G7 နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး မြန်မာအကျပ်အတည်း ဆွေးနွေးမည်

G7 ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ဗြိတိန်နိုင်ငံ လီဗာပူးမြို့ကို ရောက်ရှိလာတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ယာ)။ (ဒီဇင်ဘာ ၁၀၊ ၂၀၂၁)

(Zawgyi / Unicode)

ဗြိတိန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံ (G7) နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးအတွင်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကနေ ပေါ်ပေါက်လာတဲ့ အကျပ်အတည်းနဲ့ ပတ်သက်လို့လည်း ဆွေးနွေးကြဖို့ ရှိပါတယ်။

ဗြိတိန်နိုင်ငံ အနောက်မြောက်ပိုင်း၊ လီဗာပူးလ်မြို့မှာ ဒီကနေ့ကစပြီး နှစ်ရက်ကြာကျင်းပမယ့် G7 အစည်းအဝေးအတွင်း ဆွေးနွေးပြောဆိုကြမယ့် ထိပ်တန်းအကြောင်းအရာတွေထဲ ယူကရိန်းနယ်စပ်မှာ ရုရှားက စစ်အင်အား တိုးမြှင့်နေတဲ့ကိစ္စ၊ တရုတ်ကို ဘယ်လိုရင်ဆိုင်ကြမယ်၊ အီရန် နျူကလီးယားအရေး စတာတွေနဲ့အတူ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံ အရေးကိုလည်း ထည့်သွင်းဆွေးနွေးကြမှာပါ။

တနင်္ဂနွေနေ့ အစည်းအဝေးမှာတော့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) နိုင်ငံခြားရေးဝန်ကြီးတွေ ပထမဆုံးအကြိမ်အဖြစ် ပါဝင်တက်ရောက်ကြမှာပါ။ ဒါပေမယ့်လည်း မြန်မာနိုင်ငံက အာဏာသိမ်းစစ်ကောင်စီကို ဖိတ်မှာမဟုတ်ဘူးလို့ ဗြိတိန်အစိုးရက အောက်တိုဘာလမှာ ပြောထားပါတယ်။ ဒါပေမယ့်လည်း လူကိုယ်တိုင်တက်ရောက်ဖို့ ဖိတ်မှာမဟုတ်ဘူးလို့ အဲဒီအချိန်က ပြောခဲ့တာကြောင့် အွန်လိုင်းကတဆင့် တက်နိုင်ခြေရှိတုန်းပဲလို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK က ထောက်ပြခဲ့ပါတယ်။

တောင်ကိုရီးယား၊ သြစတြေးလျ၊ တောင်အာဖရိကနဲ့ အိန္ဒိယနိုင်ငံတို့ကိုလည်း အိမ်ရှင် ဗြိတိန်နိုင်ငံက "ဧည့်သည်တော်" အဖြစ် ဖိတ်ကြားထားပြီး ပါဝင်သူ အတော်များများကတော့ ကိုဗစ်ကပ်ရောဂါနဲ့ Omicron ဗီဇမျိုးကွဲသစ် ပေါ်လာတာကြောင့် အွန်လိုင်းကနေ တက်ကြမှာဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken လည်း G7 အစည်းအဝေး တက်ရောက်နေပြီး ရှေ့သီတင်းပတ်မှာတော့ အာဆီယံဒေသတွင်းက အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေကို သွားဖို့ရှိပါတယ်။

ဝန်ကြီး Blinken ရဲ့ အဲဒီခရီးစဉ်အတွင်း ဆွေးနွေးမယ့် အကြောင်းအရာတွေထဲ မြန်မာ့အရေးလည်း ပါတယ်လို့ နိုင်ငံခြားရေးဌာနက ပြောထားသလို ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေကို လက်ရှိသွားနေတဲ့ နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet ရဲ့ ခရီးစဉ်အတွင်းမှာလည်း မြန်မာ့အရေး ထည့်သွင်းဆွေးနွေးဖို့ ရှိတယ်လို့ နိုင်ငံခြားရေးဌာနက ပြောထားပါတယ်။

Your browser doesn’t support HTML5

G7 နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး မြန်မာအကျပ်အတည်း ဆွေးနွေးမည်

---------------------

(Unicode)






