ကရင်နီဒေသရေကြီးမှု ၃၀ ထက်မနည်းသေဆုံး

ကရင်နီဒေသ ရေကြီးရေလျှံမှုကြောင့် ပျက်စီးသေဆုံးရှိခဲ့ (စက်တင်ဘာ ၂၀၂၄)

ကယားပြည်နယ် ကရင်နီဒေသမှာ ရေကြီးမှုကြောင့် သေဆုံးသူ ၃၀ ထက် မနည်းရှိနေပါပြီ။ ဗိုးဗြဲရေကာတာက လွှတ်လိုက်တဲ့ရေတွေကြောင့် ဘီလူးချောင်းတဝိုက် မြို့နယ်တွေမှာ ဆက်လက် ရေလွှမ်းနေပါတယ်။ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်တွေမှာ သီတင်းလေးပတ်နီးပါး ကြာလာတဲ့ ရေဘေးဒဏ်ကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာ၊ အမျိုးသမီးအသုံးအဆောင် စတဲ့ အရေးပေါ်အကူအညီ လိုအပ်နေဆဲဖြစ်တဲ့ အခြေအနေအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို အခြေခံပြီး တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့ကတည်းက ရေလွှမ်းမိုးခဲ့တဲ့ ကရင်နီဒေသက မြို့နယ်အများစုမှာ အခုချိန်ထိ ရေပြန်မကျသေးပါဘူး။ ရေဘေးကြောင့် စက်တင်ဘာလ ၁၉ ရက်နေ့အထိ ရှမ်း-ကရင်နီနယ်စပ်က ဖယ်ခုံမြို့နယ်မှာ လူ ၄ ဦး၊ ဒီးမော့ဆိုမြို့နယ်မှာ လူ ၁၈ ဦး၊ လွိုင်ကော်မြို့နယ်မှာ လူ ၁ဦး၊ ရှားတောမြို့နယ်မှာ ၁ဦး နဲ့ ဘောလခဲမြို့နယ်မှာ ၁ဦး စုစုပေါင်း လူ ၂၇ ဦး သေဆုံးခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ စာရင်းမှာ ဖေါ်ပြထားပါတယ်။

အခုလ နောက်ဆုံးအပတ်ထဲမှာလည်း လွိုင်ကော်မြို့ပေါ်မှာလည်း နောက်ထပ် လူ ၃ ဦး သေဆုံးတယ်လို့ ကရင်နီလူ့အခွင့်အရေး တည်ထောင်သူ ကိုဗညားက ပြောပါတယ်။

“လွိုင်ကော်မြို့ပေါ် ရပ်ကွက်ထဲမှာပေါ့နော် နောက် ၃ ဦးထပ်ဆုံးတယ်လို့ ကျနော်တို့ သိရတယ်ပေါ့နော်။ အရင်တုန်းက data အဟောင်းရယ် ပေါင်းရင် အခု လွိုင်ကော်မြို့က ၃ ဦးကို ပေါင်းလိုက်ရင်တော့ ကျနော်တို့ သေဆုံးစာရင်းလို့ ပြောလို့ရပါတယ်ဟုတ်။”

ကရင်နီဒေသ ရေကြီးရေလျှံမှုကြောင့် ပျက်စီးသေဆုံးရှိခဲ့ (စက်တင်ဘာ ၂၀၂၄)

ရာဂီမုန်တိုင်းဂယက်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ မိုးဗြဲဆည် စိုးရိမ်ရေအမှတ်ရောက်ပြီး ရေလွှတ်လိုက်တဲ့အတွက် ဘီလူးချောင်းတလျှောက်မှာရှိနေတဲ့ မိုးဗြဲ၊ ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့နယ်တွေမှာ ရေလွှမ်းနေတာဖြစ်ပါတယ်။ အခုထက်ထိ ဒေသခံအများစု ဘေးလွှတ်ရာမှာ ပြောင်းရွှေ့နေရတယ်လို့ ကရင်နီဒေသခံတွေက ပြောပြပါတယ်။ ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံဘက်မှာဆိုရင် တစ်ထပ်တိုက်အိမ်တွေ ရေနစ်မြှုပ်ကုန်ပြီလို့လည်း ဆိုပါတယ်။

အခုနောက်ဆုံး နန်းမယ်ခုံက ရေနစ်မြှုပ်မှု အခြေအနေနဲ့ ပတ်သက်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေးဌာနက ဌာနမှူးကြီး ခွံမာတီးယာ က ခုလို ပြောပါတယ်။

“နိုးကိုးအုပ်စုဖြစ်တဲ့ ဒေါပိုကလဲ တို့ နန်းမယ်ခုံဘက်က ဒီ နန်းစခန်းတို့ တလဖ တို့ မောပြာ တို့ ကတော့ ထပ်ပြီးတော့မှ ရေမြှုပ်တာပေါ့လေနော်။ အဲ့ဒီမှာကတော့ အခုကတော့ အကုန်လုံး ရွှေ့ပြောင်းလိုက်ရပြီး၊ အိမ်တွေကလည်း မြှုပ်ကုန်ပြီးလေးပေါ့နော်။ ဒီ တစ်ထပ်တိုက်အိမ်ဆိုရင် မြှုပ်ကုန်ပြီး နှစ်အိမ်ကလည်း သိပ်မရှိတော့ဘူး။ လယ်ကတော့ ဧကတော်တော်များများကတော့ မြှုပ်ကုန်ပြီးပေါ့လေနော်၊ ဆိုတော့နည်းနည်းပါးပါပဲ ကျန်မယ်။”

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့အထိ ကရင်နီဒေသမှာ ရေဘေးကြောင့် အိမ်ခြေ ပေါင်း ၅၀၀၀ ၊ လူဦးရေ ၃သောင်းဝန်းကျင် အရေးပေါ်ပြောင်ရွှေ့ခဲ့ရပါတယ်။

စက်တင်ဘာလ ပထမအပတ်ကနေ ခုချိန်ထိ ကရင်နီဒေသမှာ တောက်လျှောက် ရေကြီးရေလျှံခဲ့ပြီး လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်ထဲမှာ ထပ်မံပြောင်းရွှေ့ နေရတာကြောင့် ရေဘေးဒဏ်ရသူ အရေအတွက်ဟာ ဒီထက်မက များနိုင်တယ်လို့လည်း ခွံမာတီးယာက ဆိုပါတယ်။

ရေဘေးဒဏ်ခံနေရသူတွေအတွက် အခြေခံစားကုန် နဲ့ အကူအညီအမျိုးမျိုး လိုအပ်နေတဲ့အခြေအနေကို ကရင်နီလူ့အခွင့်အရေးတည်ထောင်သူ ကိုဗညားက ခုလို ပြောပါတယ်။

“ရေဘေးရှောင်တွေအတွက် ကျနော်တို့ စားနပ်ရိက္ခာတွေ အဝတ်အစားတွေဖြစ်စေ နောက်ပြီးတော့မှ ဆေးဝါးတွေ ရေကောင်းရေသန့်တွေပေါ့ အဲ့ဒီဟာက နေ့ဓဒူဝလိုအပ်ချက်တော့ ဆက်ဖြစ်နေတယ်ပေ့ါ လိုအပ်ချက်က ဆက်မြင့်နေတယ်ပေ့ါနော်။ အဓက စားနပ်ရိက္ခာပေါ့နော်။ အခက်အခဲတွေ တက်ကြုံနေရတယ်။ နောက်အခြားတဖက်ပေါ့ တဆက်တည်းမှာပဲ ကျနော်တို့ ရွှေ့နေရတာတော့ ဆက်တိုက်ရွှေ့နေရတာ ရှိတယ်ပေါ့နော်။ တခြားနေရာက နေရာထိုင်ခင်း အဆင်ပြေတယ်၊ တခြားနေရာက နေရာထိုင်ခင်းက အမိုးအကာတို့ လိုအပ်ချက်ရှိတယ်။”

ရေဘေးကြောင့် နေအိမ်တွေ ပျက်စီး၊ ရေရှည်သိုလှောင်ထားတဲ့ စားနပ်ရိက္ခာတချို့လည်း ရေထဲမျှော်ပါသွားပါသွားတဲ့အပြင် ဒေသခံတွေ တပိုင်တနိုင် စိုက်ပျိုးထားတဲ့ စပါး၊ ပြောင်း တွေလည်း ရေအောက်ရောက်သွားပါတယ်။ ဒါကြောင့် အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာ၊ အမျိုးသမီးအသုံးအဆောင် စတဲ့ အရေးပေါ်အကူအညီ လိုအပ်နေဆဲဖြစ်ပါတယ်။

ရေဘေးဒဏ်ခံနေရသူတွေအတွက် ကူညီကယ်ဆယ်ရေးနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြောရေဆိုခွင့်ရှိသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို VOA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် စက်ပိတ်ထားပါတယ်။

ကရင်နီပြည်နယ်မှာ ရေဘးသင့်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီကနေ အသေးစိတ်သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။