားပြီး ပြီးခဲ့တဲ့ သတင်းပတ်က ပြန်စဖွင့်တဲ့အတွက် အလုပ်သမားတွေ စပြီး အလုပ်ဆင်းနေရတာဖြစ်ပါတယ်။ နှစ်လလောက် lock down လုပ်ပြီး အခုလို စက်ရုံတွေပြန်ဖွင့်ချိန်မှာ ရောဂါကာကွယ်ရေးမလုပ်နိုင်သေးတဲ့ အခြေအနေကိုလည်း ကိုကျော်သက်က အခုလိုပြောပါတယ်။

" အခု စက်ရုံတွေမှာ အလုပ်တွေပြန်ဆင်းနေကြရပါတယ်။ တချို့က ကိုဗစ်ရောဂါ ကူးစက် ခံထားရသူတွေပါ။ ဒါပေမဲ့ နှစ်ပတ်ပြည့်ရင် ပြန်ဆင်းရမယ်ဆိုပြီး ကျန်းမာရေးဌာနက အဲဒီလို ညွန်ကြားချက်တွေ ကို ကုမ္ပဏီတွေကို ပေးထားတဲ့အခါကြတော့ ကုမ္ပဏီတွေက ကျနော်တို့လို ဗိုင်းရပ်စ် ရှိမရှိ စစ်ထားတဲ့သူမပြောနဲ့ ကိုဗစ် ရှိပါတယ်ဆိုတဲ့ သူတွေတောင် အတင်း ဖိအားပေးပြီးတော့ဆင်းခိုင်းနေတော့ သူတို့လည်း အလုပ်ဆင်းနေရတယ်ပေါ့နော်။ အသားစက်ရုံတွေဆို ပိုဆိုးတာပေါ့။ မဖြစ်မနေ ဆင်းနေကြရတယ်။ အဲတော့ စက်ရုံထဲမှာ အလုပ်သမားအချင်းချင်းတွေကြား အားနာတာတွေ၊ယုံကြည်မှု ကင်းမဲ့လာတာတွေ ဖြစ်လာကြတယ်။"

အင်ဒီယားနားပြည်နယ်တစ်ခုလုံး ကိုဗစ်ကြောင့် သေဆုံးသူပေါင်း ၁၈၀၀ ကျော်ရှိသွားပြီး၊ ကူးစက်ခံရသူပေါင်း ၃၀၀၀ ထောင်ကျော် ရှိနေပါတယ်။ မြန်မာအသိုင်းအဝိုင်း အများစုရှိတဲ့ Allen county မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၆၆ ယောက်ရှိနေပြီး ကူးစက်သူပေါင်း ၁၃၀၀ ကျော်ရှိနေကြောင်း ပြည်နယ်အစိုးရရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)













ဆက်စပ်သတင်းများ ...

XS
SM
MD
LG