လူသတ်မှုတရားခံ မြန်မာလူငယ်ကို ထိုင်းရဲတပ်ဖွဲ့ထံလွှဲပြောင်း

အိမ်တွင်းအကြမ်းဖက်ခံရပြီး လွန်ခဲ့တဲ့နှစ်လကျော်က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာသေဆုံးသွားတဲ့ မထက်ထက်ဇော်။ (ဓာတ်ပုံ-ထိပ်ထား ဖေ့စ်ဘုတ်)

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ အိမ်တွင်းအကြမ်းဖက်မှုကြောင့် ဇနီးဖြစ်သူအသက်သေဆုံးခဲ့ရတဲ့ အမှုမှာ တရားခံခင်ပွန်းဖြစ်သူ အဆိုတော်ဝဠာကို Lion Battalion Commando စစ်ကြောင်းဆီကနေ ထိုင်းရဲဘက်ကို လွှဲပြောင်းပေးခဲ့ပြီးဖြစ်တယ်လို့ ဒီအမှုကို စတင်ဖေါ်ထုတ် ခဲ့သူလည်းဖြစ် Sister to Sister အမျိုးသမီးအဖွဲ့၀င် မထိပ်ထားက ဗွီအိုအေကို ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက် အပြည့်အစုံကို နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

ထိုင်းရဲတပ်ဖွဲ့ကအလိုရှိနေတဲ့ တရားခံဖြစ်သူကို ထိုင်းနယ်ခြားစောင့်တပ်အကူအညီနဲ့ Lion Battalion Commando စစ်ကြောင်းဆီကနေ ထိုင်းတာဝန်ရှိသူတွေကို ဇူလိုင်လ ၇ ရက်နေ့က လွှဲအပ်ပေးခဲ့တာပါ။ Lion Battalion Commando စစ်ကြောင်းဆီကနေ မဲဆောက်ရဲစခန်းမှာ တရားခံကိုအပ်နှံခဲ့တယ်လို့ သေဆုံးသူအမျိုးသမီးအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ Sister to Sister အမျိုးသမီးအဖွဲ့က မထိပ်ထားက ပြောပါတယ်။

“ဒီလက်နက်ကိုင်အဖွဲ့အစည်းတခုက ရဲဘော်တယောက်ဖြစ်နေတယ်။ နောက်တခုက Lion Battalion ဘက်မှာ ရောက်နေတယ်။ ဆိုတဲ့ခါကျတော့ နည်းနည်း သတိထားရတယ်ပေါ့နော်။ ကျနော်တို့ ညီအစ်မတွေ ပူးပေါင်းပြီးတော့ ဆောင်ရွက်နေတဲ့ Sister to Sister နာမည်အနေနဲ့ ဝန်ကြီးဌာနတွေကို တိုင်စာတွေတင်တယ်။ ဖိအားတွေပေါ့နော် ထုတ်ပြန်ချက်တွေ လုပ်တယ်။ လုပ်ပြီးတော့ ခု ဖော်ထုတ်နိုင်ပြီ၊ တရားခံ ဘယ်မှာရှိလဲဆိုတာလဲသိနေပြီ။ ဒါပေမယ့် တရားခံဖမ်းဆီးရမိဖို့၊ ဒီဘက်ကိုလွှဲဖို့ အများကြီး ကျနော်တို့ ကြိုးစားနေရတယ်ပေါ့နော်။
....နောက်ဆုံး မတတ်နိုင်တဲ့အဆုံး Sister to Sister ညီအစ်မတွေကပဲ ကားတစီးနဲ့သွားပြီးတော့ တရားခံကို နောက်ဆုံး ဘယ်သူမှ မခေါ်ရင် ငါတို့ဟာငါတို့ ကြိုုးတုပ်ခေါ်လာပြီးတော့ မဲဆောက်ရဲစခန်းကိုလာအပ်မယ်ဟဲ့ ဆိုပြီးတော့။ အဲ့ဒါ မနေ့က နယ်စပ်ကိုဆင်းသွားပြီးတော့ ကျနော်တို့ဟာကျနော်တို့ ဆင်းခေါ်လာတာ။ Lion က အပ်ပေးမယ် ဆိုတဲ့ အချိန်ပေါ့နော်။ ကျနော်တို့ ရောက်သွားတဲ့အခါမှာ ကျနော်တို့က အမျိုးသမီးတွေလည်း ဖြစ်တယ်၊ ပြီးတော့ ထိုင်းဘက်က ရဲတွေဘာတွေနဲ့လည်း ချိတ်ဆက်လိုက်တဲ့ခါ သူတို့ ကလည်း သိသွားတော့ အဲ့က နယ်ခြားစောင့် စစ်တပ်ကနေပြီးတော့ ကျနော်တို့ကိုကူညီပြီးတော့ တရားခံကို ခေါ်လာပြီးတော့ မဲဆောက်ရဲစခန်းကို ပြန်လာအပ်ပေးတယ်ပေါ့နော်။

ကျနော်တို့က ဒီဘက်မှာ နဂိုရှိထားပြီးသား တိုင်ချက်ဖွင့်တာတွေကို ထိုင်းရှေ့နေအဖွဲ့နဲ့ ပူပေါင်းပြီးတော့ တရားခံကို အရေးယူနိုင်ဖို့ဟာတွေကို မနေ့က အပြီးအစီးလုပ်လိုက်တယ်ပေါ့နော်။”

မဲဆောက်ဆေးရုံမှာရှိတဲ့ သေဆုံးသူ မထက်ထက်ဇော်အလောင်းကို သက်ဆိုင်ရာမိသားစုဆွေမျိုးဝင်တွေ ထုတ်ယူနိုင်ဖို့နဲ့ ဥပဒေအရဆောင်ရွက်နိုင်ဖို့အတွက် သံရုံးကို ဆက်သွယ်ပါဆိုပြီး ဘန်ကောက်မြို့ မြန်မာသံရုံးက စာထုတ်ပြန်ထားပါတယ်။

သေဆုံးသူဟာ တော်လှန်ရေး အဖွဲ့အစည်းနဲ့ ဆက်စပ်သူဖြစ်နေတာကြောင့် ဒီလို သံရုံးက ထုတ်ပြန်ချက်အပေါ် ဆက်သွယ်ဆောင်ရွက်ဖို့ကို မိသားစုဝင်တွေက စိုးရိမ်နေပါတယ်။ မဲဆောက်ဆေးရုံကြီးကလည်း သံရုံးရဲ့ ခွင့်ပြုချက်မရှိရင် အလောင်းကို ထုတ်ပေးလို့မရဘူးဆိုတဲ့ သတင်းတွေထွတ်ပေါ်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘန်ကောက်မြန်မာသံရုံး ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းကိုင် ဖြေဆိုမည့်သူမရှိခဲ့ပါဘူး။

တဖက်မှာလည်း သင်္ဂြိုဟ်နိုင်ရေးကိစ္စ ခက်ခဲဆဲဖြစ်တယ်လို့ မထိပ်ထားက ပြောပါတယ်။

“တရားစွဲဆိုမှုကို ကြည့်ပြီးတော့ သေဆုံးသူရဲ့ ဘော်ဒီက သက်သေအဖြစ် လိုအပ်မလား၊ မလိုအပ်မလားဆိုတာကို တရားရုံးက ပြန်ကြားမယ့်ဟာ တချက် စောင့်ရမယ့်အခြေအနေဖြစ်နေပါတယ်။ အဲဒါပြီးရင်တော့ ဘော်ဒီထုတ်ဖို့ကို မိသားစုမလာနိုင်ရင် ဘာတွေ လုပ်လို့ရနိုင်မလဲဆိုတာတွေကို နောက်တဆင့် ကျနော်တို့ ကြိုးစားရမယ်ပေါ့နော်။ ပြီးတော့ ထိုင်း-မြန်မာသံရုံးကလည်း ထုတ်ပြန်ချက်ထုတ်ထားပြီး ကျနော်တို့ဆီလည်း ဆက်သွယ်ထားတယ်။ ဆက်သွယ်ထားပြီး ကာယကံရှင် နစ်နာသူမိသားစုရဲ့ ဆက်သွယ်ရမယ့်ဟာတွေ တောင်းတာတွေ ကြုံရတယ်ပေါ့နော်။"

လွန်ခဲ့တဲ့ ၃ လကျော် ဧပြီလ ၂ ရက်နေ့က မဲဆောက်မြို့မှာရှိတဲ့ ခင်ပွန်းဆီကိုလာတဲ့ မြန်မာအမျိုးသမီးကို အမျိုးသားဖြစ်သူက မျက်နှာကို လက်သီးနဲ့ အချက်ပေါင်းများစွာထိုးခဲ့တာကြောင့် သေဆုံးခဲ့တာလို့ အသိသက်သေတွေက ဆိုပါတယ်။ နစ်နာသူရရှိခဲ့တဲ့ ဒဏ်ရာတွေကိုကုသဖို့ မယ်တော်ဆေးခန်းကနေတဆင့် မဲဆောက်ဆေးရုံကြီး၊ အဲဒီကနေ Tak ခရိုင်ဆေးရုံအထိရောက်ခဲ့ပြီးမှာ နောက်ဆုံး Tak ဆေးရုံမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။