ဂါဇာအပစ်ရပ်ရေး ဖိအားတိုးပေးဖို့ EU နိုင်ငံခြားရေးအကြီးအကဲတိုက်တွန်း

ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ Josep Borrell ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့က သတင်းစာရှင်းလင်းပွဲ။ (စက်တင်ဘာ ၁၇၊ ၂၀၂၄)

ဂါဇာ အပစ်ရပ်‌သဘောတူညီချက်ရဖို့ အစ္စရေးနဲ့ ဟာမတ်စ်ကို ဖိအားပိုပေးကြဖို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒအကြီးအကဲက အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပါတယ်။

အောက်တိုဘာ ၇ ရက် ဟာမတ်စ်က အစ္စရေးကိုဝင်တိုက်တာ နှစ်ပတ်လည်ဖို့ နီးလာတဲ့အတိုင်း အစ္စရေးဓားစာခံတွေ နဲ့ ဂါဇာလူထုက မစောင့်နိုင်ကြတော့ပါဘူး လို့ ဂျိုးဇက် ဘိုရဲလ်က ပြောပါတယ်။ ပတ်သက်နေသူတွေအားလုံးက သဘောတူညီချက်ရဖို့ နှစ်ဘက်လုံးကို ဖိအားဆက်ပေးကြဖို့ ပဲ ကျနော်ပြောနိုင်ပါတယ်လို့ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမှာ သူက ခုလို ပြောလိုက်တာပါ။ သဘောတူညီချက် မရတဲ့ နေ့တိုင်း၊ ဓားစာခံတွေ ပိုရက်ရှည်ကြာ လူတွေ ပိုသေကြလို့ အဓိပ္ပါယ် ရတယ်လို့လည်း ဘိုရဲလ်က ဆိုပါတယ်။

ဆွေးနွေးပွဲတွေ ဆက်ဖြစ်နေတယ်လို့ ကြားဝင်စေ့စပ်ပေးနေတဲ့ ကာတာနိုင်ငံက အစောပိုင်းက ပြောပါတယ်။ ဒါပေမဲ့ နိုဝင်ဘာမှာ တပတ်ကြာ အပစ်ရပ်ခဲ့တာကလွဲလို့ အစ္စရေးနဲ့ ဟာမတ်စ်ကြား ကာတာ၊ အီဂျစ်နဲ့အမေရိကန်တို့ ကြားဝင်နေတာက မအောင်မြင်သေးပါဘူး။

ဂါဇာရဲ့ အနာဂတ်အရေးကိုလည်း ယူအေအီးနိုင်ငံနဲ့ ဆွေးနွေးခဲ့ကြောင်း ဘိုရဲလ်က ပြောပါတယ်။ အနာဂတ်နိုင်ငံရေး စီမံချက်မရှိဘူးဆိုရင် စစ်က တခါပြီးတခါ ထပ်ကြော့နေတာသာဖြစ်ပြီး ဇာတ်လမ်းက ဒီဇာတ်လမ်းပဲ ဖြစ်နေမှာပါလို့လည်း မစ္စတာ ဂျိုးဇက် ဘိုရဲလ်က ဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကလည်း စစ်စကတည်းက ဒေသတွင်း ၁၀ ကြိမ်မြောက်ခရီးအဖြစ် အီဂျစ်နိုင်ငံကို ၁၆ ရက်နေ့က ရောက်နေပါတယ်။

Your browser doesn’t support HTML5

ဂါဇာအပစ်ရပ်ရေး ဖိအားတိုးပေးဖို့ EU နိုင်ငံခြားရေးအကြီးအကဲတိုက်တွန်း