ကျောက်ကြီးနဲ့မုန်းမှာ လက်နက်ကြီးကြောင့် အရပ်သားသေဆုံးမှု KNU ထုတ်ပြန်

ကျောက်ကြီးမြို့နယ် တိုက်ပွဲအတွင်းက စစ်ဘေးရှောင် ဒုက္ခသည်များရဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့မုန်းမြို့နယ်တွေမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်တာ၊ လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဇွန်လတလတည်းအတွင်း အရပ်သားပြည်သူတဒါဇင်ကျော်သေဆုံးခဲ့ရတယ်လို့ ကေအန်ယူတပ်မဟာ (၃) တာဝန်ရှိသူတွေကဆိုပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့မုန်းမြို့နယ်တွေမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်တာ၊ လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဇွန်လထဲမှာ လူတဒါဇင်ကျော် သေဆုံးခဲ့တယ်လို့ ကေအန်ယူတပ်မဟာ ၃ နယ်မြေ ကျောက်ကြီးမြို့နယ်တာဝန်ရှိသူတွေက ဆိုပါတယ်။ ဒေသခံတွေကတော့ ကျောက်ကြီးနဲ့မုန်းမြို့နယ်တွေမှာ သေဆုံးသူတွေက တလအတွင်း ၂၀ နီးပါးရှိတယ်လို့ ပြောပါတယ်။

"ကျောက်ကြီးထဲမှာပဲ ၁၀ ယောက်ကျော်သေတယ်။ တိုက်ပွဲလည်းမဖြစ်ဘဲနဲ့ ရွာထဲကိုလက်နက်ကြီးနဲ့ထုထည့်နေတာပဲ။ စစ်တောင်းမြစ်ရဲ့အနောက်ဘက်ကမ်း ဖြူးမြို့နယ်အနီးတဝိုက်ကျေးရွာတွေလည်းပါတယ်။ မုန်းမြို့နယ်ထဲမှာတော့ နောင်ချိုကျေးရွာထဲမှာ ၂ ယောက်သေတယ်။အဲဒါကလည်းဇွန်လထဲမှာပဲ။"

တိုက်ပွဲမရှိဘဲ လက်နက်ကြီးတွေ နေ့တိုင်းပစ်နေတာကြောင့် ရွာအနီးတဝိုက်မှာ လုပ်ကိုင်စားသောက်လို့လည်းမရကြောင်းနဲ့ အမြဲတမ်းစစ်ဘေးရှောင်နေရတယ်လို့လည်းပြောကြပါတယ်။ အခုဆိုရင် စစ်ကောင်စီတပ်တွေဟာ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေဆက်တိုက်လုပ်နေတယ်လို့လည်း ပြောပါတယ်။

"အဓိက ထုတာကတော့ ခလရ ၂၆၄ က နေ့စဉ်ထုတယ်။ ခလရ ၆၀ တို့၊ ခမရ ၃၀၇ တို့၊ ခမရ ၂၀ တို့က တိုက်ပွဲလည်းမဖြစ်ဘဲနဲ့ လက်နက်ကြီးနဲ့ ရွာတွေထဲပဲပစ်နေတယ်။ အဲဒီတော့ ရွာသားတွေလည်းသေကုန်တော့ ရွာထဲလည်းမနေရဲတော့ဘူး။ သေတဲ့သူလည်းသေကုန်တယ်။ ကျောက်ကြီးအရှေ့ဘက်ခြမ်း၊ အနောက်ခြမ်းကပြည်သူတွေအကုန်လုံး တိမ်းရှောင်နေကြရတယ်။"

အဲဒီတပ်တွေက လက်နက်ကြီးအလုံးရေ ၁၀၀ ကျော်ပစ်ခတ်တာကြောင့် ဒေသခံတွေသေဆုံးရတာဖြစ်တယ်လို့လည်း ကေအန်ယူကတော့ ဆိုပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာ ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီရဲ့ တပ်စခန်း ၁၀ ခုထက်မနည်း လက်လွှတ်ဆုံးရှုံးခဲ့ရတာကြောင့် တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ အဲဒီဒေသမှာ နှစ်ဘက်တိုက်ပွဲတွေကြောင့်ကော စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့်ပါ ဒေသခံပြည်သူတွေ ရွာလုံးကျွတ်ထွက်ပြေးနေရသလို ၃ နှစ်အတွင်းမှာ စစ်ဘေးရှောင်ပြည်သူ ၄ သိန်း ၉ သောင်းကျော်ထိ ရှိလာခဲ့ပါတယ်ရှင်။

Your browser doesn’t support HTML5

ကျောက်ကြီးနဲ့မုန်းမှာ လက်နက်ကြီးကြောင့် အရပ်သားသေဆုံးမှု KNU ထုတ်ပြန်