၂၀၂၀ ရွေးကောက်ပွဲရလဒ် ပျက်ပြယ်ပြီလို့ UEC ဥက္ကဋ္ဌပြောဆို

Myanmar's Union Election Commission (UEC) headquarters in Naypyidaw is seen on October 27, 2015. The once junta-run nation heads to the polls on November 8, 2015 in what voters and observers hope will be the freest election in decades. AFP PHOTO / ROMEO G

{{Zawgyi/Unicode}}

၂၀၂၀ ရွေးကောက်ပွဲရလဒ် ပျက်ပြယ်သွားပြီလို့ စစ်အုပ်ချုပ်ရေးကောင်စီက အသစ်ပြန်ဖွဲ့ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ ဒီကနေ့ ပထမဆုံးအကြိမ် တွေ့ဆုံချိန်အတွင်း အဲဒီလိုပြောခဲ့တာပါ။ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခဲ့သူတစ်ဦးကတော့ အခုလို ရွေးကောက်ပွဲရလဒ် ပျက်ပြယ်ပြီဆိုတာကို လက်မခံပါဘူး။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က တင်ပြထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေကြား တွေ့ဆုံပွဲအတွင်း ၂၀၂၀ ရွေး ကောက်ပွဲရလဒ်နဲ့ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြောခဲ့တဲ့အကြောင်း တွေ့ဆုံပွဲမှာပါဝင်သူ မြန်မာအမျိုးသား ကွန်ဂရက်ပါတီ ပြောခွင့်ရ ဦးကောင်းမြင့်ထွဋ်က ပြောပါတယ်။

“ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ အသစ်က သူပြောတဲ့ အချက်ထဲမှာ UEC ကနေ ထုတ်ပြန် ကြေငြာချက်နှစ်စောင် ထုတ်ပြန်ခဲ့ပြီးသားရှိတယ်လို့ ပြောပါတယ်။ အဲတာအရ ကိုးကားပြီး လည်း သူပြောပါတယ်။ ပြီးတော့ ပါတီတွေက မေးတဲ့ အခါမှာလည်း သူပြန်ပြောတယ်။ ဖောဖော်ဝါရီလ တစ်ရက်နေ့ကတည်းက နိုင်ငံတော်ရဲ့ အာဏာသုံးရပ်လုံးကို နိုင်ငံတော် အုပ်ချုပ်မှုကောင်စီက အာဏာလွှဲပြောင်းရယူထားတာဖြစ်တဲ့အတွက် လွတ်တော်တွေကလည်း အာဏာရဲ့ သဘောသက်ရောက်မှု ပျက်ပျယ်သွားတယ်။ အရင်ရွေးကောက်ပွဲရဲ့ ရလဒ်ကလည်း ပျက်ပျယ်သွားတယ်ဆိုတာ ဥပဒေကြောင်းအရ အခိုင်အမာ ပြောပါတယ်ခင်မျာ။”

ဒီကနေ့တွေ့ဆုံပွဲအတွက် စုစုပေါင်း နိုင်ငံရေးပါတီ ၉၁ ပါတီကို ဖိတ်ကြားခဲ့တာမှာ ၅၃ ပါတီ တက်ရောက်ခဲ့ပါတယ်။

ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ခဲ့တဲ့အဖွဲ့တခုဖြစ်တဲ့ ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့က အမှူဆောင်ဒါရိုက်တာ ဦးအေးကျော်ကတော့ ရွေးကောက်ပွဲမှာ မဲစာရင်း မှားယွင်းတာတွေ အနည်းအကျဉ်းရှိခဲ့ပေမယ့် နောက်ဆုံးမဲရလဒ်ကတော့ တိကျမှန်ကန်မှု ရှိတယ်လို့ပြောသလို ရလဒ်နဲ့ပတ်သက်ပြီး ကော်မရှင်ရဲ့ပြောဆိုချက်ကို လက်မခံပါဘူး။

“ရွေးကောက်ပွဲမှာ ကျနော်တို့ နိုင်ငံရဲ့ အနေအထားအရ ရွေးကောက်ပွဲ လုပ်ခဲ့တဲ့ အကြိမ်တိုင်း အကြိမ်တိုင်းမှာ တကယ့်ကို ပြည့်စုံကောင်းမွန်တဲ့ မှန်ကန်တိကျတဲ့ မဲစာရင်းက ဖြစ်မလာခဲ့ပါဘူး။ အနည်းနဲ့ အများဆိုသလို မှားယွင်းမှူတွေ ရှိတယ်။ ဒါကို ကျနော်တို့ ရွေးကောက်ပွဲ အတိုင်ခင်ကတည်းကလည်း ထုတ်ပြခဲ့တာရှိပါတယ်။ မဲစာရင်းအမှားအယွင်းတစ်စုံတစ်ရာရှိသော်လည်း မဲရလဒ်ကတော့ ပြတ်တယ်လို့ ကျနော်တို့ လက်ခံယုံကြည်ထားပါတယ်ဗျ။ မဲရလဒ်တွေကို ပယ်ဖျက်တယ်လို့ ကြေငြာလိုက်တဲ့ အပေါ်မှာတော့ ကျနော့်အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသားပြောရရင် အဲဒီကြေငြာချက်ကို ကန့်ကွက်တယ်လို့ ပြောရမှာပေါ့။”

ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ရွေးကောက်ပွဲတုန်းက လုံခြုံရေး အကြောင်းပြချက်နဲ့ မြို့နယ် ကိုးခုလောက် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ မဲအများဆုံးနဲ့ အနိုင်ရထားတဲ့ ရခိုင်အမျိုးသားပါတီကလည်း ဒီကနေ့ UEC အစည်းအဝေးကို တက်ရောက်ခဲ့ပေမယ့် ဘာမှ ဆွေးနွေးဖို့ ပြောကြားထားတာမရှိဘူးလို့ ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဖေသန်းက ပြောပါတယ်။

“ကျနော်တို့ ပါတီကတော့ UEအစည်းအဝေးကို တက်တာမှန်ပါတယ်။ ဒါပေမယ့် အဲလိုတက်ဖို့ တာဝန်ပေးလိုက်တဲ့ပုဂ္ဂိုလ်ကို ဘာတွေလုပ်ပါ ဘာတွေဆုံးဖြတ်ပြီး အတည်ပြုခဲ့ပါဆိုပြီး ပြောလိုက်တာ မရှိပါဘူး။ သူတို့ပြောဆိုတဲ့အပေါ်မှာ မူတည်ပြီး လိုအပ်ရင်သာ ပါတီကို တင်ပြဖို့ ကျနော်တို့ဖက်က ပြောထားတာရှိပါတယ်။”

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက တနိုင်ငံလုံးမှာ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။ ရွေးကောက်ပွဲပြီးတဲ့နောက် တပ်မတော်က မဲစာရင်းတွေကို စိစစ်ခဲ့ပြီး မဲစာရင်းကွာခြားချက် အများအပြားရှိနေတယ်ဆိုပြီးတော့ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ လွှတ်တော်သစ် စည်းဝေးပွဲစဖို့ ရက်ပိုင်းအလိုမှာပဲ နိုင်ငံတော်အာဏာကို ရယူလိုက်ပြီး ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင် လူအများအပြားကို ထိန်းသိမ်းထားပါတယ်။

...............................................

Your browser doesn’t support HTML5

၂၀၂၀ ရွေးကောက်ပွဲရလဒ် ပျက်ပြယ်ပြီလို့ UEC ဥက္ကဋ္ဌပြောဆို

{{Unicode}}









