ကိုဗစ်ကာလ ဘင်္ဂလားဒေ့ရှ်ကပြန်လာသူ လက်ခံမည်မဟုတ်

ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်းက UNHCR ရုံးရှေ့

(Zawgyi/Unicode)

ကမ္ဘာအနှံ့ COVID-19 ဗိုင်းရပ်ရောဂါကူးစက်မှု ကာကွယ်တဲ့အနေနဲ့ သွားလာမှု ကန့်သတ်နေတဲ့တချိန်ထဲမှာဘဲ မြန်မာနိုင်ငံရဲ့ အနောက်ဘက်တံခါးပေါက်ဖြစ်တဲ့ ရခိုင်ပြည်နယ်မောင်တောခရိုင်ဘက်မှာလည်း ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လာတဲ့သူတွေကို လက်မခံတော့တဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ဆက်ပေးပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင်မှာ တဘက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်ကနေ တဆင့်နေရပ်ပြန်လာသူတွေကို အစိုးရကနေ လက်ခံခြင်း မရှိတော့ဘူးလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကပြောပါတယ်။

“တရားဝင်ကတော့ လက်မခံဘူးလေ။ တရားဝင်လက်ခံလို့ မရှိဘူးဖြစ်သလို တခြားနေပြီးတော့ ခိုးဝင်တဲ့သူတွေကိုလဲ ထိထိရောက်ရောက် တားဆီးကာကွယ်ဖို့အတွက် အဲဒါ စီမံချက်တွေရေးဆွဲပြီးတော့ မောင်တောခရိုင်လုပ်နေကြပါတယ်။”

ဒီအရင်ကတော့ ရခိုင်ပြည်နယ်ထဲကနေ ထွက်ပြေးသွားတဲ့ သိန်းဂဏန်းရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည် လက်ခံရေး နှစ်ဘက် အစိုးရသဘောတူညီချက် ရှိထားပါတယ်။ အဲဒီသဘောတူညီချက်အရ ပြန်လည်လက်ခံဖို့ အစီအစဉ်တွေ မနှစ်က လုပ်ခဲ့ပေမဲ့ မအောင်မြင်ပါဘူး။ မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာအသုံးအနှုန်းကို လက်မခံပေမဲ့လို့ ဒီ ဒုက္ခသည်တွေကို စီစစ်လက်ခံသွားမယ်လို့ မူအားဖြင့် သဘောတူထားပါတယ်။ ဒုက္ခသည်အချို့ကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် မြန်မာနိုင်ငံထဲ ပြန်လာတာရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံတွင်း COVID ရောဂါပိုးဓါတ်ခွဲအတည်ပြုလူနာ ၈၀၀ ကျော်လာသလို အသေအပျောက်ကလည်း ၃၀ ကျော်လာပြီမို့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေအတွင်း ရောဂါပိုးကူးစက်လာမှာကို စိုးရိမ်စရာတွေ ဖြစ်လာပါတယ်။ အခုအချိန်အထိတော့ ရိုဟင်ဂျာစခန်းတွေမှာ ရောဂါပိုးတွေ့တယ်လို့ ဓါတ်ခွဲအတည်ပြုချက်တွေ မရှိသေးပေမဲ့ ဒုက္ခသည်စခန်းတွေကိုရော စခန်းရှိတဲ့ Cox’s bazar ဒေသကိုပါ ဘင်္ဂလားဒေ့ရ်ှ အာဏာပိုင်တွေက အသွားအလာတွေ ကန့်သတ်ထားလိုက်ပါတယ်။

SEE ALSO: COVID-19 ကာကွယ်ရေးအတွက် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေ အဝင်အထွက် ကန့်သတ်

ဒီစိုးရိမ်ချက်တွေကြောင့် ဧပြီလဆန်းကစလို့ တရားဝင်လက်ခံတာ မရှိတော့ဘူးလို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကဆိုပါတယ်။

“အခုဟာ COVID ရောဂါဖြစ်နေတဲ့အတွက်လည်း ဒီကြားထဲမှာ ဘယ်သူမှလဲ ချိတ်ဆက်ပြီးတော့မတွေ့ဘူးပေါ့နော်။ လက်မခံပါဘူး။ ၁ ရက်နေ့နောက်ပိုင်း ဝင်လာတာမရှိပါဘူး။”

မတ်လကုန်ခါနီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေတဆင့် မောင်တောမြို့နယ်လှဖိုးခေါင်ကြိုဆိုရေးစခန်းမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဝင်ရောက်လာသူ ၈၀ ကျော်ရှိနေပါတယ်။ ဒီလို တဘက်နိုင်ငံကနေ မိမိဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာတဲ့ မူဆလင်တွေကို ရောဂါ ကြိုတင်တားဆီးတဲ့အနေနဲ့လှဖိုးခေါင်စခန်းမှာ သီးခြားခွဲထားပြီး ဆေးစစ်နေတယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကပြောပါတယ်။

“ခိုးဝင်လာသူတွေ ဒီဟာရောက်လာတာ။ ရွာတွေရောက်လာတဲ့အတွက် ရွာတွေမှာCOVID နှိမ်နှင်းရေးအသိပညာပေးထားတယ်။ ကျနော်တို့ အုပ်ချုပ်ရေးမှူးလှမ်းပြီးတော့အကြောင်းကြားတာနဲ့ ကျနော်ကလှဖိုးခေါင်မှာ Facility Qurantine ဆိုပြီးတော့ ၈၂ ယောက်ရှိတယ်။ Facility Qurantine လုပ်ထားတယ်။ ၂၄ ရက်နေ့လောက်က စဝင်လာတယ်။ ၃၁ ရက်နေ့အထိအားလုံးပေါင်း ၈၂ ယောက်။”

လက်ရှိ COVID-19 ဗိုင်းရပ်စ်ရောဂါဟာ ကူးစက်မှု မြန်ဆန်လို့ ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာကျန်းမာရေးအဖွဲ့ချုပ် WHO က ထုတ်ပြန်ထားပါတယ်။

တခြားနိုင်ငံတွေက လူအဝင်ထွက်အသွားအလာ ထိန်းချုပ်တာ နယ်စပ်ဂိတ်ပိတ်ပင်တာလုပ်ဆောင်နေပေမဲ့ ရခိုင်ပြည်နယ် နယ်စပ်ဂိတ်ကို ပိတ်ပင်မှု နောက်ကျနေတဲ့အပေါ် ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

လက်ရှိမောင်တောခရိုင် ဒုက္ခသည်ကြိုဆိုရေးစခန်းမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်လည်ဝင်ရောက်လာတဲ့ ဒုက္ခသည် ၆၀၀ လောက်ရှိနေတယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဆိုပါတယ်။

Your browser doesn’t support HTML5

ကိုဗစ်ကာလ ဘင်္ဂလားဒေ့ရှ်ကပြန်လာသူ လက်ခံမည်မဟုတ်


[Unicode Version]











