အောက်တိုဘာလ ၇ ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ရဲ့ ရိုးသားမှု၊ ပေးဆပ်မှုတွေနဲ့ တိုင်းပြည်အပေါ်ထားတဲ့စေတနာတွေကိုဂုဏ်ပြုပြီး သူ့ရဲ့ရက်လည်နေ့မှာ အမှတ်တရအခမ်းအနားတွေကို ထိုင်း-မြန်မာနယ်စပ်မှာရော မြန်မာပြည်တွင်းက အကျဉ်းထောင်တွေ ထဲမှာပါ လုပ်ခဲ့ကြပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ အောက်တိုဘာလ ၇ ရက်နေ့က ကွယ်လွန်ခဲ့ပြီး သူ့အတွက်ရည်စူးတဲ့ ရက်လည်ဆွမ်းသွတ်ပွဲတွေ၊ အထိမ်းအမှတ်ပွဲတွေကို သူ့ကိုချစ်ခင်လေးစားတဲ့ တက်ကြွလှုပ်ရှားသူတွေက ထိုင်းမြန်မာနယ်စပ်မှာလည်း ကျင်းပခဲ့ကြပါတယ်။ ထိုင်း-မြန်မာနယ်စပ်က ABSDF ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်းမှာတော့ အောက်တိုဘာလ ၁၃ ရက်နေ့မှာ အခမ်းအနားနဲ့အတူ ဂုဏ်ပြုပွဲကျင်းပခဲ့ကြောင်း ကျောင်းသားတပ်မတော်ရဲ့ဥက္ကဋ္ဌ ရဲဘော်သံခဲက VOA ကို အခုလိုပြောပါတယ်။
“ကျနော်တို့ ABSDF ဗဟိုဌာနချုပ်ဒေါင်းတမန်စခန်းမှာလည်း ဆရာဒေါက်တာ ဇော်မြင့်မောင်ရဲ့ အမှတ်တရအခမ်းအနားလေး လုပ်ဖြစ်ပါတယ်။ ဆရာရဲ့ ရိုးသားမှုတွေ၊ ဆရာရဲ့ပေးဆပ်မှုတွေ၊ ဆရာရဲ့တိုင်းပြည်ပေါ်မှာထားတဲ့စေတနာတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကျနော်တို့ ABSDF ကျောင်းသားတပ်မတော်အနေနဲ့ ကမကထ လုပ်ခဲ့ကြတာဖြစ်ပါတယ်။”
အလားတူ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကဘုန်းတော်ကြီးကျောင်းတခုမှာလည်း ရက်လည် ဆွမ်းကျွေး တရားနာပွဲကို တက်ကြွလှုပ်ရှားသူတွေက လုပ်ဆောင်ခဲ့တယ်လို့လည်း ရဲဘော်သံခဲက ပြောပါတယ်။
“နောက်တခုကတော့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုတဲ့ပွဲလို့လည်း ယူဆရပါတယ်။ အဲဒီပွဲမှာ လာခဲ့ကြတဲ့သူတွေက ဒေသအသီးသီး၊ နယ်မြေအသီးသီး၊ အဖွဲ့အစည်းအသီးသီးက လာခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလိုမျိုးလူတယောက်ကို ဂုဏ်ပြုကြတယ်ဆိုတာကလည်း အလုပ်လုပ်တဲ့သူ တယောက်ကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုပြသတဲ့အလုပ်တခုလည်းဖြစ်ပါတယ်။ ဆရာရဲ့ ရိုးသားမှု၊ စွန့်လွှတ်မှုတွေက ဆရာ့အပေါ် ရောင်ပြန်ဟပ်တယ်လို့လည်းယူဆပါတယ်။”
အဲဒီပွဲကို နယ်ပယ်အသီးသီးက တက်ကြွလှုပ်ရှားသူ ရာဂဏန်းလောက် တက်ရောက်ခဲ့ကြပါတယ်။
အလားတူ မြန်မာနိုင်ငံတဝှမ်းကအကျဉ်းထောင်တွေမှာလည်း စုပေါင်းပြီး ဆုတောင်းမေတ္တာပို့ခဲ့ကြ တယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဦးဆောင်ကော်မတီဝင် ဦးသိုက်ထွန်းဦးကလည်း ပြောပါတယ်။
“ဆရာရဲ့ရက်လည်မှာ ပဌာန်းရွတ်ဆိုတာတွေ၊ မေတ္တာပို့ဆုတောင်းတာတွေတော့ ထောင်တွေအသီးသီးမှာ လုပ်ကြပါတယ်။”
စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ဒေါက်တာ ဇော်မြင့်မောင်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ချိုးဖောက်မှု၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်မှု၊ ရွေးကောက်ပွဲမှာ မလျော်သြဇာသုံး မဲမသမာမှု၊ အဂတိလိုက်စားမှု စတာတွေအပါအဝင် စွဲချက်အများအပြားနဲ့ အရေးယူခံခဲ့ရပြီး ထောင်ဒဏ် ၂၉ နှစ်အထိ အပြစ်ပေးခံထားရတာ ဖြစ်ပါတယ်။ ဒေါက်တာဇော်မြင့်မောင် ဟာ လုံလောက်တဲ့ ဆေးဝါးကုသမှု မခံယူခဲ့ရဘဲ ထောင်တွင်းမှာပဲ ကျန်းမာရေးပိုမိုဆိုးရွားလာပြီးနောက် စက်တင်ဘာလထဲ မှာ အကျဉ်းထောင်ကနေ မန္တလေးဆေးရုံကြီးကိုပို့ပြီး ကုသခွင့်ပေးခဲ့ပါတယ်။ အောက်တိုဘာလ ၆ ရက်နေ့မှာ “ထောင်မှ လွှတ်ပေးတယ်”ဆိုတဲ့ ထုတ်ပြန်ချက်ကို ဒေါက်တာဇော်မြင့်မောင်ဆေးကုသမှု ခံယူနေတဲ့ဆေးရုံမှာ အာဏာပိုင်တွေက လာရောက်ဖတ်ပြခဲ့ပြီးတဲ့နောက် အောက်တိုဘာလ ၇ ရက်နေ့မှာတော့ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားခဲ့ပါတယ်။
Your browser doesn’t support HTML5