ဖေ့စ်ဘုတ်- မက်တာကို ဒေါ်လာ သန်း ၈၀၀ ကျော် အီးယူဒဏ်ခတ်

Facebook မိခင်ကုမ္ပဏီ Meta ရုံးချုပ်

Facebook ဟာ သူ့ရဲ့ အွန်လိုင်းဈေးကွက် အကျိုးအမြတ် ရစေမယ့် အလွဲသုံးစားမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပြီး ပင်မ ကုမ္ပဏီဖြစ်တဲ့ Meta ကို ဒေါ်လာ သန်း ၈၄၀ ကျော် ကြာသပတေးနေ့က ဒဏ်ခတ်လိုက်တဲ့အကြောင်း ဥရောပကျော်မရှင်က ထုတ်ပြန်ပါတယ်။

Facebook အွန်လိုင်းဈေးကွက် ကြော်ငြာဝန်ဆောင်မှုကို ကိုယ်ရေးကိုယ်တာ Facebook လူမှုကွန်ရက် စာမျက်နှာနဲ့ ချိတ်တွဲထားတာဟာ EU ရဲ့ ယုံကြည်မှု- ဖောက်ဖျက်မှု ဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေကို ချိုးဖောက်ရာ ရောက်ပြီး တခြားသော အွန်လိုင်း အရောင်း ဝန်ဆောင်မှုတွေ အတွက်လည်း မမျှမတ ဖြစ်စေတာကြောင့် အခုလို ဒဏ်ခတ်တာလို့ ဥရောပ ကော်မရှင်က ထုတ်ပြန်ပါတယ်။

Meta ကုမ္ပဏီ ကတော့ ဥရောပ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင်မယ်လို့ ပြောတဲ့ တချိန်တည်းမှာပဲ ဆုံးဖြတ်ချက်ကို လိုက်နာပြီး လိုအပ်တဲ့ ကိုင်တွယ် ဖြေရှင်းမှုတွေကို လျင်လျင်မြန်မြန်နဲ့ ထိထိရောက်ရောက် လုပ်သွားမယ်လို့လည်း ပြောပါတယ်။ အမေရိကန်နည်းပညာ ကုမ္ပဏီကြီးဖြစ်တဲ့ Meta ဟာ အွန်လိုင်း ကြော်ငြာ ဝန်ဆောင်မှု စာမျက်နှာ Facebook Marketplace နဲ့ ပုဂ္ဂိုလ်ရေး ဆိုရှယ်စာမျက်နှာ တို့ကို တပေါင်းတည်းထားပြီး အွန်လိုင်းဈေးကွက်မှာ မတရားသဖြင့် အမြတ်ထုတ်နေတယ်လို့ ဥရောပ ကော်မရှင်က စွပ်စွဲခဲ့ပြီး ၂ နှစ်အကြာမှာ အခုလို ဒေါ်လာ သန်း ရာနဲ့ချီ ဒဏ်ခတ်လိုက်တာ ဖြစ်ပါတယ်။

Facebook ဟာ အခုလို အွန်လိုင်းဈေးကွက်မှာ ပြိုင်ဆိုင်မှုကို ဆန့်ကျင်တဲ့လုပ်ရပ်တွေ ကျူးလွန်နေသလား ဆိုတဲ့ စုံစမ်းမှုတွေကိုတော့ ဥရောပကော်မရှင်က ၂၀၂၁ ခုနှစ် ဇွန်လက စလို့ တရားဝင် အမှုဖွင့် စစ်ဆေးလာခဲ့တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဖေ့စ်ဘုတ်- မက်တာကို ဒေါ်လာ သန်း ၈၀၀ ကျော် အီးယူဒဏ်ခတ်