ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အကြား ဒီကနေ့ တိုက်ပွဲ ၂ နေရာ ဖြစ်ခဲ့ပြီး ၁၉ ရက်နေ့ကလည်း တနေ့တည်း တိုက်ပွဲ ၇ ကြိမ်အထိ ပြင်းထန်ခဲ့ပါတယ်။ အလားတူ ကချင်ပြည်နယ်မှာလည်း ဆွမ်ပရာဘွမ်မြို့နယ်အတွင်း စစ်ကောင်စီတပ်တွေ နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA အကြား တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေပြီး ဆွမ်ပရာဘွမ်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတခုကို KIA က သိမ်းယူခဲ့ပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းက စစ်ရေး အခြေအနေတွေကို ကိုရန်နိုင် က စုစည်း တင်ပြထားပါတယ်။
စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့ အကြား ဇူလိုင်လ နောက်ဆုံးအပတ်က စတင်ပြီး ဒီလ ၁၉ ရက်အထိ တိုက်ပွဲပေါင်း ၅၂ ကြိမ် ဖြစ်ပွားခဲ့ရာမှာ ဒီကနေ့ အထိလည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ လတ်တလော ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်အတွင်း ၂ နေရာမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ TNLA ရဲ့ ပြန်ကြားရေး တာဝန်ခံ ဒုဗိုလ်မှူးကြီး တာ့အိုက်ကျော်က VOA ကို ပြောပါတယ်။
“ ဒီနေ့မှာတော့ နှစ်နေရာပေါ့။ မူဆယ် ဆယ်လန့်ဘက် အခြမ်းရယ်၊ ကွတ်ခိုင် ခိုမုန်းဘက် အခြမ်းရယ်။ ဘက်မှာဖြစ်တယ်လို့ သိရတယ်။ ”
မကြာခဏဆိုသလို နှစ်ဘက်တိုက်ပွဲတွေ ဖြစ်နေတာမှာ ဒီလ ၁၉ ရက်နေ့ကလည်း တရက်တည်းမှာတင် တိုက်ပွဲ ၇ ကြိမ်အထိ ဖြစ်ခဲ့ပြီး လက်နက်အချို့ သိမ်းဆည်းရခဲ့ကြောင်းလည်း သူက ပြောပါတယ်။
“ ၁၉ ရက်နေ့မှာတော့ ၇ကြိမ်ဖြစ်တယ်။ အဓိက ဖြစ်တဲ့နေရာတွေကတော့ မိုးကုတ်မြို့နယ်ရယ်၊ ကွတ်ခိုင်မြို့နယ်ရယ်၊ မူဆယ်မြို့နယ်ရယ် ဒီ ၃ မြို့နယ်မှာဖြစ်တယ်။ အထူးသဖြင့်ကတော့ စကစတွေက ထိုးစစ်ဆင်တိုက်ခိုက်လို့ တိုက်ပွဲဖြစ်ပွားတာရှိတယ်။ တချို့နေရာမှာက စစ်ကူ မပေးနိုင်အောင် ဖြတ်ပြီးတော့ တိုက်တာတို့။ အဲလိုမျိုး အနေအထားတွေတော့ ရှိတော့ ရှိတယ်။ ၁၉ရက်နေ့မှာ မိုးကုတ်ဘက်မှာဖြစ်တဲ့ တိုက်ပွဲမှာတော့ လက်နက် သိမ်းဆည်းရမိတာတွေတော့ ရှိတယ်။”
၁၉ ရက်နေ့ တိုက်ပွဲတွေဟာ မိုးကုတ်မြို့နယ် အထက်ညောင်ကုန်း၊ အောက်ညောင်ကုန်း၊ ကုန်းစံနဲ့ ဖြူရောင်ရွာအနီးမှာ ၅ ကြိမ်၊ မူဆယ်မြို့နယ် ဆိုင်ခေါင်ရွာအနီး တကြိမ်နဲ့ ကွတ်ခိုင်မြို့နယ် ခိုမုန်းရွာအနီး တကြိမ်ဖြစ်ခဲ့ပြီး မိုးကုတ်မြို့နယ်အတွင်းတိုက်ပွဲမှာ သေနတ် ၉ လက်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းခဲ့ကြောင်း TNLA ပြန်ကြားရေး သတင်းစာမျက်နှာမှာ ဖော်ပြပါတယ်။ တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေပြီး ဒီနေ့မှာလည်း မူဆယ်မြို့နယ် ဆယ်လန့်ရွာဘက်မှာ တိုက်ပွဲဖြစ်ခဲ့တဲ့အကြောင်း ဒေသခံတဦးက ပြောပါတယ်။
“အခုပဲ လက်နက်ကြီးနဲ့ ထုနေတာပဲ။ ၂ ရက်၊ ၃ ရက်ရှိပြီ တချိန်လုံး ထုနေတာပဲ။ လွိုင်တေးမိန်း အရှေ့ဘက် တောင်ပေါ်ဘက်ပေါ့။”
ဒီလ ၂၀ ရက်နေ့ နေ့ခင်းပိုင်းက ဆယ်လန့်ရွာအနီး ဆုတောင်းတောင် ဘုန်းကြီးကျောင်းကို လက်နက်ကြီး ကျတာကြောင့် ကျောင်းထိုင်ဆရာတော် ထိခိုက် ဒဏ်ရာရခဲ့ကြောင်းနဲ့ မူဆယ်ဆေးရုံမှာ ဆေးကုသခံနေရကြောင်းလည်း ဒီ ဒေသခံက ပြောပြပါတယ်။
“ဆုတောင်းတောင်ပေါ်မှာတော့ ဆရာတော် တပါးတည်းရှိထားတာ။ မနေ့က ဒီ ကျောင်းဆောင်ပေါ်ကို လက်နက်ကြီး ကျတာပေါ့။ ကျောင်းလည်း စုတ်ပြတ်သွားတာပဲ။ ဆရာတော် ထိတယ်။ ဆရာတော် မူဆယ်ဆေးရုံမှာ အခု။ မနေ့က နေ့လည်လောက်ဖြစ်တာ။”
ဆယ်လန့် ကျေးရွာအနီး တိုက်ပွဲတွေကြောင့် မန့်ကတ်၊ မိုင်းဆတ်၊ နမ့်ကတ်ရွာ ၃ ရွာက ဒေသခံ ၅၀၀လောက်ဟာ စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။
ခုလို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ TNLA အကြား တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေသလိုပဲ ကချင်ပြည်နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ KIA တိုက်ပွဲတွေ ရက်ဆက် ဖြစ်နေပါတယ်။ ဒီလ ၂၀ ရက်နေ့က ပူတာအို -မြစ်ကြီးနားလမ်းက ဆွမ်ပရာဘွမ်မြို့နယ်၊ ဒရူးခကျေးရွာ တံတားမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတခုကို KIA က သိမ်းယူခဲ့ပြီး အထိအခိုက် စာရင်းတော့ မသိရသေးကြောင်း KIO ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ဗွီအိုအေကို ပြောပါတယ်။
“ကျနော်တို့ ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ် ဒရူခ ဆိုတဲ့ တပ်စခန်းကို KIA ဘက်က သိမ်းပိုက်လိုက်တဲ့ဖြစ်စဉ်ပေါ့။ တိုက်ပွဲရှိပါတယ်။ မနေ့က မနက် မိုးမလင်းတလင်း အချိန်ကနေ နေ့လည် ၁၂ နာရီအထိ ဖြစ်တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ စခန်းကတော့ KIA ဘက်ကနေ သိမ်းတာ ဖြစ်ပါတယ်။ စခန်းတောင်မှ လက်လွှတ်တယ်ဆိုတော့ စကစ ဘက်ကလည်း အတော်တော့ အထိနာမယ် ထင်ပါတယ်။ ဒါပေမဲ့ ကိန်းဂဏန်းနဲ့ ဘာနဲ့တော့ မရပါဘူး။”
ဒေသတွင်းသတင်းမီဒီယာတွေမှာတော့ စစ်ကောင်စီတပ်က ၁၀ ဦးကျော်နဲ့ KIA ဘက်က ၂ ဦး ကျဆုံးကြောင်း၊ KIA က လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိကြောင်း ဖော်ပြထားပြီး VOA အနေနဲ့တော့ သီးခြားအတည် မပြုနိုင်သေးပါဘူး။ တိုက်ပွဲ ဖြစ်ပွားရာ ဒရူခ ကျေးရွာက ပြည်သူတွေကတော့ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရပြီး ပူတာအို- မြစ်ကြီးနား ကားလမ်းလည်း အသွားအလာ ပိတ်ထားတယ်လို့ ဆွမ်ပရာဘွမ် ဒေသခံတဦးက ပြောပါတယ်။
“ဆွမ်ပရာဘွမ် မြို့ပေါ်ကနဲ့တော့ နည်းနည်းဝေးတယ်။ တိုက်ပွဲဖြစ်တဲ့နေရာက၊ တရမ်ဇွပ်အပေါ်က။ တရမ်ဇွပ်ကနေ မိုင် ၂၀ လောက်ရှိတယ်။ ဒရူခ ကျေးရွာပေ့ါ။ ရွာက လူတွေက အကုန်လုံးထွက်ပြေးတယ်လို့တော့ ပြောတာပဲလေ။ အိမ်ခြေ ၂၀ ကျော်လောက် ရှိတယ်။ ကားလမ်းတော့ ပိတ်ထားတယ်။ ကား အဆင်းရော အတက်ရော ပိတ်ထားတယ်။”
ဒီရက်ပိုင်းအတွင်း ဖားကန့်၊ တနိုင်းနဲ့ ဝိုင်းမော်မြို့နယ်အတွင်းမှာလည်း တိုက်ပွဲ ဖြစ်ပွားတာတွေ ရှိသလို ရွှေကူမြို့နယ် ဧရာဝတီမြစ်ကြောင်း မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
Your browser doesn’t support HTML5