ဒီမိုကရေစီဖော်ဆောင်နေတဲ့ အရပ်သားအစိုးရလက်ထက် မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အပါအဝင်ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ၊သတင်းမီဒီယာတွေ ထုတ်ဖော်ရေးသားပိုင်ခွင့်အပါအဝင် ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးအခြေအနေတွေ၊စစ်ဘေးစစ်ရှောင်ဒုက္ခသည်အရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စတွေဟာ စိုးရိမ်စရာကောင်းတဲ့အနေအထားဖြစ်နေတယ်လို့ CSO မြန်မာလူမှုအဖွဲ့တွေဘက် ပြောဆိုလိုက်ပါတယ်။ မြန်မာ့လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာဖို့ ရောက်ရှိနေတဲ့ ဥရောပသမဂ္ဂ EU ရဲ့နိုင်ငံတကာရေးရာနဲ့ ကုန်သွယ်ရေးရာ ပူးပေါင်းအဖွဲ့နဲ့ မြန်မာနိုင်ငံအခြေစိုက် CSO လူမှုအခြေပြု အဖွဲ့အစည်းတွေ ဒီကနေ့ ညပိုင်းမှာပဲ တွေ့ဆုံဆွေးနွေးခဲ့ကြချိန် ပြောဆိုခဲ့ကြတာပါ။ ကိုယ်တိုင် တွေ့ဆုံဆွေးနွေးခဲ့သူတွေကို ဆက်သွယ်မေးမြန်းခဲ့တဲ့ မဆုမွန် က စုစည်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံတွင်းက မြန်မာနိုင်ငံတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေ၊ လူ့အခွင့်အရေး အနေအထားတွေကို လေ့လာဖို့ရောက်ရှိနေတဲ့ ဥရောပသမဂ္ဂ EU ရဲ့နိုင်ငံတကာရေးရာနဲ့ ကုန်သွယ်ရေးရာပူးပေါင်းအဖွဲ့ဟာ အောက်တိုဘာလ ၂၈ ရက် တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ဒီကနေ့မှာတော့ အလုပ်သမားအဖွဲ့တွေနဲ့တွေ့ဆုံခဲ့သလို ညပိုင်းမှာတော့ လူမှုအခြေပြုအဖွဲ့အစည်း CSO ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံခဲ့တာပါ။ အထူးသဖြင့်ကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စဲွဲချက်တွေကြောင့် မြန်မာနိုင်ငံအပေါ် ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးတွေ ရုပ်သိမ်းရေး၊ မရုပ်သိမ်းရေးကို EU ဥရောပ သမဂ္ဂက ဆုံးဖြတ်ဖို့ ရှိနေချိန်မှာပဲ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဥရောပသမဂ္ဂ EU ရဲ့နိုင်ငံတကာရေးရာနဲ့ ကုန်သွယ်ရေးရာပူးပေါင်းအဖွဲ့နဲ့ CSO လူမှုအခြေပြုအဖွဲ့အစည်းတွေတွေ့ဆုံ ပြီး မြန်မာနိုင်ငံတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေ၊ လူ့အခွင့်အရေး အနေအထားတွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။
ကိုယ်တိုင်တွေ့ဆုံဆွေးနွေးခဲ့တဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားမှုဆောင်ရွက်မှုကော်မတီက မသဉ္ဇာရွှန်းလဲ့ရည်က CSO တွေဘက်က တင်ပြဆွေးနွေးခဲ့တာနဲ့ပတ်သက်ပြီးတော့ ဗွီအိုအေမြန်မာပိုင်းကိုအခုလိုပြောပြပါတယ်။
"မသဉ္ဇာရွှန်းလဲ့ရည်။ ။ တက်ရောက်လာတဲ့အဖွဲ့အစည်းတွေက နယ်ပယ်စုံအသီးသီးက လူထုအခက်အခဲတွေကို ပိုမိုကောင်းလာအောင် ကြိုးစားဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေဆိုတော့ ဒီအဖွဲ့တွေရဲ့ လက်တွေ့မြေပြင်တွေ့ရှိချက်တွေ သူတို့လေ့လာချက်တွေ၊ သုံးသပ်ချက်တွေပေါ့ ဒါတွေကို တင်ပြခဲ့ပါတယ်။ ကျမတို့က အဓိကတော့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်တဲ့အကြောင်းအရာ ၊ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့အခြေအနေတွေကို အဓိကမေးတာပေါ့ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်လာသလား ဆိုးလာသလား ၊ နောက် လူ့အခွင့်အရေးအခြေအနေတွေမှာမှ ဘယ်အပိုင်းတွေက ပိုပြီးထိခိုက်မှုတွေဖြစ်နေသလဲဆိုတော့ နိုင်ငံရေးအကျဉ်းသားကိစ္စတွေ ၊ နောက်စစ်ဘေးရှောင်ကိစ္စတွေ ၊ စစ်ပွဲဖြစ်နေတဲ့အကြောင်းတွေ နောက်ပြီး လယ်ယာမြေအရေးအခင်းကိစ္စတွေ ဘာသာရေးဆိုင်ရာ ကိစ္စတွေပေါ့နော် အဲဒါမျိုးအကြောင်းအရာတွေ Hate Speech တွေ ဒါတွေက သူတို့ရဲ့ တွေ့ရှိချက်တွေ၊ အဖွဲ့အစည်းအသီးသီးရဲ့ တွေ့ရှိချက်တွေ တင်ပြခဲ့တာပေါ့။
မဆုမွန် ။ ။ မြန်မာနိုင်ငံကို ကုန်သွယ်ရေးဆိုင်ရာအထူးအခွင့်အရေးတွေ ရုပ်သိမ်းရေး ၊ မရုပ်သိမ်းရေးက မကြာခင်ဆုံးဖြတ်တော့မှာဆိုတော့ မသဉ္ဇာရွှန်းလဲ့ရည်တို့လိုမျိုး လူမှုအခြေပြုအဖွဲ့အစည်းတွေဘက်က တင်ပြတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိလူ့အခွင့်အရေးအခြေအနေ ၊ အနေအထားတွေကြောင့်မို့လို့ သူတို့ဆုံးဖြတ်ချက်ပေါ့နော် ၊ တစုံတရာ သက်ရောက်မှုရှိနိုင်တယ်လို့ရော ယူဆလို့ရသလားရှင့်။
မသဉ္ဇာရွှန်းလဲ့ရည်။ ။ သူတို့က လက်ရှိ Action တခုလုပ်ဖို့ စဉ်းစားတဲ့အခါမှာ သူတို့က Action အပေါ်မှာ ဒေသခံတွေကို သူတို့က နိုင်ငံအတွင်းမှာရှိနေတဲ့ အရပ်ဘက်အသီးသီးနဲ့ တကယ့် သက်ရောက်မှုရှိမယ့် Labor တွေပေါ့နော် အလုပ်သမားတွေ အလုပ်သမားအဖွဲ့တွေ အထည်ချုပ်စက်ရုံတွေကအသံတွေကို လာရောက်နားထောင် တယ်။ အရပ်ဘက်အဖွဲ့တွေကတော့ အဓိကတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့အကြောင်းအရာကို ကျယ်ကျယ်ပြန့်ပြန့်ပေါ့နော် မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့အကြောင်းအရာတွေကို သူတို့ကို ဆွေးနွေးဖလှယ်တယ်ဆိုတဲ့သဘောပေါ့နော်၊ သူတို့လည်းမေးခွန်းတွေမေးတယ်၊ ကျမတို့လည်းမေးခွန်းတွေမေးတယ်ပေါ့နော် ဒီလိုပုံစံနဲ့ သွားခဲ့တာ။ တနေ့လုံးနီးပါးကတော့ သူတို့အထည်ချုပ်စက်ရုံအလုပ်သမားတွေ သမဂ္ဂတွေနဲ့ တွေ့ခဲ့တယ်လို့ ပြောတယ်။ ဆိုတော့ အဲဒီကနေ အဓိကတော့ ဆုံးဖြတ်ချက်တွေကတော့ ဒီအပေါ်မှာ အခြေခံ တယ်။ ဒါ့အပြင် သူတို့နိုင်ငံရေးအရယူဆချက်၊ ရပ်တည်ချက်တွေပေါ့နော် နောက်ပြီးရေရှည်မြန်မာနိုင်ငံ ဘယ်လိုနည်းနဲ့ သွားနေသလဲဆိုတာကို ဒေသခံတွေအမြင် နိုင်ငံအတွင်းကအဖွဲ့အစည်းတွေ အမြင်ကို ပေါင်းစုပြီးတော့ သူတို့ဆုံးဖြတ်ချက်ချမယ်။ သူတို့ဆုံးဖြတ်ချက်တွေ ဘာမဆိုဖြစ်နိုင်တယ်ပေါ့နော်၊ လုံးဝမထားတော့လို့ ဆုံးဖြတ်နိုင်သလို တချိန်တည်းမှာလည်း ဒီထက်ပိုပြင်းတဲ့ Sanction လည်းဖြစ်လာနိုင်တယ် ဒါက ကျမတို့မသိသေးဘူး။သူတို့ကိုယ်တိုင်ဆုံးဖြတ်ရမှာပါ ကျမတို့ကတော့ လက်ရှိအခြေအနေကို အဖြစ်မှန်အတိုင်း တင်ပြတဲ့ပုံစံဖြစ်ပါတယ်။
မဆုမွန် ။ ။ အဲဒီတော့ ဒီကနေ့ တင်ပြဆွေးနွေးခဲ့တဲ့အနေအထားတွေကိုရော ကျေနပ်အားရမှုရှိပါသလား။ သူတို့ဘက်ကရော ညီမတို့တင်ပြတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ ပြန်ပြီးဆွေးနွေးတာတွေရော ရှိလားရှင့်။
မသဉ္ဇာရွှန်းလဲ့ရည်။ ။ အဓိကတော့ လူ့အခွင့်အရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ စိုးရိမ်ချက်တွေနဲ့ ကျမတို့တင်ပြချက်တွေကို နားလည်ကြောင်း၊ ကျမတို့ တင်ပြချက်တွေအပေါ်မှာ အထူးထည့်သွင်းစဉ်းစားသွားမယ်ဆိုတာတွေကို အဓိကပြန်ပြီးပြောပါတယ်။ ဒီဘက်က တင်ပြသူတွေအနေနဲ့ကတော့ အချက်အလက်အတိအကျနဲ့ Case တွေ scenario တွေအပေါ်မှာ အခြေခံပြီးတော့ တွေ့ရှိချက်တွေကို ပြောကြတာဆိုတော့ အဓိကနားထောင်တာအများဆုံးပါ နားထောင်သွားတယ်ဆိုတဲ့ သဘောပေ့ါလေ။"
ဥရောပသမဂ္ဂ EU ရဲ့နိုင်ငံတကာရေးရာနဲ့ ကုန်သွယ်ရေးရာပူးပေါင်းအဖွဲ့ဟာ မနက်ဖြန် အောက်တိုဘာလ ၃၀ ရက် အင်္ဂါနေ့မှာတော့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက ဝန်ကြီးတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးမှာဖြစ်သလို နိုင်ငံတကာ သံတမန်တွေ၊ အထည်ချုပ်လုပ်ငန်းရှင်တွေနဲ့လည်း သီးခြားတွေ့ဆုံဖို့ရှိနေပါတယ်။
Your browser doesn’t support HTML5