ကိုဗစ်ရောဂါပိုးမွှားတွေ လေထဲကပြန့်နိုင်ကြောင်း ကန် CDC ပြော

CDC ဌာနချုပ်

(Zawgyi/Unicode)

COVID-19 ရောဂါဟာ လေထဲကတဆင့် ပျံ့နှံ့နိုင်တာကို အမေရိကန် ကူးစက်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန CDC က အသိ အမှတ်ပြုလက်ခံလိုက်ပြီဖြစ်ပါတယ်။ ခန္ဓာကိုယ်က ထွက်ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ပါရှိတဲ့ အရည် အမှုန်အမွှားလေးတွေက ရောဂါရှိသူ နဲ့ ၂ မီတာအတွင်း ထိတွေ့မှုကနေ စကားပြောတာ၊ အသက်ရှုတာ၊ ချောင်းဆိုးတာနဲ့ နှာချေတာတွေကနေ အဓိက ကူးစက် တာဖြစ်တယ်လို့ CDC က အရင်ကပြောနေခဲ့တာပါ။

မနေ့တုန်းကတော့ CDC ရဲ့ ဝက်ဆိုက်မှာ ဗိုင်းရပ်စ်ပိုးပါတဲ့ အရည် အမှုန် အမွှားလေးတွေက ရောဂါကူးစက်ခံထားရသူ တယောက်ယောက်ရှိတဲ့ နေရာတဝိုက် ၂ မီတာထက်ကျော်ပြီး ကူးစက်နိုင်သလို ၊ ရောဂါပိုးရှိသူ ထွက်ခွာသွားပြီး အချိန်တို အတွင်း လေထဲမှာ ရှိနေနိုင်တယ် လို့ ပြောင်းလဲ ဖော်ပြ ထားပါတယ်။

ဒီလို ရောဂါပိုးအမှုန်အမွှားတွေကနေ တဆင့်ကူးစက်နိုင်တဲ့ အခြေအနေမျိုးက လေဝင်လေထွက် မကောင်းတဲ့နေရာနဲ့ အလုံပိတ် နေရာတွေမှာ ပိုပြီး ဖြစ်နိုင်တယ်လို့ CDC ရဲ့ နောက်ဆုံး လမ်းညွန်ချက်တွေမှာ ဖော်ပြထားပါတယ်။ အထူးသဖြင့် ဒီလိုနေရာတွေမှာ အသက်ပြင်းပြင်းရှုတာ၊ သီချင်းဆိုတာနဲ့ လေ့ကျင့်ခန်းလုပ်တာမျိုးတွေကနေတဆင့် ကူးစက်နိုင်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ လတုန်းကလည်း CDC က ဒီလို ရောဂါပိုးပါရှိတဲ့ အရည်အမှုန်အမွှားလေးတွေကတဆင့် နေရာအတော်ဝေးဝေးထိ ရောဂါ ပြန့်နှံ့ကူးစက်နိုင်ကြောင်း လမ်းညွှန်ချက်ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အဲဒီလို တင်ထားတဲ့ ပို့စ်ကိုရက်သိပ်မကြာခင်မှာပဲ ပြန်ဖြုတ် ချခဲ့ပါတယ်။ နည်းပညာပိုင်းအရ သေချာ မစစ်ဆေးရသေးခင်မှာ မှားပြီးတင်ခဲ့တာလို့ ပြောပြီး CDC ပြန်ဖြုတ်ချခဲ့တာပါ။

COVID-19 ဘယ်လိုကူးစက်ပျံ့နှံ့သလဲဆိုတာနဲ့ ပတ်သက်ပြီးလည်း ကျန်းမာရေးပညာရှင်တွေကြား လပေါင်းများစွာ ငြင်းခုံနေကြ တာပါ။ ဇူလိုင်လတုန်းကလည်း နိုင်ငံပေါင်း ၃၀ ကျော်က သိပ္ပံပညာရှင် ၂၀၀ ကျော်က ဒီဗိုင်းရပ်စ်ပိုး လေထဲကနေပျံ့နှံ့ ကူးစက်နိုင်တဲ့ အထောက်အထားတွေ ရှိနေတာကို ထည့်သွင်း စဉ်းစားပေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကို အိတ်ဖွင့်ပေးစာပေးပို့တိုက်တွန်း ခဲ့ပါတယ်။

ဒါ့အပြင် တနင်္လာနေ့တုန်းက ထုတ်ပြန်ခဲ့တဲ့ လေ့လာတွေ့ရှိချက်တခုမှာတော့ COVID-19 ကူးစက်မှုကြောင့် ဆေးရုံတက်ကုသမှု ခံယူရတဲ့ သူတွေထဲက ၃ ပုံ ၁ ပုံနီးပါးဟာ (ကျန် လူနာ ၈၉ % နဲ့နှိုင်းယှဉ်ရင်) စိတ်ရှုပ်ထွေးတာ၊ ခေါင်းကိုက်တာ၊ မူးဝေတာ နဲ့ ကြွက်သားနာကျင်တာ စတဲ့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ မူမမှန်တဲ့ ရောဂါလက္ခဏာတွေခံစားရတယ်လို့ဖော်ပြထားပါတယ်။

တချိန်ထဲမှာဘဲ COVID-19 ကာကွယ်ဆေးနဲ့ ပတ်သက်လို့ အရေးပေါ်ထုတ်လုပ်ခွင့်ပြုဖို့ကို အိမ်ဖြူတော် အနေနဲ့ တိကျတဲ့ စည်းကမ်းလမ်းညွှန်ချက်တွေကို ထုတ်ပြန်ပေးဖို့ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနကတောင်းဆိုတာကို အိမ်ဖြူတော်က ငြင်းဆန်ထားကြောင်း အမေရိကန် သတင်း မီဒီယာတွေက ပြောပါတယ်။

Your browser doesn’t support HTML5

ကိုဗစ်ရောဂါပိုးမွှားတွေ လေထဲကပြန့်နိုင်ကြောင်း ကန် CDC ပြော


..................


(Unicode)






