(Zawgyi / Unicode)
ယူကရိန်းကို ရုရှားကျူးကျော်တဲ့အတွက် ရုရှားလေကြောင်းလိုင်းတွေနဲ့ ပုဂ္ဂလိက ဂျက်လေယာဉ်တွေကို အီးယူ ဥရောပသမဂ္ဂရဲ့ ဝေဟင်ပိုက်နက်ထဲ ပျံသန်းခွင့် ပိတ်ပင်တော့မှာဖြစ်ကြောင်း ဥရောပကော်မရှင်အကြီးအကဲ Ursula von der Leyen က ပြောကြားလိုက်ပါတယ်။
"ဥရောပသမဂ္ဂရဲ့ ဝေဟင်ပိုင်နက်ကို ရုရှားတွေအတွက် ပိတ်ပစ်လိုက်ပါပြီ။ ရုရှားမှတ်ပုံတင်နဲ့ ရုရှားထိန်းချုပ်ထားတဲ့ လေကြောင်းလိုင်းတွေလို ရုရှားပိုင်အားလုံးကို ပိတ်ပင်တာပါ။ အီးယူပိုင်နက်ပေါ် ဖြတ်သန်းတာ၊ ဆင်းတာ၊ တက်တာတွေ ခွင့်မပြုတော့ဘူး။” လို့ အီးယူနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ တနင်္ဂနွေနေ့ ဘရပ်ဆဲလ်က အစည်းအဝေးအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ကြေညာလိုက်တာပါ။
အခုအစည်းအဝေး မတိုင်ခင်ကတည်းကလည်း ဥရောပနိုင်ငံ အများအပြားက ရုရှားလေယာဉ်တွေ သူတို့ ဝေဟင်ပိုင်နက်ထဲ ဝင်ခွင့်ကို ပိတ်ပင်ကြောင်း ကြေညာထားပြီးသား ဖြစ်ပါတယ်။ ရုရှားကို ဒဏ်ခတ်မှုတိုးမြှင့်ဖို့ လုပ်နေတဲ့ တခြားဥရောပနိုင်ငံတွေနဲ့အတူ ပါဝင်မှာဖြစ်ကြောင်း ကြေညာထားတဲ့ ဖင်လန်နဲ့ ဘယ်လ်ဂျီယံနိုင်ငံတွေလည်း ဝေဟင်ပိုင်နက်ကိုပါ ပိတ်ပစ်ဖို့ လုပ်ဆောင်ခဲ့တာပါ။
ရုရှားနဲ့ နယ်စပ်အရှည် ကီလိုမီတာ ၁,၃၀၀ ထိစပ်နေတဲ့ ဖင်လန်က သယ်ယူပို့ဆောင်ရေးဝန်ကြီး Timo Harakka က ရုရှားလေယာဉ်တွေကို သူ့ဝေဟင်ပိုင်နက်ထဲ မဝင်အောင် ပိတ်ပစ်ဖို့ လုပ်နေပြီလို့ စနေနေ့ကပဲ ကြေညာခဲ့တာပါ။ ဘယ်လ်ဂျီယံဝန်ကြီးချုပ် Alexander De Croo ကလည်း ဒီလိုပိတ်ပစ်ဖို့ ဆုံးဖြတ်ကြောင်း တနင်္ဂနွေနေ့မှာပဲ ပြောကြားခဲ့ပါတယ်။
ဂျာမနီ၊ ပြင်သစ်၊ ဘူလ်ဂေးရီးယား၊ ချက်ပြည်သူ့သမ္မတနိုင်ငံ၊ ဗြိတိန်၊ ရိုမေးနီးယားနဲ့ ပိုလန်အပါအဝင် နိုင်ငံအများအပြားကလည်း သူတို့ရဲ့ ဝေဟင်တွေကို ရုရှားလေယာဉ်တွေ ပျံသန်းခွင့် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5
-------------------------
(Unicode)