ယူကရိန်းအရေး ကန်- ရုရှား ညှိနှိုင်းပွဲမှာ ချန်လှပ်ခံရမှု ဥရောပခေါင်းဆောင်တွေ ဆွေးနွေး

Elysee နန်းတော််တွင် ဆွေးနွေးပြီးနောက် တွေ့ရသည့် ပြင်သစ်သမ္မတ Emmanuel Macron (လယ်)၊ ဥရောပကောင်စီဥက္ကဋ္ဌ Antonio Costa (ဝဲ) နှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen (ယာ)။ (၁၇ ဖေဖော်ဝါရီ ၂၀၂၅) (Reuters)

Elysee နန်းတော််တွင် ဆွေးနွေးပြီးနောက် တွေ့ရသည့် ပြင်သစ်သမ္မတ Emmanuel Macron (လယ်)၊ ဥရောပကောင်စီဥက္ကဋ္ဌ Antonio Costa (ဝဲ) နှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen (ယာ)။ (၁၇ ဖေဖော်ဝါရီ ၂၀၂၅) (Reuters)

အမေရိကန်က တွန်းနေပြီး ဥရောပကို ချန်ထားတော့မယ့်အသွင်ရှိတဲ့ ရုရှား-ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ဥရောပ အရေးပေါ် အစည်းဝေးတရပ်ကို ပြင်သစ်သမ္မတ Emmanuel Macron က အိမ်ရှင်အဖြစ် ကမကထပြုပြီး တနင်္လာနေ့မှာ ကျင်းပခဲ့ကြပါတယ်။

ဗြိတိန်၊ ဂျာမနီ၊ အီတလီ၊ ပိုလန်၊ စပိန်၊ နယ်သာလန်၊ ဒိန်းမတ်နိုင်ငံတို့က ခေါင်းဆောင်တွေနဲ့အတူ မြောက်အတ္တလန်တိတ် စစ်ရေးစာချုပ်အဖွဲ့ (NATO) အကြီးအကဲ မာ့က် ရူသာ၊ ဥရောပကောင်စီ ဥက္ကဋ္ဌ အန်တိုနီယို ကော့်စ်တာနဲ့ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါ လီယန်တို့ဟာ ပါရီမြို့ကို တနင်္လာနေ့က ရောက်ရှိလာကြပါတယ်။

von der Leyen က ပါရီကို ရောက်ပြီးတဲ့နောက် "ဥရောပလုံခြုံရေးက အလှည့်အပြောင်းကို ရောက်နေပါပြီ၊ ယူကရိန်းအကြောင်းဖြစ်သလို ကျမတို့အကြောင်းလည်း ဖြစ်ပါတယ်။ ကျမတို့မှာ အရေးပေါ် အလျင်အမြန် လုပ်တတ်တဲ့စိတ်ဓာတ် လိုပါတယ်။ ကာကွယ်ရေး မြင့်တက်လာဖို့ လိုပါတယ်။ နှစ်ခုစလုံး အခု လိုနေပါတယ်" လို့ X လူမှုစာမျက်နှာပေါ်မှာ ရေးပါတယ်။

အမေရိကန်တပ်တွေကို ဥရောပကနေ ပြန်ရုပ်သိမ်းသွားပြီး ယူကရိန်းကျူးကျော်တဲ့ ရုရှားစစ်ကို ရုရှားဘက် အကဲသာ အဆုံးသတ်မှာကိုလည်း ဥရောပခေါင်းဆောင်တွေက စိုးရိမ်နေကြပါတယ်။

ဆော်ဒီအာရေးဗျမှာ ဆွေးနွေးတာဟာ ထရမ့်နဲ့ ပူတင် ပြောခဲ့တာရဲ့ အဆက်ဖြစ်ပြီး ဆွေးနွေးညှိုနှိုင်းပွဲ ဆက်သွားမှာမျိုး ဒါမှမဟုတ် အသေးစိတ် ဆွေးနွေးကြတော့မယ့် အဖြစ်လို့တော့ မမြင်သင့်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Tammy Bruce က ပြောပါတယ်။

တနင်္လာနေ့မှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုဟာ ဆော်ဒီအာရေးဗျနိုင်ငံကို ရောက်ရှိနေပြီး အင်္ဂါနေ့မှာ ရုရှားတာဝန်ရှိသူတွေနဲ့ ယူကရိန်း-ရုရှား စစ်ပွဲအကြောင်း ဆွေးနွေးကြမှာပါ။ ရူဘီအိုနဲ့အတူ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး Mike Waltz၊ အရှေ့အလယ်ပိုင်း သံတမန် Steve Witkoff တို့လည်း ရောက်ရှိနေကြပါတယ်။

Your browser doesn’t support HTML5

ယူကရိန်းအရေး ကန်- ရုရှား ညှိနှိုင်းပွဲမှာ ချန်လှပ်ခံရမှု ဥရောပခေါင်းဆောင်တွေ ဆွေးနွေး