ဂါဇာအပစ်ရပ်ရေး အဆိုပြုချက်သစ် ကန်သုံးသပ်စိစစ်နေ

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း၊ Khan Younis မြို့တွင်း ပြိုကျနေတဲ့အဆောက်အအုံပျက်တွေကြားကသွားလာနေတဲ့ မော်တော်ယာဥ်တစီး။ (စက်တင်ဘာ ၁၆၊ ၂၀၂၄)

ဂါဇာအပစ်အခတ်ရပ်စဲရေးအတွက် ပြန်စိစစ်ထားတဲ့ အဆိုပြုချက်တရပ်ပြင်ဆင်ဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ဒေသတွင်းအဓိကမိတ်ဖက်တွေ အထူးသဖြင့် အီဂျစ်၊ ကာတာနိုင်ငံတွေနဲ့ ဆက်စပ်ဆောင်ရွက်နေပါတယ်။ အဆိုပြုချက်သစ်ထွက်လာဖို့ ရက်သီတင်းပတ်အတန်ကြာမယ်လို့ ခန့်မှန်းရပြီး အတိအကျ အချိန်သတ်မှတ်ချက်တွေတော့ ထွက်မလာပါဘူး။

အစ္စရေးနဲ့ ဟာမတ်စ်ကြား နောက်ဆုံးသဘောတူညီချက်တရပ်ရလာစေဖို့ အဆိုပြုချက်တရပ်ကို အမြန်ပြင်ဆင်ဆောင်ရွက်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Matthew Miller က သတင်းထောက်တွေကို ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အစ္စရေးဝန်ကြီးချုပ်ဟောင်းလည်းဖြစ်၊ အတိုက်အခံခေါင်းဆောင်လည်းဖြစ်သူ Yair Lapid ကို တနင်္လာနေ့ အစောပိုင်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အစ္စရေးအနေနဲ့ဓါးစာခံတွေပြန်လွတ်ရေးနဲ့ ဂါဇာစစ်အဆုံးသတ်ရေးသဘောတူညီချက်တရပ် လိုအပ်တယ်လို့ Lapid က သတင်းထောက်တွေကို ပြောပါတယ်။

ကုလ လုံခြုံရေးကောင်စီထဲမှာတော့ ဂါဇာဒေသပြန်လည်တည်ဆောက်ရေးနဲ့ လူသားချင်းစာနာကူညီမှုဆိုင်ရာ အကြီးတန်းကုလအရာရှိ Sigrid Kaag က ပါလက်စတိုင်းအရပ်သားတွေအခြေအနေကို တင်ပြခဲ့ပါတယ်။ လူသားစာနာမှုအကျပ်အတည်းကြီးကြောင့် ဂါဇာဒေသဟာ အတော်ကြီးဆိုးဆိုးဝါးဝါးရှိနေပြီး အဲဒီမှာ ချက်ခြင်းပဲ အပစ်အခတ်ရပ်စဲရေး လိုအပ်နေတယ်လို့ ကုလအရာရှိက သတိပေးသွားပါတယ်။

Your browser doesn’t support HTML5

ဂါဇာအပစ်ရပ်ရေး အဆိုပြုချက်သစ် ကန်သုံးသပ်စိစစ်နေ