ပြီးခဲ့တဲ့လက အင်အားပြင်း မိုခါမုန်တိုင်း တိုက်ခတ်ခဲ့တဲ့ ရခိုင်နဲ့ ချင်းပြည်နယ်အတွက် မုန်တိုင်းဘေး ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးကူညီရေးမှာ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေဆဲဖြစ်တဲ့အကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ပြောဆိုပါတယ်။ အကူအညီပစ္စည်းတွေ ပြည်ပကနေ ထပ်ဖြည့်ဆည်း ပေးပို့နိုင်ရေး စစ်ကောင်စီဘက်က ခွင့်ပြုချက် မပေးသေးတဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနိုင်းရေးရုံး UNOCHA က သတင်းထုတ်ပြန်ထားပါတယ်။
ကန့်သတ်ပိတ်ပင်မှုတွေကြားမှာပဲ ရခိုင်ပြည်နယ်အတွင်းက မုန်တိုင်းကြောင့် ဒုက္ခရောက်ခဲ့တဲ့ လူ တသိန်းလေးသောင်းကျော်အတွက် အရေးပေါ်လိုအပ်တဲ့ ပစ္စည်းတွေနဲ့ နေထိုင်ဖို့ အကူအညီတွေပေးနိုင်ခဲ့တဲ့အကြောင်း၊ ဒါပေမဲ့လည်း ထိခိုက်ပျက်ဆီးခဲ့တဲ့ အဆောက်အဉီးတွေရဲ့ တစိတ်တပိုင်းကိုပဲ ပြန်လည်ပြင်ဆင်နိုင်သေးတဲ့အကြောင်း UNOCHA ရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။ မုန်တိုင်းဒဏ်ခံခဲ့ရတာ တလကျော်သွားပေမဲ့ လူတွေ ထောင်သောင်းချီ နေရာထိုင်ခင်း မရှိဘဲ မိုးရာသီမှာ ဖြစ်သလို နေထိုင်နေရဆဲ ဖြစ်တယ်လို့ ရေးသားထားပါတယ်။
Mocha မုန်တိုင်းကြောင့် လူတသန်းကျော်လောက်ဒုက္ခရောက်နေတဲ့ ရခိုင်မြောက်ပိုင်းမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို စစ်ကောင်စီက ဇွန်လ ၈ ရက်နေ့က ပိတ်ပင်ခဲ့တာကြောင့် ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အကူအညီ ပေးရေးအဖွဲ့တွေက ဝေဖန်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ခွင့်ပြုမိန့်ရရှိတဲ့ အဖွဲ့အစည်းတွေကို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ပြန်လည်ခွင့်ပြုခဲ့ပါတယ်။
Your browser doesn’t support HTML5